မအူပင်မြို့နယ်၌ ဒေသတွင်းထုတ်လုပ်သော ရွှေပဲကြော်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဆန်းဝင်းစိုး၏ ရွှေပဲကြော်လုပ်ငန်းသို့ ဈေးကွက်မရောက်မီ ကုန်စည်စစ်ဆေးခြင်းကို မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးက ကွင်းဆင်းစစ်ဆေးခဲ့သည်။ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဒေသတွင်း ထုတ်လုပ်သူလုပ်ငန်းများမှ ထုတ်လုပ်သော ကုန်စည်များကို ဈေးကွက်အတွင်းသို့ မဖြန့်ဖြူးမီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု၊ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်များ၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ စားသုံးသူများ သိရှိသင့်သည့် အချက်အလက်များကို မြန်မာဘာသာဖြင့် ရှင်းလင်းစွာ ဖော်ပြထားမှုရှိ/မရှိနှင့် ထုတ်ကုန်များ၏ အရည်အသွေး၊ သန့်ရှင်းမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အချက်များကို စစ်ဆေးခဲ့သည်။ ထို့အပြင် လုပ်ငန်းရှင်အနေဖြင့် သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်လုပ်ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်နှင့် စားသုံးသူများအတွက် လုံခြုံစိတ်ချရသော ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။ DOCA(ဧရာဝတီ)

















