ရာသီဥတု ခြောက်သွေ့မှုက ဥရောပသမဂ္ဂ၏ ဆီထွက်သီးနှံထွက်ရှိမှုကို ထိခိုက်စေဖွယ်ရှိ
ဥရောပသမဂ္ဂ၏ ဆီထွက်သီးနှံစိုက်ပျိုးမှုသည် ယခင်နှစ်ကထက် ၇ ရာခိုင်နှုန်းခန့်အထိ စိုက်ဧရိယာ တိုးတက်လာမည်ဟု ခန့်မှန်းချက်ရှိသော်လည်း ၂၀၂၆-၂၇ ဈေးကွက်ရာသီနှစ်အတွင်း အထွက်ပမာဏ အနည်းငယ်ကျဆင်းဖွယ်ရှိသည်ဟု အမေရိကန်စိုက်ပျိုးရေးဌာနလက်အောက်ရှိ ပြည်ပလယ်ယာစိုက်ပျိုးရေးဝန်ဆောင်မှုဌာန (FAS) ၏ အစီရင်ခံစာအရ သိရှိရသည်။
အဆိုပါ အစီရင်ခံစာ၌ မကြာသေးမီက ကျယ်ပြန့်စွာဖြစ်ပေါ်လာခဲ့သော ရာသီဥတုပူပြင်း ခြောက်သွေ့မှုသည် ဥရောပသမဂ္ဂ၏ ပဲပုပ်၊ ဆီမုန်ညင်းနှင့် နေကြာ ဆီထွက်သီးနှံများ စိုက်ပျိုးမှု အပေါ် သိသာစွာ သက်ရောက်မှုရှိကြောင်း၊ ဥရောပ အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ကာလရှည်ကြာ ပူပြင်းမှုနှင့် ပြင်းထန်သည့် ရာသီဥတုခြောက်သွေ့မှုတို့ကြောင့် သီးနှံအထွက်ကျ ဆင်းမှု ဖြစ်ပေါ်ခဲ့ပြီး နေရာဒေသအချို့၌ သီးနှံများ လုံးဝ ထိခိုက်ပျက်စီးခြင်း ဖြစ်ပေါ်စေခဲ့ကြောင်း၊ အဓိက ဆီထွက်သီးနှံများအားလုံးတွင် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး ဆီမုန်ညင်းအပေါ် ထိခိုက်မှု အများဆုံးဖြစ်ကြောင်း၊ ဟန်ဂေရီနိုင်ငံ၌မူ နေကြာသီးနှံ ထိခိုက်ပျက်စီးမှု ကြီးမားမည်ဟု ခန့်မှန်းရ ကြောင်း ဖော်ပြထားသည်။
ဥရောပသမဂ္ဂ၏ ဆီထွက်သီးနှံထွက်ရှိနိုင်မှု စုစုပေါင်းသည် တန်ချိန် ၃၂.၂၅ သန်းခန့်ရှိမည် ဟု ခန့်မှန်းထားရာ ယခင်နှစ်ထွက်ရှိမှု ပမာဏအောက် ၁ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်သည်။ ဆီမုန်ညင်း ထွက်ရှိမှုမှာ ၅ ရာခိုင်နှုန်းအထိ ကျဆင်းလျက် တန်ချိန် ၁၉.၇ သန်းရှိမည်ဟု ခန့်မှန်း ထားသည်။ သို့ဖြစ်ရာ ၂၀၂၆-၂၇ ဈေးကွက်ရာသီနှစ်အတွင်း ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန် တင်သွင်းမှု ပမာဏမှာ ၇ ရာခိုင်နှုန်းအထိ မြင့်တက်ဖွယ်ရှိသည်ဟု FAS က ဖော်ပြထားသည်။
မုန်ညင်းဆီနှင့် နေကြာဆီတို့၏ ဈေးနှုန်းများမြင့်တက်မှု ကြီးမားခြင်းနှင့်အတူ နှစ်သက် လိုလားဖွယ်ရှိသော ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းများနှင့် ကြိတ်ခွဲထုတ်လုပ်မှုမှ အကျိုးအမြတ် ရရှိနိုင်ခြေတို့အရ ၂၀၂၆ ခုနှစ် ဧပြီလရှိ ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ပါက ၂၀၂၆-၂၇ ဈေးကွက်နှစ် အတွင်း ဆီကြိတ်ခွဲထုတ်လုပ်မှုမှာ တိုးတက်လာဖွယ်ရှိသည်ဟု FAS က ခန့်မှန်းထားသည်။
Source: World Grain, 20 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















