တောင်ငူမြို့နယ်တွင် သီးထပ်သီးနှံ ဆီထွက်သီးနှံဖြစ်သည့် ပဲပုတ်စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ပေးအပ်
ပဲခူးတိုင်းဒေသကြီ၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ ကျေးရွာများတွင် ဆီထွက်သီးနှံ များတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံစိုက်ပျိုးတောင်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း အားပေးဆောင်ရွက်လျက်ရှိပါသည်။ တောင်ငူမြို့နယ်တွင် ပထဝီအနေအထားအရ စစ်တောင်းမြစ်ကြီး ဖြတ်သန်းစီးဆင်းနေပါသည်။ စစ်တောင်းမြစ်ဘေးရှိ ကျေးရွာများသည် ဆီထွက်သီးနှံဖြစ်သည့် ပဲပုတ်သီးနှံများစိုက်ပျိုးရန်အတွက် သင့်တော်သော ရေခံ/မြေခံကောင်းများ ရှိနေသည်။
တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် စစ်တောင်းမြစ် ဘေးရှိ ကျေးရွာအုပ်စုများဖြစ်သော အရှေ့ဆင်အုပ်စုနှင့် အနောက်ဆင်အုပ်စုတွင် ဆီထွက်သီးနှံ ဖြစ်သည့် ပဲပုတ်စိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးမှ စိုက်ပျိုးရေးနည်းစနစ်များ၊ သွင်းအားစု အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆီထွက်ပဲပုတ် ရေဆင်း-၁၅ မျိုးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဖြန့်ဝေထားသော အနာဂါတ်တွင် အလားအလာကောင်းသည့် မျိုးဖြစ်ပြီး သက်တမ်းအားဖြင့် (၁၀၀-၁၁၅) ရက်ရှိပါသည်။တစ်ဧကလျှင် အထွက်နှုန်းသည် ပျမ်းမျှ(၂၈-၃၀)တင်း ထွက်ရှိ နိုင်ပါသည်။ မိုးရာသီနှင့် စပါးရိတ်သိမ်းပြီးချိန် ကာလများ တွင် သီးထပ်သီးနှံအဖြစ် စိုက်ပျိုးနိုင်ပါသည်။ တိုင်းဒေသကြီး နိုင်ငံ့မြှင့်တင်ရန်ပုံငွေမှ ဆီထွက်သီးနှံပဲပုတ် ရေဆင်း-၁၅ စိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးမည်ဟုလည်း သိရှိရ သည်။ ပဲပုတ်သီးနှံများ ထွက်ရှိလာပါကလည်း ဂွတ်ဘရားသား ကုမ္ပဏီမှဝယ်ယူမည်ဟုလည်း သိရပါသည်။ ဆီးထွက်သီးနှံ ဖြစ်သောကြောင့် ဒေသတွင်း ဆီလိုအပ်ချက်ကိုလည်း ဖြည့်ဆည်း ပေးနိုင်ခြင်း၊ ပဲနို့အဖြစ် အားဖြည့်အချိုရည်အဖြစ် ထုတ်လုပ်ခြင်း၊ ဒေသတွင်း မွေးမြူရေးလုပ်ငန်းများအတွက် အထောက် အကူပြုခြင်းတို့ကြောင့် အလားအလာကောင်းများစွာရှိသော သီးနှံအမျိုးအစားဖြစ်ပါသည်။
DOCA(ပဲခူး)

















