ပခုက္ကူမြို့၏ သကြားပြောင်းဖူး ဈေးနှုန်းအခြေအနေ
သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာအဖြစ် အမယ်မျိုးစုံပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ ရာသီအလိုက် သီးထပ် စိုက်ပျိုးလျက် ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့လည်း သကြားပြောင်းဖူး စိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများအပြင် မြစ်ခြေ၊ ကမ္မမြို့များနှင့် အခြားမြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက် ညဉ့်၊ အောက်ညဉ့် ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအောက်တိုဘာလ (စတုတ္ထပတ်)တွင် ဈေးကွက်သို့ သကြားပြောင်းဖူးများ ဝင်ရောက်မှုနည်းပါး၍ ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြောင်းဖူးသီးနှံကို ဝယ်ယူစားသုံးမှု များကြောင်း သိရှိရသည်။
သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ပြောင်းဖူး အရွယ်အစား၊ အစေ့အကြီးအသေး အောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်၍ သကြားပြောင်းဖူးစိမ်း တစ်ဖူးလျှင် လက်ကားဈေး ကျပ်(၅၀၀-၆၅၀)၊ (တတိယပတ်)တွင် ပြောင်းဖူး အရွယ် အစား၊ အစေ့အကြီးအသေး အောင်မြင်မှုအပေါ်မူတည်၍ လက်ကားဈေး ကျပ်(၆၀၀-၇၀၀)၊ လက်လီဈေး တစ်ဖူးလျှင် ကျပ်(၈၀၀-၉၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်(ပထမပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက သကြားပြောင်းဖူး တစ်ဖူးလျှင် ကျပ်(၁၀၀)ခန့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ခင်းများမှ သီးနှံလှိုင်လှိုင် ပေါ်ချိန် မဟုတ်၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြောင်းဖူးသည် လူ့ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် နေ့စဉ် အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက် ဆိုင်များ၊ အကြော်ဆိုင်များ၊ အသုပ်မျိုးစုံဆိုင်များမှ ဝယ်ယူမှုများ ကြောင်းသိရှိရပါသည်။
DOCA(မကွေး)

















