ရှေ့လာမည့်နှစ်အတွက် ဆန်ဖူလုံမှုရှိသည်ဟု အင်ဒိုနီးရှား ပြောကြား

     အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ၂၀၂၆ခုနှစ်၊ ခရစ္စမတ်ကာလ နှင့် ၂၀၂၇ခုနှစ်၊ နှစ်သစ်ကူးကာလမတိုင်မီ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် အင်ဒိုနီးရှား၏ ဆန်ထောက်ပံ့မှုသည် လုံလောက်ကြောင်း၊ အစိုးရသိုလှောင်ရုံများတွင် မက်ထရစ်တန် ၄.၅ သန်း ခန့်ရှိခြင်းနှင့် ပြည်တွင်းထုတ်လုပ်မှုတည်ငြိမ်ခြင်းတို့က ထောက်ပံ့ပေးထားကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ 

        မဟာဗျူဟာမြောက် အဓိကစားသောက်ကုန်အဖြစ် ဆက်လက်တည်ရှိနေသော ဆန်သည် ယခုအစိုးရသက်တမ်း ၂နှစ်အတွင်း ရေရှည်တည်တံ့သော ဆန်ဖူလုံမှုကို ထိန်းသိမ်းထားနိုင်ခဲ့ ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ယခင်နှစ်က ဆန်တင်သွင်းမှုမရှိခဲ့သကဲ့သို့ ယခုနှစ်တွင်လည်း တင်သွင်းမှုမရှိသေးကြောင်း Amran က ပြောကြားခဲ့သည်။ 

     ဂျာကာတာမြို့တွင် ၂၆-၁၀-၂၀၂၆ ရက်နေ့က ကျင်းပခဲ့သည့် အစားအစာညှိနှိုင်းရေး အစည်းအဝေးတွင် ပြောကြားစဉ် ခိုင်မာသော ဆန်ထောက်ပံ့မှုသည် အယ်လ်နီညိုရာသီဥတု ခြိမ်းခြောက်မှုများကြားတွင် နိုင်ငံ၏အစားအစာဖူလုံရေးကို အားကောင်းစေပြီး ပြည်သူများ၏ ဆန် လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ကြောင်း ဖော်ပြခဲ့သည်။ 

     နိုင်ငံတော်၏ ဆန်ရရှိနိုင်မှုကို အစိုးရသိုလှောင်ရုံများ၊ လယ်ကွင်းများတွင် စိုက်ပျိုးဆဲသီးနှံများနှင့် ပြည်သူများအကြား လည်ပတ်နေသော လက်ကျန်ပစ္စည်းများက ထောက်ပံ့ပေးထား သည်။ ထို့အပြင် နိုင်ငံတော်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ Bulog က စီမံခန့်ခွဲသော ဆန် သိုလှောင်ရုံများတွင် မက်ထရစ်တန်ချိန် ၄.၅ သန်းခန့်ရှိကြောင်း Amran က ရှင်းလင်းပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်း ဆန်ရရှိနိုင်မှုကို လယ်ကွင်းများတွင် စိုက်ပျိုးဆဲသီးနှံများအပြင် အိမ်ထောင်စုများနှင့် ဟိုတယ်၊ စားသောက်ဆိုင်နှင့် အစားအသောက်ဝန်ဆောင်မှုကဏ္ဍတို့တွင်ရှိသော ဆန် လက်ကျန်ပစ္စည်းများက ထပ်မံထောက်ပံ့ပေးထားသည်။

      နိုင်ငံ၏ လစဉ်စားသုံးမှုသည် မက်ထရစ်တန် ၂.၅ သန်းခန့် ရှိနေသဖြင့် ဆန်ထောက်ပံ့မှုသည် လုံခြုံစွာဆက်လက်တည်ရှိနေမည်ဟု အစိုးရက ယုံကြည်မှု ရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံတော် ၏ စုစုပေါင်း ဆန်ရရှိနိုင်မှု တွက်ချက်မှုများအပေါ် အခြေခံ၍ လက်ရှိထောက်ပံ့မှုသည် ၂၀၂၇ ခုနှစ်၊ ဇူလိုင် သို့မဟုတ် ဩဂုတ်လအထိ တောင့်ခံနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးက ခန့်မှန်းခဲ့သည်။ 

      လယ်ကွင်းများတွင် စိုက်ပျိုးဆဲသီးနှံမှာ တန်ချိန် ၁၀ သန်းရှိပြီး အစားအသောက်ဝန်ဆောင်မှု ကဏ္ဍတွင် နောက်ထပ် တန်ချိန် ၁၀ သန်း လက်ဝယ်ရှိပြီး Bulog တွင် တန် ၄.၅ သန်း ရှိသဖြင့် စုစုပေါင်းတန်ချိန် ၂၅ သန်းခန့် ရှိကြောင်း ၎င်းက ရှင်းပြခဲ့ပြီး စုစုပေါင်းထောက်ပံ့မှုသည် နိုင်ငံကို ၁၀ လကြာ တောင့်ခံနိုင်သည်ဟု မှတ်ချက်ပြုခဲ့သည်။ 

      အယ်လ်နီညိုရာသီဥတု ခြိမ်းခြောက်မှုများကြားတွင် စဉ်ဆက်မပြတ် ထုတ်လုပ်မှုရှိစေရန် အင်ဒိုနီးရှားအစိုးရက ရေစုပ်တင်ရေးအစီအစဉ်များ၊ မြေယာအကောင်းဆုံးအသုံးချရေး၊ ဆည်မြောင်း ပြုပြင်ရေးနှင့် မိုးခေါင်ဒဏ်ခံမျိုးစေ့များ အသုံးပြုခြင်းအပါအဝင် ကြိုတင်ကာကွယ်ရေး အစီအမံ များစွာကို ပြင်ဆင်ထားကြောင်း သိရှိရသည်။ 

     အဆိုပါကြိုးပမ်းမှုများသည် ဆန်ထုတ်လုပ်မှုကို ရေရှည်တည်တံ့စေရန် မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဆန်ထောက်ပံ့မှုလုံခြုံရေးသည် လက်ရှိသိုလှောင်ရုံများအပေါ်တွင်သာ မှီခိုနေရမည်မဟုတ်ဘဲ ပြည်တွင်းထုတ်လုပ်မှုစွမ်းရည်ကလည်း ထောက်ပံ့ပေးနိုင်စေရန် ရည်ရွယ် ထားသည်။ 

       ဆန်တင်သွင်းမှုမရှိဘဲ ကိုယ်ထူကိုယ်ထ ဆန်ဖူလုံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းသည် နှစ်ကုန်ပိုင်းကာလ၏ အမြင့်ဆုံးဝယ်လိုအားကာလများအပါအဝင် အမျိုးသားအစားအစာ ဖူလုံရေးကို ကာကွယ်ရန် အစိုးရအတွက် အရေးပါသော တွန်းအားကို ပေးစွမ်းကြောင်း၊ ဆန် ထောက်ပံ့မှု လုံခြုံစွာဆက်လက်တည်ရှိနေစေရန် စိုက်ပျိုးရေးဝန်ကြီးဌာနသည် ပြည်တွင်းထုတ် လုပ်မှုကို ဆက်လက်အားကောင်းစေပြီး ရာသီဥတုအန္တရာယ်များကို လျော့ပါးသက်သာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 

Source: Antara News, 26 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)