ခန်းတောက်ပင်၏ အသုံးဝင်ပုံနှင့် ဆေးဖက်ဝင်ပုံများ
ခန်းတောက်ပင်သည် မြန်မာနိုင်ငံ၏ မြောက်ဖျားဒေသတွင် ပေါက်ရောက်သော ရှားပါးဆေး ဖက်ဝင်အပင်ဖြစ်ပြီး၊ အထူးသဖြင့် ၎င်း၏ ရွှေဝါရောင်အမြစ် (Golden thread) ကို ရိုးရာဆေး ပညာတွင် ရာစုနှစ်များစွာ အသုံးပြုခဲ့ကြသည်။ ဟိမဝန္တာတောင်တန်း၊ အိန္ဒိယမြောက်ပိုင်း၊ တရုတ် ၏ ယူနန်ပြည်နယ်တို့တွင် အများဆုံးတွေ့ရှိရပြီး မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်မြောက်ဖျား တောင်တန်းများပေါ်တွင် တွေ့ရလေ့ရှိသည်။ ဆီးနှင်းဖုံးသော အေးမြသည့်ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းရှင်သန်သည်။ ခန်းတောက်ပင်သည် အမြင့် ၆–၁၀ လက်မခန့်သာ ရှိ၍ မြေပေါ်ပင်စည်မရှိ၊ အမြစ်မှာ ၁–၃ လက်မအထိရှည်ပြီး အတွင်းသား ရွှေဝါရောင်ရှိသည်။
ခန်းတောက်မြစ်တွင် Berberine ဓာတ်သည် အဓိက ဆေးဖက်ဝင်အာနိသင်ကို ပေးပြီး၊ ပါဝင် မှုနှုန်း ၇.၁% မှ ၁၄% အထိ ရှိသည် ။ အခြားဓာတ်များမှာ Coptisine, Palmatine, Jatrorhizine တို့ ဖြစ်သည်။ Berberine ဓာတ်သည် ဘက်တီးရီးယားများကို တိုက်ဖျက်ခြင်း၊ အနာအကျက်မြန်ခြင်း၊ ရောင်ရမ်းမှုလျော့ခြင်း၊ Coptisineဓာတ်သည် အသည်းအားကောင်းစေခြင်း၊ Palmatine ဓာတ်သည် ကိုယ်ခံအားမြှင့်တင်ခြင်းအာနိသင်များ ရှိသည်။ ငှက်ဖျား၊ တုပ်ကွေး၊ ရက်ကြာဖျားရောဂါများအတွက် အဖျားကို လျင်မြန်စွာကျစေနိုင်သည်။ မျက်စိနာခြင်းအတွက် အမြစ်ကိုခပ်ပျစ်ပျစ်သွေး၍ မျက်စိ ပတ်ပတ်လည်တွင် လိမ်းပေးပါ။ ဒဏ်ရာရောင်ရမ်းခြင်းများကို သွေး၍လိမ်းပေးပါက အနာကျက်မြန် စေပြီး ပိုးဝင်မှုကို ကာကွယ်ပေးသည်။ ကချင်ပြည်နယ်တွင် ခန်းတောက်မြစ်ကို အခြားဆေးဖက်ဝင် အပင်များ (ဂျင်စင်း၊မရှော့)နှင့် ပေါင်းစပ်၍ တိုင်းရင်းဆေးဝါး ၃၅ မျိုးခန့်ထုတ်လုပ်လျက်ရှိသည်။ ထင်ရှားသော ထုတ်ကုန်များမှာ အဆုတ်ရောဂါသောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ လေနိုင်ဆေး၊ ဒူလာဆေး။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် အလွန်ခါးသောအရသာရှိ၍ အလွန်အကျွံသုံးပါက အစာအိမ်ပြဿနာဖြစ်နိုင်သည်။ ရှားပါးမှုအခြေအနေနှင့် အလွန်အကျွံခူးဆွတ်မှုတို့ကြောင့် မျိုးတုန်း မှုအန္တရာယ်ရှိသည်။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တွင် ဆေးဖက်ဝင်အပင်အဖြစ် မှတ်တမ်းတင် ကာ ကာကွယ်ထားသည်။
ခန်းတောက်ပင်သည် ရွှေဝါမြစ်အဖြစ် ကမ္ဘာတွင်လည်း လူသိများသောဆေးဖက်ဝင်အပင် ဖြစ်ပြီး၊ ရိုးရာဆေးပညာနှင့်ခေတ်ပေါ်တိုင်းရင်းဆေးဝါးများတွင် အရေးပါသည့်နေရာမှ ပါဝင်နေ သည်။ သို့သော် ၎င်း၏ ရေရှည်တည်တံ့မှုအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းမှ ပူးပေါင်းထိန်းသိမ်းရန် လိုအပ်ပါကြောင်း လေ့လာဖတ်ရှူ့သိရှိရပါသည်။
DOCA(မန္တလေး)
- Log in to post comments

















