ဒေသတွင်းထွက်ရှိသောသီးနှံများသိုလှောင်ရာတွင် သီးနှံများလေလွင့်ပျက်စီးမှုမရှိစေရေးနှင့် သိုလှောင်မှုနည်းစနစ်များ သိရှိစေရေး သီးနှံသိုလှောင်မှုနည်းပညာသင်တန်းဖွင့်လှစ်ပို့ချ
နိုင်ငံတော်အနေမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အထူးဖွံ့ဖြိုးရေးဒေသ ခရိုင်(၇)ခုအနက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့ ပါဝင်လျက်ရှိရာ အဆိုပါခရိုင်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်ပံ့ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အဆိုပါခရိုင်(၂)ခုမှ ဒေသတွင်းထွက်ရှိသောသီးနှံများ သိုလှောင်ရာတွင် သီးနှံများ လေလွင့်ပျက်စီးမှုမရှိစေရေးနှင့်သိုလှောင်မှုနည်းစနစ်များသိရှိစေရေးသီးနှံသိုလှောင်မှု နည်းပညာ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို နိုဝင်ဘာ(၁၁)ရက်နေ့ နံနက်(၉)နာရီအချိန်က မိတ္ထီလာမြို့ တော်ဝင်နန်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။ သင်တန်းကို မိတ္ထီလာခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဇေယျက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ ခရိုင်အတွင်းရှိကုန်သည်များ၊ လုပ်ငန်းရှင်များအတွက် ကုန်စည်အရည်အသွေးထိန်းသိမ်းနိုင်စွမ်းမြှင့်တင်နိုင်ရန်၊ ဈေးကွက်ထိုးဖောက်နိုင်စွမ်းမြှင့်တင် နိုင်ရန်၊ ကုန်သည်နှင့်ပွဲစားများအကြား ချိတ်ဆက်မှုနှင့်ညှိနှိုင်းဆောင်ရွက်မှုအားကောင်းလာ စေရန်၊ ခေတ်မှီနည်းပညာနှင့်စံချိန်စံညွှန်းများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ၎င်းနောက်သင်တန်းကို ဆက်လက်ပို့ချခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကုန်ပစ္စည်းစမ်းသပ် စစ်ဆေးရေးနှင့် အရည်အသွေးစီးမံခန့်ခွဲမှုဌာနစု (CTQM)တို့မှ ကျွမ်းကျင်ပညာရှင်များမှ လယ်ယာထွက်ကုန်သီးနှံများ သိုလှောင်မှုနည်းပညာ၊ သိုလှောင်သီးနှံအင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နှင်းနည်းများ၊ သိုလှောင်သီးနှံများနှင့် ပိုးမွားကျရောက်မှု အန္တရာယ်အကြောင်းများကို ဆွေးနွေးပို့ချခဲ့ရာ အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိကုန်သည်များ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)

















