နိုဝင်ဘာလ၌ စားအုန်းဆီတစ်တန်လျှင် ရင်းဂစ် ၄၆၀၀ အထက်ရှိမည်ဟု MPOC ပြောကြား

       ပြည်ပသို့တင်ပို့မှုများ အားကောင်းခိုင်မာမှုနှင့် ရာသီအလိုက် ထုတ်လုပ်မှုကျဆင်းခြင်းတို့အရ စားအုန်းဆီဈေးနှုန်းများသည် ၂၀၂၆ ခုနှစ် နိုဝင်ဘာလ၌ တစ်တန်လျှင် ရင်းဂစ်ငွေ ၄၆၀၀ နှုန်း၏ အထက်တွင် တည်ရှိနေလိမ့်မည်ဖြစ်ကြောင်း မလေးရှား စားအုန်းဆီကောင်စီ (MPOC) က ပြောကြားလိုက်သည်။ 

      ဇီဝဒီဇယ်အသုံးပြုမှု ခိုင်မာနေခြင်းနှင့်အတူ မကြာသေးမီက ဟင်းသီးဟင်းရွက်ဆီများ တင်သွင်းမှုအပေါ် စည်းကြပ်သည့် အကောက်ခွန်နှုန်းထားများကို အိန္ဒိယနိုင်ငံက လျှော့ချခဲ့ခြင်းက ရှေ့လာမည့် လများတွင် မလေးရှားစားအုန်းဆီအတွက် ဝယ်လိုအားကောင်းမွန်မှုကို ပံ့ပိုးပေးလိမ့် မည်ဟု မျှော်လင့်ရကြောင်း၊ ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ရာသီကာလအလိုက် ထုတ်လုပ်မှုလျော့နည်းခြင်းကလည်း လက်ရှိ စားအုန်းဆီ သိုလှောင်မှုလက်ကျန် ပမာဏကို လျော့ကျစေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၂၆ ခုနှစ်၏ နောက်ဆုံး သုံးလပတ်ကာလ အတွင်း စားအုန်းဆီဈေးနှုန်းများ ခိုင်မာမှုကို အထောက်အကူပြုလျက်ရှိကြောင်း MPOC ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

    မလေးရှားနိုင်ငံ၏ စားအုန်းဆီသိုလှောင်မှုလက်ကျန်ပမာဏသည် စက်တင်ဘာလ၌ အမြင့် ဆုံးအဖြစ် ၂၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး စားအုန်းဆီ ထုတ်လုပ်မှုပမာဏသည် ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ 

       ပုံမှန်အားဖြင့် စားအုန်းဆီ ထုတ်လုပ်မှုသည် မတ်-ဧပြီ ကာလများတွင် စတင်လေ့ရှိပြီး စက်တင်ဘာ - နိုဝင်ဘာကာလများ၌ အမြင့်မားဆုံးဖြစ်သည်။ ယခုနှစ်တွင် မလေးရှားနိုင်ငံ၏ စားအုန်းဆီ ထုတ်လုပ်မှုသည် စက်တင်ဘာလ၌ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက် ရှေ့လာမည့် ၅ လတာ အတွင်း ရာသီအချိန်အခါအလိုက် တစ်စတစ်စ လျော့နည်းကျဆင်းလာမည်ဟု MPOC က ဖော်ပြထားသည်။ 

      သို့ရာတွင် ကမ္ဘာ့ထိပ်တန်း စားအုန်းဆီထုတ်လုပ်သူဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် ပို့ကုန် လုပ်ငန်းရှင်များသည် အောက်တိုဘာလ၌ ပို့ကုန်အခွန်တိုးမြှင့်မှုနှင့် လုပ်ထုံးလုပ်နည်းအသစ်များ ပြဋ္ဌာန်းခြင်းမတိုင်မီ တင်ပို့မှုလုပ်ငန်းများ အရှိန်မြှင့်တင် လုပ်ဆောင်ခဲ့ခြင်းကြောင့် ယှဉ်ပြိုင်မှုများ များပြားခဲ့ပြီး မလေးရှား၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုမှာ ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ရသည်။ 

        မလက္ကာရေလက်ကြား၌ ကုန်သင်္ဘောရရှိနိုင်မှု အကန့်အသတ်ရှိခြင်းကလည်း တင်ပို့မှု လျော့နည်းစေသည့် အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း၊ သို့သော် စက်တင်ဘာလ၌ စားအုန်းဆီ တင်ပို့မှုအားနည်းခြင်းသည် ယာယီအခိုက်အတန့်မျှသာဖြစ်ပြီး အောက်တိုဘာမှ ဒီဇင်ဘာ ကာလများအတွင်း ကုန်သင်္ဘောရရှိနိုင်မှု ကောင်းမွန်လာမှုနှင့်အတူ သိသာစွာ မြင့်တက်လာနိုင်ကြောင်း MPOC က ပြောဆိုခဲ့သည်။ 

      စားအုန်းဆီ ဈေးနှုန်းများသည် အမြင့်ဆုံးသို့ရောက်ရှိပြီး ပြန်လည်လျော့ကျခဲ့သော်လည်း အီရန်စစ်ပွဲကြောင့် ရေနံဈေးနှုန်းများ မြင့်တက်လာမှုကို သက်သာမှုရစေရန် ကမ္ဘာတစ်ဝန်း၌ ဇီဝ ဒီဇယ်တွင် စားအုန်းဆီရောစပ်မှုကို မြှင့်တင်လာမှုအရ နှစ်ဆန်းပိုင်းကထက် ၁၈ ရာခိုင်နှုန်းခန့် မြင့်မား နေဆဲဖြစ်သည်။ ဘာဆာမလေးရှား ဆင့်ပွားစတော့ဈေးကွက်တွင် စားအုန်းဆီ ကြိုတင်အရောင်း ဈေးနှုန်းသည် အောက်တိုဘာ ၂၂ ရက်နေ့၌ တစ်တန်လျှင် ၄၇၇၆ မလေးရှားရင်းဂစ်နှုန်း ဖြစ်ပေါ်ခဲ့သည်။ 

      စွမ်းအင်ဈေးကွက်ဈေးနှုန်းများ မြင့်တက်လျက်ရှိမှုသည် ဟင်းသီးဟင်းရွက်ဆီ ဈေးကွက်နှင့် ကမ္ဘာတစ်ဝန်း ဇီဝဒီဇယ်၌ ရောစပ်အသုံးပြုမှုတို့ကို ဆက်လက်၍ အထောက်အပံ့ပြုလျက်ရှိပြီး အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ဇီဝဒီဇယ်ထုတ်လုပ်မှု၌ စားအုန်းဆီသုံးစွဲမှုမှာ ဩဂုတ်လတွင် လအလိုက် အမြင့်မားဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။ 

Source: The Edge Malaysia, 22 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)