အင်ဒိုနီးရှားအစိုးရက စားအုန်းဆီတင်ပို့မှုကို ၂၀၂၇ ခုနှစ်တွင် အပြည့်အဝထိန်းချုပ်ရေး တွန်းအားပေး ဆောင်ရွက်နေ
ကမ္ဘာ့ အများဆုံး စားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီအခြေပြု ပစ္စည်းတင်ပို့မှုအားလုံးကို နိုင်ငံပိုင်ကုန်သွယ်မှုအဖွဲ့များက ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မတိုင်မီ ထိန်းချုပ်နိုင်မည့် တစ်နှစ်တာ အကူးအပြောင်းကာလ၏ နောက်ဆုံးအကူးအပြောင်းကာလအတွင်း ဖြစ်ပေါ်ကျရောက်လျက်ရှိသည်။ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မတိုင်မီ ယခု အကူးအပြောင်း ကာလသည် ရှေ့လာမည့်လများတွင် အင်ဒိုနီးရှားပို့ကုန်လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် အိန္ဒိယ ကဲ့သို့ တင်သွင်းသူနိုင်ငံများက မည်ကဲ့သို့စီစဉ်ဆောင်ရွက်မည်ကို ပုံဖော်ပေးလျက် ရှိသည်။
မူဝါဒ အကူးအပြောင်းကာလကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန(Permendag) စည်းမျဉ်းအမှတ် ၁၆/၂၀၂၆ ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ ပြီး အစောပိုင်း ၂၀၂၄ ခုနှစ်စည်းမျဉ်းကိုအစားထိုးကာ စားအုန်းဆီကြမ်း(CPO)၊ သန့်စင်ပြီးအရောင်၊ အနံ့ချွတ်ထားသော စားအုန်းဆီ (RBD Palm Olein)၊ အသုံးပြုထားသော ဟင်းချက်ဆီ (used cooking oil) နှင့် စားအုန်းဆီ အကြွင်းကျန်ပစ္စည်းတို့ အကျုံးဝင်သည်။ စည်းမျဉ်းအရ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော်သည်နှင့် တရားဝင်ပို့ကုန်ပါမစ်ကို ကိုင်ဆောင် ထားသည့် နိုင်ငံပိုင်ပို့ကုန်လုပ်ငန်းများကိုသာ ပြည်ပသို့တင်ပို့ခွင့်ပြုမည်ဖြစ်သည်။ ပုဂ္ဂလိကတင်ပို့သူများ အနေဖြင့် အင်ဒိုနီးရှား၏ ပြည်တွင်းစျေးကွက်တွင် စားအုန်းဆီ ရောင်းချပေးမှုအစီအစဉ် (Domestic Market Obligation-DMO) တွင် ပါဝင်ခြင်းဖြင့်ဖြစ်စေ၊ DMO အစီအစဉ်အရ “Minyakita ခေါ် အစိုးရ အထောက်အပံ့ပါဝင်သည့် ဟင်းချက်ဆီ” ပဏာမ အစီအစဉ်တွင် ပါဝင်ခြင်းဖြင့်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ ပို့ကုန်လုပ်ပိုင်ခွင့်များကို သတ်မှတ်ထားသောနိုင်ငံပိုင်လုပ်ငန်းတစ်ခုသို့ တရားဝင်လွှဲပြောင်း ခြင်းဖြင့်ဖြစ်စေ ပို့ကုန်တင်ပို့ခွင့် အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။
အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် သစ်တောထွက်ပစ္စည်းတင်ပို့ ရောင်းချမှုဆိုင်ရာဌာနမှ ခေတ္တညွှန်ကြားရေးမှူး Mr. Bayu Wicaksono Putro က စည်းမျဉ်းသစ်သည် စည်းမျဉ်းချမှတ်၍ ထိန်းချုပ်ထားသော ထုတ်ကုန်စာရင်းကို ပြောင်းလဲမှုမရှိဘဲ ပြည်ပသို့ တင်ပို့မည့် စားအုန်းဆီအတွက် ဖြန့်ဖြူးမှုလမ်းကြောင်းကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကြောင်း ဂျကာတာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ လက်ရှိ ပို့ကုန်လုပ်ငန်းရှင် များအနေဖြင့် ၂၀၂၆ ခုနှစ်၊ နှစ်ကုန်အထိ အကူးအပြောင်းကာလ တစ်လျှောက် လုပ်ငန်းများ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးဌာနက ၎င်း၏ ပထမသုံးလအတွင်း စနစ်သစ်အပေါ် တရားဝင်အကဲဖြတ်စစ်ဆေးမှုကို ဦးဆောင်ပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မူဝါဒနှင့် ဖွဲ့စည်းပုံအကူးအပြောင်း ဆောင်ရွက်လာသည်နှင့်အမျှ အင်ဒိုနီးရှားသည် ၎င်း၏ လစဉ် စားအုန်းဆီကြမ်းရည်ညွှန်းစျေးနှုန်းကို ဆက်လက်သတ်မှတ်ထားပြီး ယင်းရည်ညွှန်းဈေးနှုန်း သည် ပို့ကုန်ခွန်နှင့် အခွန်စည်းကြပ်မှုနှုန်းထားများကို တွက်ချက်ရာတွင် အသုံးပြုသည့် စံပြုဈေးနှုန်း ဖြစ်သည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွက် အစိုးရက သတ်မှတ်ထားသည့် စားအုန်းဆီကြမ်း (CPO) ရည်ညွှန်းစျေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၄၂.၁၅ ဖြစ်ပြီး စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ 1007.51 သတ်မှတ်ခဲ့ရာ ၃၄.၆၄ ဒေါ်လာ (ရာခိုင်နှုန်းအားဖြင့် ၃.၄၄ %) တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း အင်ဒိုနီးရှားကုန်သွယ်မှုအချက်အလက်များအရ သိရသည်။ ဤရည်ညွှန်း စျေးနှုန်းသည် ယခုလအတွင်း စားအုန်းဆီကြမ်းတင်ပို့မှုအတွက် တစ်တန်လျှင် ပို့ကုန်အခွန် (Export Duty) အမေရိကန်ဒေါ်လာ ၁၇၈ နှင့် ပို့ကုန်စည်းကြပ်မှု (Export Levy) ရာခိုင်နှုန်း ၁၂.၅ % (အကြမ်းဖျင်း အားဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၃၀.၂၇) ပြောင်းလဲကောက်ခံခြင်းဖြစ်သည်။ ရည်ညွှန်း စျေးနှုန်းကို စျေးကွက်သုံးခုဖြစ်သည့် အင်ဒိုနီးရှား စားအုန်းဆီကုန်စည်ဒိုင်၊ မလေးရှား စားအုန်းဆီ ကုန်စည်ဒိုင်နှင့် နယ်သာလန်နိုင်ငံ၊ ရော့တာဒမ် (Rotterdam) ဆိပ်ကမ်းအရောက် စားအုန်းဆီ ပေါက်စျေးတို့မှ ပျမ်းမျှရယူတွက်ချက်ထားခြင်းဖြစ်ပြီး ဈေးနှုန်း တစ်ခုနှင့် တစ်ခုကြားတွင် အမေရိကန် ဒေါ်လာ ၄၀ ကျော်သည့်အခါ အနီးစပ်ဆုံး ကိုက်ညီသည့် ရင်းမြစ်နှစ်ခုမှ ရယူတွက်ချက်သည်။
မူဝါဒ အကူးအပြောင်းကာလတွင် လက်ရှိအကောက်ခွန်နှင့် နိုင်ငံခြားငွေအစီရင်ခံမှု စနစ် များကို ဆက်လက်အသုံးပြုရန် ခွင့်ပြုထားပြီး ပို့ကုန်စာရွက်စာတမ်းများကို ၎င်းတို့၏အမည်များဖြင့် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပြီး စနစ်ပြောင်းချိန်တွင် အသစ်သတ်မှတ်ထားသော နိုင်ငံပိုင် ကုန်သွယ်လုပ်ငန်းများထံသို့ အီလက်ထရွန်းနစ်အစီရင်ခံစာများ ထပ်မံတင်ပြရန် လိုအပ်မည်ဖြစ်သည်။ အင်ဒိုနီးရှားအစိုးရသည် နိုင်ငံပိုင်ပို့ကုန်လုပ်ငန်းရှင်များကို အားကောင်းလာစေရန်နှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို လိုက်လျောညီထွေဖြစ်အောင် အချိန်ပေးကာ အပြောင်းအလဲများ ဆောင် ရွက်ခြင်းဖြင့် နိုင်ငံ၏ နှစ်စဉ် စားအုန်းဆီ တင်ပို့ရောင်းချမှုအပေါ် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ထိခိုက်မှုဖြစ်စေသည်ဟု ၎င်းကအခိုင်အမာ ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနှင့် အိမ်နီးချင်း မလေးရှားနိုင်ငံတို့သည် ကမ္ဘာလုံးဆိုင်ရာ စားအုန်းဆီ အများစုကို ထောက်ပံ့ပေးလျက်ရှိပြီး အင်ဒိုနီးရှား၏ ပို့ကုန်လိုင်စင်ချထားပေးမှုနှင့် မူဝါဒဆိုင်ရာ ပြောင်းလဲမှု များက ကမ္ဘာတစ်ဝှမ်းရှိ စားအုန်းဆီ ဝယ်သူများအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ စားအုန်းဆီသည် ကမ္ဘာတစ်ဝှမ်းတွင် အကျယ်ပြန့်ဆုံး ရောင်းဝယ်ဖောက်ကားသည့် ဟင်းသီးဟင်းရွက်ဆီဖြစ်ပြီး အစားအသောက်ပြုပြင်ထုတ်လုပ်ခြင်း၊ ဟင်းချက်ဆီ ရောစပ်ထုတ်လုပ် ခြင်းနှင့် ဇီဝဒီဇယ်ဆီထုတ်လုပ်မှုအစီအစဉ်များ တိုးတက်များလာခြင်းတို့ကြောင့် နိုင်ငံပိုင်လုပ်ငန်းများမှတစ်ဆင့် ပို့ကုန်ခွင့်ပြုချက်ကို ဗဟိုပြုခြင်းသည် စိုက်ပျိုးထုတ်လုပ်သူများ၊ ဆီကြိတ်ခွဲထုတ်လုပ် သူများနှင့် ပြည်ပဝယ်လက်များအကြား စီမံခန့်ခွဲရေးလုပ်ငန်းစဉ်အလွှာအသစ်ကို မိတ်ဆက် ပေးပြီးလာမည့် ၃ လတာကာလ (အကဲဖြတ်စစ်ဆေးခြင်းကာလ) တွင် စနစ်သစ်က ပိတ်ဆို့ကန့်သတ်မှုများ သို့မဟုတ် စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်နိုင်မည့် လက္ခဏာများကို အနီးကပ်စောင့်ကြည့်ရမည် ဖြစ်ကြောင်း သိရှိရသည်။
Source: Global Agriculture, 21 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















