အယ်လ်နီညိုနှင့် ရင်ဆိုင်ရချိန်၌ အရန်ဆန်နည်းပါးမှုက ဖိလစ်ပိုင်အတွက် အကျပ်အတည်းဖြစ်
အရှေ့တောင်အာရှဒေသတစ်ခွင်၌ လယ်ယာကဏ္ဍထုတ်လုပ်မှုအပေါ် စူပါအယ်လ်နီညိုဖြစ်စဉ် ၏ သက်ရောက်ထိခိုက်မှုများ ဖြစ်ပေါ်နိုင်ဖွယ်ရှိမှုနှင့်အတူ ပြည်တွင်းလိုအပ်ချက်၏ သုံးပုံတစ်ပုံ ခန့်အထိ ဆန်တင်သွင်းနေရသည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်ဈေးနှုန်းများ မြင့်မားမည့် အန္တရာယ်ကို ကြုံတွေ့လာရနိုင်သည်ဟု Fitch ကြွေးမြီစိတ်ချရမှု အကဲဖြတ်အေဂျင်စီ၏ ယူနစ်တစ်ခုဖြစ်သော BMI သုတေသနအဖွဲ့က ပြောကြားလိုက်သည်။
ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများတွင် ဆန်သိုလှောင်မှုလက်ကျန် ပမာဏသည် ၂၀၂၃ ခုနှစ်တွင်ရှိခဲ့သော အဆင့်၏အောက်သို့ လျော့နည်းကျဆင်းလျက်ရှိကြောင်း၊ ယင်းအခြေအနေက ဖိလစ်ပိုင်အတွက် ဆန်ဈေးနှုန်းများ ကြီးမြင့်မှုကို ရင်ဆိုင်ရဖွယ်ရှိကြောင်း၊ အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်လာနိုင်သည့် ကာလအတွင်း အရှေ့တောင်အာရှဒေသ၌ ရာသီဥတုခြောက်သွေ့မှုကြောင့် လယ်ယာကုန်ထုတ်လုပ်မှုအပေါ် ထိခိုက်ပြီး အထူးသဖြင့် ဒေသတွင်း၌ ဆန်ထုတ်လုပ်မှု အလျဉ် ပြတ်လပ်ခြင်းနှင့် ရောင်းလိုအားကျပ်တည်းမှု အန္တရာယ်ရှိနိုင်ကြောင်း BMI က ၎င်း၏ နောက်ဆုံး ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ ယခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံ၏ ဆန်သိုလှောင်မှုလက်ကျန်သည် တန်ချိန် ၁.၉၁ သန်းရှိပြီး ယခင်နှစ် ကာလတူ၌ သိုလှောင်ထားနိုင်သော တန်ချိန် ၂.၀၇ သန်းအောက် ၈ ရာခိုင်နှုန်း လျော့နည်းလျက် ရှိသည်။ ထို့အပြင် ၎င်းပမာဏသည် ဩဂုတ်တွင် စံချိန်တင်ထားရှိနိုင်ခဲ့သော တန်ချိန် ၂.၁၈ သန်း အောက် သို့ ၁၂.၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။
အမျိုးသား စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့က သိုလှောင်ထားရှိသည့် အရန်ဆန်ပမာဏသည် နှစ်အလိုက် နှိုင်းယှဉ်ပါက ၃၆.၁ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုး လျော့ကျခဲ့ပြီး အိမ်ထောင်စုများ လက်ဝယ်ရှိ ဆန်ပမာဏမှာမူ ၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံအတွက် ဗီယက်နမ် သည် ထိပ်တန်းဆန်ပေးသွင်းသူအဖြစ် ဆက်လက်တည်ရှိနေပြီး ဆန်တန်ချိန် ၂.၇၃ သန်းကို တင်သွင်းထားပြီးဖြစ်သည်။ ၎င်း၏နောက်၌ ထိုင်းနိုင်ငံထံမှ ဆန်တန်ချိန် ၅၅၂၆၆၇ တန်နှင့် မြန်မာနိုင်ငံထံမှ ဆန် ၄၁၈၈၅၄ တန်တို့ကို အသီးသီး တင်သွင်းထားသည်။
ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူဖြစ်သော အိန္ဒိယနိုင်ငံ၏ လက်ဝယ်၌ ဆန်ပမာဏ အမြောက် အမြားကို သိုလှောင်ထားခြင်းက ကမ္ဘာ့ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်မှုကို ကန့်သတ်ထား ကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ခြောက်သွေ့မှုအန္တရာယ်သည် အထူးသဖြင့် အာဖရိက တောင်ပိုင်း၊ ဗဟိုအမေရိက၊ တောင်အမေရိကနှင့် အရှေ့တောင်အာရှ ဒေသများတွင် သိသာစွာ သက်ရောက်နိုင်ကြောင်း BMI က ပြောဆိုထားသည်။
ယခင်နောက်ဆုံးဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုဖြစ်စဉ်၌ အဆိုပါ ထိခိုက်နိုင်ခြေမြင့်မား သော ဒေသများအတွင်း ရာသီဥတုခြောက်သွေ့မှုကြောင့် သီးနှံစိုက်ပျိုးမြေများ ပြင်းထန်စွာထိခိုက် ပျက်စီးမှုသည် ပျမ်းမျှအားဖြင့် ၁၁ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း၊ အထူးသဖြင့် ဖိလစ်ပိုင်၊ ထိုင်း၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ ဂိုင်ယာနာနှင့် ဆူရီနိမ်းတို့သည် လယ်ယာစိုက်ပျိုးမှုတွင် ခြောက်သွေ့မှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် နိုင်ငံများဖြစ်ကြောင်း သိရှိရသည်။
Source: Manila Times, 27 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















