ပခုက္ကူဈေးကွက်တွင် အောက်တိုဘာလအတွင်း ကုလားပဲဈေးနှုန်းများ အကျဘက်သို့ ဦးတည်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ အရောင်းအဝယ်ဖြစ်နေသော ကုလားပဲ ဈေးနှုန်းမှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ကုလားပဲ(929)တစ်တင်း(၁၉) ပိဿာ လျှင်(၇၉၈၀၀)၊ ကုလားပဲလုံးဖြူ(V6)တစ်တင်းလျှင် ကျပ်(၈၃၀၀၀) ဈေးဖြစ်သည်။ ယခင်လ (စက်တင်ဘာလ)တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းမှာ ကုလားပဲ(929)တစ်တင်းလျှင် ကျပ်(၈၂၀၀၀)၊ ကုလားပဲ(V6 )တစ်တင်းလျှင် ကျပ်(၈၄၀၀၀)ဈေးပေါက်ခဲ့သဖြင့် ယခင်လနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကုလားပဲတစ်တင်းလျှင် ကျပ်(၁၀၀၀-၂၂၀၀)ခန့် ဈေးနှုန်း အနည်းငယ်ကျဆင်းသွားသည်ကိုတွေ့ရ သည်။ ဈေးကွက်သုံးသပ်ချက် ကုလားပဲသည် ပြည်တွင်းစားသုံးမှုအပြင် အဓိကပြည်ပဈေးကွက် (အိန္ဒိယနိုင်ငံ)သို့ တင်ပို့ နေသောပဲအမျိုးအစားဖြစ်သည်။ ပြည်ပဈေးကွက်ဝယ်လိုအား အားနည်းနေခြင်း၊ ကုန်သည်များက ဈေးကွက်အတွင်း စုဆောင်းဝယ်ယူမှုနှေးကွေးနေခြင်း၊ အောက်တိုဘာလသည် မိုးရာသီကုန်၍ ကုလားပဲ အပါအဝင် ဆောင်းသီးနှံများ စိုက်ပျိုးရန် ပြင်ဆင်နေသည့်ကာလဖြစ်၍ လက်ရှိလက်ကျန် ပဲများကို ထိန်းဝယ်နေကြခြင်းတို့ကြောင့် ဈေးကွက်အတွင်း ကုလားပဲဈေးနှုန်းများ အကျဘက်သို့ ဦးတည်နေ ခြင်းဖြစ်သည်။ ဈေးကွက်အလားအလာ လမည့်ကာလ ကုလားပဲဈေးကွက်အလားအလာမှာ လက်ရှိ စက်တင်ဘာလနှင့်အောက်တိုဘာလ အတွင်း ဖြစ်ပေါ်နေသော ဈေးကျဆင်းမှုအခြေအနေမှသည် ဆောင်းသီးနှံအသစ်များ မပေါ်မီ ကာလအထိ ဈေးနှုန်းသိသိသာသာ ခုန်တက်ရန်မရှိဘဲ တည်ငြိမ်မှု (သို့မဟုတ်) အနည်းငယ်ပြန်တက် နိုင်သည်။ မတ်ပဲနှင့် ပဲစင်းငုံကဲ့သို့ ပြည်ပအဝယ်တစ်ခုတည်းအပေါ်လုံးဝမှီခိုနေရခြင်း မဟုတ်ဘဲ ပြည်တွင်း၌ ပဲကြော်၊ ပဲခြမ်းနှင့်အခြေခံစားသောက်ကုန် လုပ်ငန်းများအတွက် ပြည်တွင်းစားသုံးမှု ဝယ်လိုအားခိုင်မာ စွာရှိနေသောကြောင့် ပြည်ပဝယ်လိုအား မည်မျှပင်အေးနေပါစေ ဈေးကွက်ပျက် မသွားဘဲ ဈေးတန်း တစ်ခုတွင် ခိုင်မာစွာရပ်တည်နိုင်လိမ့်မည်ဟု ကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။ DOCA(မကွေး)

















