ဘောစကိုင်းပင်ဖြင့် မြေဆီလွှာထိန်းသိမ်းနည်း

     စားကျက်များကို လွန်ကဲစွာအသုံးပြုခြင်း၊ မီးရှို့မှုလွန်ကဲခြင်း၊ တာဝန်မဲ့အလေအလွှင့် များသော သစ်ခုတ်ခြင်း၊ အလွန်အကျွံစုဆောင်းခြင်းတို့မှ သစ်တောသယံဇာတများကို အလွှဲသုံးခြင်းများပင် ဖြစ်သည်။ ယင်းကိစ္စများ၏ အကျိုးဆက်များအဖြစ် မြေပြိုခြင်း၊ ရေကြီးခြင်း၊ မြေဆီလွှာတိုက်စားခံရခြင်း စသောအကျိုးဆက်များနှင့် ရင်ဆိုင်ရပေသည်။ အဖိုးတန်သော မြေဆီလွှာဖြစ်ပေါ်ရန် နှစ်ပေါင်းရာနှင့်ချီ၍ ကြာခဲ့သော်လည်း ပျက်စီးဆုံးပါးရာတွင် မုန်တိုင်းငယ် တစ်ခုနှင့်ပင် လုံလောက်ပေသည်။ အပူပိုင်းသစ်တောများမှာ မိမိတို့၏စွန့်ပစ်ပစ္စည်းများကို ပြန်လည်စားသုံးခြင်းဖြင့် ရှင်သန်နေကြခြင်း ဖြစ်သည်။ အာဟာရအများစုမှာ မြေဆီလွှာမှရရှိခြင်း မဟုတ်ဘဲ ပုပ်ဆွေးသွားသောအပင်အစိတ်အပိုင်းမျှသာဖြစ်သည်။ အကယ်၍ သစ်ပင်တစ်ပင် ခုတ်လှဲခံရပါက သို့မဟုတ် မီးရှို့ဖျက်စီးခံရပါက ထိုနေရာမှ အကာအကွယ်မဲ့ဖြစ်သွားပြီး မြေဆီလွှာနှင့်အပင်အာဟာရများ ဆုံးပါးရတော့သည်။ ထို့သို့ ပျက်စီးသွားပြီးသော သစ်တောနေရာ များတွင် အမြစ်အဖွဲ့အစည်းရှည်သော ကြီးထွားလွယ်သော အခြေချစွမ်းရည်ကောင်းသော ဘောစကိုင်းပင်များကို ပြန်လည်စိုက်ပျိုးခြင်းအားဖြင့် လျင်မြန်စွာပြန်လည်အသက်ဝင်လာပြီး ပုံမှန်သစ်တောအဖြစ် ရှင်သန်သွားနိုင်သည်။ ဘောစကိုင်းပင်သည် စင်စစ်အားဖြင့် မြေသြဇာပင် ဖြစ်သည်။ အပူပိုင်းဒေသ၏ မြင့်သောအပူချိန် ၊ အစိုဓာတ်များသော မြေဆီလွှာ၊ အရွက်၏အရွက် သေးငယ်ခြင်းတို့မှာ လျင်မြန်စွာ ဆွေးစေခြင်း၏အကြောင်းအရင်းများ ဖြစ်သည်။ မြေသို့ကျပြီး (၂)ပတ်အတွင်း အပင်များစားသုံးနိုင်သော အခြေအနေသို့ရောက်လာသည်။ ဘောစကိုင်းအရွက်တွင် နိုင်ထရိုဂျင်ဓာတ်(၄)ရာခိုင်နှုန်းပါဝင်သည်။ ဘောစကိုင်းစိုက်ခင်း တစ်ဟက်တာမှ တစ်နှစ်ကာလ အတွင်း နိုက်ထရိုဂျင်ကီလို(၅၀၀)မှ (၆၀၀)ရရှိနိုင်သည်။ ဘောစကိုင်းအရွက်ကို မြေသြဇာအဖြစ် အသုံးပြုသော ပြောင်းစိုက်ခင်းမှာ ဓာတ်မြေသြဇာများ အသုံးပြုသကဲ့သို့ပင် အထွက်နှုန်း ကောင်းသည်။ ပြောင်းစေ့တစ်တန်ပိုထွက်ရန် ဘောစကိုင်းရွက်ခြောက်အလေးချိန် တစ်တန်သုံးရန် လိုအပ်သည်။ ထိုအလေးချိန်မှာ အစိုအလေးချိန်(၄)တန်နှင့်ညီမျှသည်။ ဘောစကိုင်းတစ်ဟက်တာ စိုက်ခင်းမှ တစ်နှစ်အတွင်းရရှိသော အရွက်များ၏ နိုင်ထရိုဂျင်တန်ဖိုးမှာ အမိုနီယမ်ဆာလ်ဖိတ် တစ်တန်နှင့် ညီမျှပေသည်။

          ဘောစကိုင်းအရွက်မှာ သဘာဝအလျောက် “ရွက်စိမ်းမြေသြဇာ” ဖြစ်လျက်ရှိသည်။ တစ်ဟက်တာအတွင်း အပင်တစ်သောင်းမှ နှစ်စဥ်အရွက်ခြောက်အလေးချိန်(၈.၅)တန်ဖြစ်ပြီး နိုက်ထရိုဂျင်ဓာတ် (၁၀၀)ကီလိုနှင့်ညီမျှသည်။ တိရိစ္ဆာန်ချေးများကဲ့သို့ပင် မြေသြဇာကောင်းသည်။ နိုက်ထရိုဂျင်ဓာတ်ကို ဆုံးပါးစေသော အဏုဇီဝရုပ်များ မြေဆီလွှာအတွင်းရှိသောအပင်အတွက် အာဟာရများထောက်ပံ့နိုင်သည်။ ဘောစကိုင်းအမြစ်များသည် မြေ၏အနက်ပိုင်းမှ မီးစုန်းနှင့်ပိုတက် ဆီယမ်များကို အပင်အတွက်စုပ်ပေးသည်။ မြေတစ်ဟက်တာမှ တစ်နှစ်ကာလအတွင်းကြွေကျသော ဘောစကိုင်းအရွက်များတွင် မီးစုန်း(၄၄)ကီလိုနှင့် ပိုတက်ဆီယမ်(၁၈၇)ကီလိုပါဝင်သည်။ ထို့ပြင် ထုံးဓာတ်နှင့် အခြားအနည်းလိုဓာတ်စင်များလည်း ပါဝင်ပါသည်။

DOCA(ပဲခူး)