ပြောင်းတန်ချိန် ၅ သိန်းအထိ ဖိလစ်ပိုင် တိုးမြှင့်တင်သွင်းမည်

       ဖိလစ်ပိုင်နိုင်ငံ၌ အစေ့ထုတ်ပြောင်း ရောင်းလိုအားကွာဟချက် ဖြစ်ပေါ်နိုင်ခြေရှိခြင်းက စားနပ်ရိက္ခာ ဈေးနှုန်းများကို မြင့်တက်စေနိုင်မှုနှင့်အတူ လယ်ယာကဏ္ဍသည် အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုကို ဆက်လက်တွေ့ကြုံရနိုင်သဖြင့် အနိမ့်ဆုံး ဝယ်ယူရရှိနိုင် မည့် ပမာဏ (Minimum Access Volume - MAV) ခေါ် ပြောင်းတင်သွင်းခွင့်ခွဲတမ်းကို နှစ်ဆ ကျော် မြှင့်တင်မည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁၂၉ ကို သမ္မတ Ferdinand Marcos Jr. က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ 

      MAV စီမံခန့်ခွဲမှုကော်မတီ၏ ထောက်ခံအကြံပြုချက်ကို အတည်ပြုလျက် ထုတ်ပြန်ခဲ့သော အဆိုပါ အမိန့်အရ ယခုနှစ်အတွက် ပြောင်းတင်သွင်းခွင့်ခွဲတမ်းကို တန်ချိန် ၂၂၀၀၀၀ သတ်မှတ်ထားရာမှ နောက်ထပ်တန်ချိန် ၂၈၀၀၀၀ ကို ဖြည့်စွက်တင်သွင်းခွင့်ပြုမည်ဖြစ်သည်။ သွင်းအားစု ဈေးနှုန်းများ ကြီးမြင့်မှုနှင့် အယ်လ်နီညိုအပါအဝင် ရာသီဥတုဖောက်ပြန်မှု ဘေးအန္တရာယ်များကြောင့် ၂၀၂၆ ခုနှစ် မတ်လမှ ဒီဇင်ဘာလအထိ ပြည်တွင်း၌ ပြောင်းလိုအပ်ချက်ပမာဏသည် တန်ချိန် ၁.၄၂၂ သန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ ပြောင်းတင်သွင်းမှု တိုးမြှင့် ရန် ကုန်သည်များ တွန်းအားပေးနိုင်ရေးအတွက် MAV သတ်မှတ်ချက်ကို မြှင့်တင်ခြင်းဖြစ်ကြောင်း အမိန့်စာ၌ ဖော်ပြထားသည်။ MAV ခွဲတမ်းသတ်မှတ်ချက်အောက်၌ တင်သွင်းလာသည့် ပြောင်းများအပေါ် အကောက်ခွန်စည်းကြပ်မှုမှာ ၅ ရာခိုင်နှုန်းဖြစ်ပြီး ၎င်းပမာဏထက် ကျော်လွန်တင်သွင်းမှု အပေါ် ၁၅ ရာခိုင်နှုန်း ကောက်ခံခြင်းဖြစ်သည်။ 

      ဖိလစ်ပိုင်နိုင်ငံတွင် အစေ့ထုတ်ပြောင်းကို တိရစ္ဆာန်မွေးမြူရေးအစာအဖြစ် သုံးစွဲခြင်းဖြစ်ရာ ပြောင်းရောင်းလိုအားအပိုင်း၌ မည်သည့်ပြောင်းလဲမှုမဆို ထုတ်လုပ်မှုစရိတ်များနှင့် ကြက်သား နှင့် ဝက်သားဈေးနှုန်းများအပေါ် သက်ရောက်မှုဖြစ်ပေါ်စေနိုင်သည်။ MAV တင်သွင်းခွင့်ခွဲတမ်း တိုးမြှင့်ခြင်းသည် ပြည်တွင်းပြောင်းရောင်းလိုအားကို မြှင့်တင်ပြီး မွေးမြူရေးအစားအစာ ထုတ် လုပ်သည့် လုပ်ငန်းများနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းလျက် ဈေးနှုန်းများ တည်ငြိမ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ 

      အယ်လ်နီညိုဖြစ်စဉ်သည် တန်ဖိုးအားဖြင့် ပီဆိုငွေ ၅ ဘီလီယံရှိသော ပြောင်း ၁၃၂၂၉၀ တန်ကို ထိခိုက်ပျက်စီးစေပြီးဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနက ပြောဆိုထားသည်။ ဖိလစ်ပိုင် မိုးလေဝသဌာနကမူ အယ်လ်နီညို၏ သက်ရောက်မှုသည် ယခုနှစ်တွင် အားကောင်းလာပြီး ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်အထိ ဆက်လက်တည်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ 

     MAV စီမံခန့်ခွဲမှုကော်မတီအနေဖြင့် အဆိုပါအမိန့်စာအမှတ် ၁၂၉ ကို တရားဝင်ထုတ်ပြန် သည့် ၂၇-၁၀-၂၀၂၆ ရက်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ထပ်မံတိုးမြှင့်ပေးလိုက်သော ပြောင်းတင်သွင်းခွင့် ခွဲတမ်း တန်ချိန် ၂၈၀၀၀၀ ကို ညီညွတ်မျှတစွာ ခွဲဝေပေးမည့် လုပ်ငန်းအကောင်အထည်ဖော်မှု လမ်းညွှန်ချက်အား ရေးဆွဲချမှတ်ရန် သမ္မတ Ferdinand Marcos Jr. က ညွှန်ကြားထားကြောင်း သိရှိရသည်။ Business Mirror, 28 October, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)