ကချင်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၂/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

       ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၂/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက စားအုန်းဆီတင်သွင်းဖြန့်ဖြူး ခြင်းလုပ်ငန်းသည် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ပါကြောင်း ကချင်ပြည်နယ်၏ စားအုန်းဆီ ဖြန့်ဖြူးမှုများကို လစဉ်သတ်မှတ်တန်ချိန် အလိုက် ဖြန့်ဖြူးလျက်ရှိပါကြောင်း၊ ဖြန့်ဖြူးခွင့်ရရှိသည့် စားအုန်းဆီများကို လက်လီအရောင်းဆိုင် များမှတစ်ဆင့် စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် လစဉ်အိမ်ထောင်စုတစ်စုလျှင် ၂ ပိဿာနှုန်းဖြင့် ရောင်းချဖြန့်ဖြူးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မန္တလေး-ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးမှ ကချင်ပြည်နယ်သို့ ကုန်စည်စီးဆင်းမှုများ၊ စားအုန်းဆီကားများရောက်ရှိမှုများသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့သော်လည်း ကချင်ပြည်နယ်တွင် စားအုန်းဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်း အတိုင်း ရောင်းချနိုင်စေရေး၊ မသမာသောနည်းလမ်းများဖြင့် ရောင်းချခြင်းလုပ်ငန်းများမရှိစေရေး စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်အဖွဲ့ဝင်ဌာနများနှင့်အတူ ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ကချင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များ အသင်းအနေဖြင့်လည်း အသင်းသားအချင်းချင်း ထိန်းကျောင်းဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းသည် ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချရေး နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချရေးတို့နှင့် ဆက်စပ်ပြီး နိုင်ငံတော်၏မူဝါဒဖြစ်သည့်အတွက် ကချင်ပြည်နယ် စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် ကချင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့မှ အလေးထားဆောင်ရွက်စေလိုပါကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကချင်ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးက စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ စားအုန်းဆီခွဲတမ်းရရှိခဲ့မှုနှင့် ခရိုင်/ မြို့နယ်အလိုက် ဖြန့်ဖြူးခဲ့သည့်အခြေအနေ၊ ခွဲတမ်းရရှိသော စားအုန်းဆီများ ရောက်ရှိလာပါက ဈေးနှုန်းတွက်ချက်တင်ပြရသည့်အခြေအနေ၊ ရန်ကုန်မှ ကချင်ပြည်နယ်သို့ စားအုန်းဆီများ သယ်ဆောင် ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအ‌ဝေးသို့ တက်ရောက်လာသော အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးအကြံပြု တင်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

DOCA(ကချင်)