ဝါသီးနှံများ စတင်ခူးစွတ် ဈေးကောင်းရလျက်ရှိ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ပခုက္ကူ-ရေစကြို ကားလမ်း ဘေးဝဲယာရှိ ပခန်းကြီး၊ မြေဖြူ၊ စည်သာ၊ ဆင်ချောင်း ကျေးရွာများမှာ ဇူလိုင်၊ ဩဂုတ်လများတွင် စိုက်ပျိုးခဲ့သည့် ဝါသီးနှံများ စတင်ထွက်ပေါ်သည့်အတွက် ဝါစိုက် တောင်သူသာမက ကျေးရွာနေ ပြည်သူများပါ ဝါစွတ် (ဝါကောက်) ရ၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိနေကြောင်း စည်သာ ကျေးရွာနေ ဝါစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ ဝါသီးနှံများကို နှမ်း၊ မြေပဲ၊ ပဲတီစိမ်း သီးနှံခင်းများတွင် ကြားညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့် စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြပါသည်။ မျိုးများအနေဖြင့် ဒေသမျိုး၊ ငွေချည်-၉၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါများကို ဇူလိုင်/ ဩဂုတ်လများတွင် စတင်စိုက်ပျိုးကြကြောင်း၊ စည်သာကျေးရွာအုပ်စု တွင် ဝါသီးနှံ ဧက (၁၀၀) ခန့် စိုက်ပျိုးထားကြောင်း၊ မိမိအနေဖြင့် ယခုနှစ်တွင် (၃) ဧက စိုက်ပျိုးထား ရှိကြောင်း၊ (၁)ဧက အနေဖြင့် မျိုးစေ့ (၇)ပိဿာခန့် ကုန်ကျပြီး ထွန်ယက်ခ၊ မျိုး၊ စိုက်စရိတ်၊ သွင်း အားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်း တို့အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂)သိန်းခန့် ကုန်ကျပြီး အထွက် နှုန်းအနေဖြင့် (၁) ဧကလျှင် (၂၀၀ မှ ၃၀၀) ပိဿာ ထွက်ရှိနိုင်ကြောင်း၊ လက်ရှိ (၁) ပိဿာလျှင် ကျပ်(၄၇၀၀ မှ ၄၈၀၀)ခန့် ပေါက်ဈေးရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်(၇)သိန်း ခန့်ရရှိနိုင်ကြောင်း သိရှိရပါသည်။
ဝါသီးနှံကို ယခုလက်ရှိ မိမိအနေဖြင့် ဇူလိုင်လတွင် စတင်စိုက်ပျိုးခဲ့သည့် ဝါများကို ပထမ အကြိမ် ဝါစွတ် (ဝါကောက်)ခဲ့ရာ (၉၀)ပိဿာခန့် ရရှိခဲ့ပြီး ဈေးနှုန်းအနေဖြင့် (၁) ပိဿာလျှင် ကျပ်(၄၇၀၀)ဖြင့် ရောင်းချခဲ့ရသည့်အတွက် စိုက်ပျိုးကုန်ကျစရိတ် ထက်ဝက်ကျော် ပြန်လည်ရရှိခဲ့ပြီး ဒုတိယအကြိမ် ဝါစွတ် (ဝါ ကောက်) ခဲ့လျှင် (၁၀၀) ပိဿာခန့် ရရှိနိုင်သည့်အတွက် အကျိုး အမြတ်ရရှိမည်ဖြစ်ပါသည်။ ယခုချိန်တွင် ဝါသီးနှံများ လှိုင်လှိုင်ခူးစွတ်နေရကြောင်း၊ တစ်ရာသီလျှင် (၃) ကြိမ်ခန့် ဝါခူးစွတ်ကောက်ရကြောင်း၊ ယခုနှစ်တွင် ဝါစိုက်တောင်သူများအနေဖြင့် ရာသီဥတု ကောင်းမွန်ပြီး မိုးကောင်းသည့်အတွက် ပိုးမွှားအန္တရာယ်ကျရောက်မှုနည်းသဖြင့် ဝါ အထွက်အနေ ဖြင့်ယခင်နှစ်များထက် ပိုမိုထွက်ရှိနိုင်ကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် ယခင်နှစ်များထက် ကုန်ကျမှု သက်သာကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ပေါ်ရှိ ဝါဒိုင်များသို့ ရောင်းချကြောင်း၊ ထိုမှ တစ်ဆင့် မန္တလေးမြို့သို့ တင်ပို့ကြကြောင်း၊ ဝါစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် (၁)ဧကလျှင် (၃၀၀ မှ ၅၀၀) ပိဿာထိ ထွက်ရှိနိုင်ကြောင်း ခန့်မှန်းကြပြီး လက်ရှိ ဝါဈေးနှုန်း အတိုင်းရောင်းချ ရမည်ဆိုလျှင် အကျိုးအမြတ် ရရှိနိုင်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ DOCA(မကွေး)

















