မြေပဲစားသုံးခြင်း၏ အကျိုးကျေးဇူးနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေ
မြေပဲသည် မြန်မာနိုင်ငံတွင် လူအများစားသုံးကြသည့် ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး မြေပဲ ဆားလှော်၊ မြေပဲပြုတ်၊ မြေပဲကြော်၊ မြေပဲထောင်းနှင့်မြေပဲယို စသည့်နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ်စားသုံးကြသည့်အပြင် ဟင်းလျာအမျိုးမျိုးတွင်လည်း ထည့်သွင်းအသုံးပြုကြသည်။ ထို့ပြင် စားသုံးဆီထုတ်လုပ်ရာတွင်လည်း အရေးပါသည့်သီးနှံတစ်မျိုးဖြစ်ပါသည်။ မြေပဲတွင် ပရိုတင်းဓာတ်၊ အမျှင်ဓါတ်၊ ဗီတာမင်-E၊ ဗီတာမင်-B အုပ်စုနှင့် မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်စသည့် သတ္တုဓါတ်များပါဝင်သည်။ ပရိုတင်းဓါတ်သည် ခန္ဓာကိုယ်ရှိကြွက်သားနှင့်တစ်ရှူးများတည်ဆောက် ပြုပြင်ရာတွင် အထောက်အကူပြုပြီး အဆီဓါတ်တွင်လည်း နှလုံးကျန်းမာရေးအတွက် အကျိုးပြုနိုင် သည့် မပြည့်ဝဆီများပါဝင်သည်။ မြေပဲတွင်ပါဝင်သော အမျှင်ဓာတ်သည် အစာခြေစနစ် ပုံမှန်လည် ပတ်ရေးနှင့် ဝမ်းမှန်စေရေးအတွက် အထောက်အကူပြုနိုင်သည်။ ဗီတာမင်-E နှင့်အခြားအဟာရ ဓာတ်များသည် ခန္ဓာကိုယ်ဆဲလ်များကို ကာကွယ်ထိန်းသိမ်းရာတွင် အရေးပါပြီး မဂ္ဂနီဆီယမ်ကဲ့သို့ သတ္တုဓါတ်များသည် ကြွက်သားနှင့်အာရုံကြောများ ပုံမှန်လုပ်ဆောင်နိုင်ရေးအတွက် လိုအပ်သည်။
မြေပဲကို နေ့စဉ်စားသုံးရာတွင် ဆားနှင့်ဆီအလွန်အကျွံမပါဝင်သော မြေပဲပြုတ်၊ မြေပဲလှော် တို့ကို သင့်တင့်မျှတစွာ စားသုံးလျှင်ပိုမိုသင့်လျော်ပါသည်။ မြေပဲသည် စွမ်းအင်ပါဝင်မှုမြင့်မားသည့် အတွက် ပမာဏာကို သင့်တင့်မျှတစွာ စားသုံးသင့်ပြီး မြေပဲနှင့် ဓါတ်မတည်သောသူများအနေဖြင့် ရှောင်ကြဉ်ရန်လိုအပ်ပါသည်။ ထို့ကြောင့် မြေပဲသည် အဟာရပြည့်ဝပြီး စားသုံးမှုပုံစံ အမျိုးမျိုး ဖြင့် အသုံးပြုနိုင်သည့် သီးနှံတစ်မျိုးဖြစ်ကာ အစားအစားဖြစ်သာမက စားသုံးဆီထုတ်လုပ်ရေးနှင့် စားသောက်ကုန်လုပ်ငန်းများအတွက်လည်း အရေးပါလျက်ရှိပါသည်။
ထို့ပြင် စားသုံးဆီ(မြေပဲဆီ) ကြိတ်ထုတ်လုပ်ရာမှ ဘေးထွက်ပစ္စည်းအဖြစ်ရရှိလာသည့် မြေပဲ ဖတ်သည်လည်း ပရိုတင်းဓါတ်နှင့်အခြားအဟာရဓါတ်များပါဝင်သည့်အတွက် မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးဝင်လျက်ရှိသည်။ မွေးမြူရေးလုပ်ငန်းတွင် မြေပဲဖတ်ကို နွား၊ ဝက်နှင့် ကြက်စသည့် တိရစ္ဆာန်များအတွက် အစာကုန်ကြမ်းအဖြစ်အသုံးပြုကြသည်။ ပရိုတင်းဓါတ် ပါဝင်မှုကြောင့် တိရစ္ဆာန်အစာတွင် အခြားသင့်လျော်သော အစာကုန်ကြမ်းများနှင့် ရောစပ်အသုံးပြု နိုင်သည်။ သို့သော် တိရစ္ဆာန်အမျိုးအစားနှင့် လိုအပ်ချက်အလိုက် ပမာဏာကိုသင့်တင့်စွာ သတ်မှတ် ပေးရန်လိုသည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် မြေပဲဖတ်ကို သင့်လျော်စွာဆွေးမြေ့အောင်ပြုလုပ်ပြီး အော်ဂဲနစ်မြေဩဇာအဖြစ်အသုံးပြုနိုင်သည်။ မြေဆီလွှာ အတွင်းအော်ဂဲနစ်ပစ္စည်းများ ဖြည့်တင်းပေးနိုင်သည့်အပြင် အပင်များကြီးထွားရေးအတွက် လိုအပ်သော အာဟာရဓါတ်များကို ဖြည့်ဆည်းပေးနိုင်သည်။
မြေပဲဖတ်သည် ဆီကြိတ်စက်လုပ်ငန်းများအတွက် တန်ဖိုးရှိသောဘေးထွက်ပစ္စည်းတစ်မျိုး ဖြစ်ပြီးစနစ်တကျပြန်လည်အသုံးပြုခြင်းဖြင့် စွန့်ပစ်ပစ္စည်းလျော့နည်းစေကာ အပိုဝင်ငွေရရှိစေနိုင် သည်။မြေပဲဖတ်တွင် မှိုတက်ခြင်းနှင့် အာဖလာတောက်ဆင် (Aslatoxin) အဆိပ်ဓါတ်ပါဝင်ခြင်းတို့ ဖြစ်နိုင်သဖြင့် တိရစ္ဆာန်အစာအဖြစ် အသုံးမပြုမီ အရည်အသွေးစစ်ဆေးရန် အရေးကြီးပါသည်။
မြေပဲကို လောပိတကျေးရွာ၊ ဆိုလဆယ်၊ လောကထူး၊ လောဓလေ့ကျေးရွာများတွင် မြေပဲကိုအဓိကထားစိုက်ပျိုးလျက်ရှိပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မြေပဲ(ပေါင်း) စိုက်ဧကမှာ ၅၇၂၃ ဧက၊ ရိတ်ဧကမှာ ၂၃၅ ဧက၊ ၁ ဧကအထွက်နှုန်းမှာ ၄၆.၆၈ တင်းခန့်နှင့် စုစုပေါင်းအထွက်မှာ ၁၀၉၇၀ တင်းခန့်ထွက်ရှိကြောင်း မြေစာရင်းဦးစီးဌာန၏စာရင်းအရ သိရှိရပါ သည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ (၂၃-၁၀-၂၀၂၆)ရက်နေ့ သီရိမင်္ဂလာဈေးတွင် ဖြစ်ပေါ် နေသော မြေပဲဈေးနှုန်းမှာ မြေပဲ(အတောင့်)တစ်ပိဿာလျှင် (၆၀၀၀/-)ကျပ်မှ (၆၅၀၀/-)ကျပ်ကြား၊ မြေပဲ(အဆံ)တစ်ပိဿာလျှင် (၁၄၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လဈေးနှုန်း နှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း မြေပဲရောင်းချသူ ဈေးသည်တစ်ဦး ထံမှ သိရှိရပါသည်။
ဒေသတွင်းထွက်ရှိသည့် မြေပဲများကို ပြည်တွင်းအသုံးပြုမှုများအနေဖြင့် စားသုံးဆီ ကြိတ်ခွဲ ထုတ်လုပ်ခြင်း၊ မုန့်ပဲသားရေစာများပြုလုပ်ရာတွင် အသုံးပြုကြပြီး အခြားဒေသများသို့လည်း တင်ပို့ ရောင်းချလျက်ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့အထိ အခြားဒေသ များသို့တင်ပို့သည့် အရေအတွက်မှာ အိတ် ၁၃၄၇ အိတ်ခန့်ရှိကြောင်း လွိုင်ကော်မြို့ အဝင်/ အထွက် ဂိတ်စာရင်းများအရ သိရှိရပါသည်။ မြေပဲစိုက်ပျိုးရာတွင် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို အသုံးပြု ခြင်းဖြင့် အထွက်နှုန်းကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပြီး တောင်သူလယ်သမားများအတွက် ဝင်ငွေဖန်တီး ပေးနိုင်သောအရေးပါသည့် သီးနှံတစ်မျိုးဖြစ်ပါကြောင်း သုံးသပ်မိပါသည်။
DOCA(ကယား)

















