မအူပင်မြို့နယ်၌ လမ်းဘေးဈေးသည်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

 မအူပင်မြို့နယ်အတွင်း လမ်းဘေးဈေးသည်များအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များ ရောင်းချနိုင်ရေးနှင့် သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျရောင်း ချနိုင်ရေး အတွက် လမ်းဘေးဈေးသည်လုပ်ငန်းရှင်များအား အသိပညာပေးသင်တန်းကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ လမ်းဘေးဈေး သည်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ သိကောင်းစရာများ၊ စားသုံးသူများ၏ အခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကို အသိပညာပေးဟောပြောခဲ့သည်။ ထို့အပြင် အစားအသောက်များကို သန့်ရှင်းမှုရှိစွာ ကိုင်တွယ်ရောင်းချရေး၊ အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကိုသာ ရောင်းချရေးနှင့် သက်ဆိုင်ရာစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။အဆိုပါသင်တန်းသို့ လမ်းဘေးဈေးသည်လုပ်ငန်းရှင် စုစုပေါင်း ၅၂ ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူများ၏ ကျန်းမာရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏တာဝန်ဝတ္တရား များကို သိရှိလိုက်နာကာ သန့်ရှင်းသပ်ရပ်၍ စည်းကမ်းနှင့်ညီညွတ်သော ဈေးရောင်းချမှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးခဲ့ကြောင်း သိရသည်။ 

DOCA(ဧရာဝတီ)