၂၀၂၆-၂၀၂၇ဈေးကွက်နှစ်၌ တရုတ်နိုင်ငံ၏ပြောင်းထွက်ရှိမှုတန်ချိန်၃၀၆ သန်းအထိ ရောက်ရှိနိုင်
၂၀၂၆-၂၀၂၇ စျေးကွက်နှစ်တွင် တရုတ်နိုင်ငံ၏ ပြောင်းထွက်ရှိမှုသည် တန်ချိန် ၃၀၆ သန်းအထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ထွက်ရှိခဲ့သော ပြောင်းတန်ချိန် ၃၀၁.၂ သန်းနှင့်နှိုင်းယှဥ်ပါက တန်ချိန် ၄.၈ သန်း မြင့်တက်လာခြင်း ဖြစ်သည်။ အမေရိကန်စိုက်ပျိုးရေးဌာန နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှု (USDA FAS) ၏ အဆိုအရ စိုက်ပျိုးဧရိယာ တိုးချဲ့လာခြင်းနှင့် ရာသီဥတုအခြေအနေများ ယေဘုယျအားဖြင့် ကောင်းမွန်လာခြင်းတို့ကြောင့် ပြောင်းထုတ် လုပ်မှုသည် ၁.၆ % ခန့် တိုးလာမည်ဟု မျှော်မှန်းထားသည်။ သို့ရာတွင် စိုက်ပျိုးရာသီ ကုန်ဆုံးခါ နီးအချိန်၌ အပူချိန်မြင့်မားလာခြင်းကြောင့် အချို့သောဒေသများတွင် ပြောင်းထွက်ရှိမှုသည် အကန့်အသတ်များရှိနိုင်ကြောင်း ဖော်ပြထားပါသည်။ တရုတ်နိုင်ငံတွင် အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဆောင်းဦးသီးနှံများ၏ ၇၀ % ကျော်ကို ရိတ်သိမ်းပြီးဖြစ်သည်။ ပြောင်းရိတ်သိမ်းမှုသည် Huang-Huai-Hai ဒေသနှင့် အနောက်မြောက်ပိုင်း ဒေသများတွင် ၈၀ % ကျော် ရိတ်သိမ်းပြီးဖြစ်ပြီး တရုတ်နိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသနှင့် ယန်ဇီမြစ်ဝှမ်း အလယ်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသများတွင် ၆၀ % ကျော် ရိတ်သိမ်းပြီး ဖြစ် ကြောင်း သိရသည်။ တရုတ်အာဏာပိုင်များ၏အဆိုအရ ပြောင်းသည် နိုင်ငံ၏အဓိက ဆောင်းဦးရာသီ ရိတ်သိမ်းသီးနှံဖြစ်ပြီး ယခင်နှစ်နှင့်နှိုင်းယှဥ်ပါက ယခုနှစ်တွင် စိုက်ပျိုးဧရိယာများ ပိုမိုတိုး ချဲ့လာခဲ့ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ ပြောင်းထုတ်လုပ်မှုပမာဏ မြင့်မားလာသော်လည်း ပြည်တွင်းပြောင်းသုံးစွဲ မှုပမာဏသည် ၂၀၂၆-၂၀၂၇ စျေးကွက်နှစ်တွင် တန်ချိန် ၃၂၂ သန်းရှိလာမည်ဟု ခန့်မှန်းထားပြီး ထိုပမာဏသည် ယခင်နှစ်ထက် တန်ချိန် ၁ သန်း တိုးလာမည်ဖြစ်သည်။ အဆိုပါပမာဏအနက် တိရိစ္ဆာန်အစာအဖြစ် အသုံးပြုမှုသည် တန်ချိန် ၂၄၀ သန်းရှိမည်ဟု ခန့်မှန်းထားပြီး စားသုံးရန် အသုံးပြုမှု၊ မျိုးစေ့အဖြစ် အသုံးပြုမှုနှင့် စက်မှုလုပ်ငန်းသုံးအဖြစ် အသုံးပြုမှုသည် စုစုပေါင်း တန်ချိန် ၈၂ သန်းရှိမည်ဟု USDA FAS က ခန့်မှန်းထားသည်။ တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းမှု ပမာဏသည် တန်ချိန် ၆ သန်းရှိမည် ဖြစ်ပြီး လက်ကျန်ပြောင်းပမာဏမှာ တန်ချိန် ၁၀ သန်းလျော့ ကျလာကာ တန်ချိန် ၁၆၅ သန်းအထိ ရှိလာနိုင်ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏ နိုင်ငံခြား စိုက်ပျိုးရေးဝန်ဆောင်မှု (USDA FAS) က ခန့်မှန်းထားသည်။
ထို့အပြင် စျေးကွက်အတွင်း ပြောင်းသီးနှံသစ်များ ပိုမိုဝင်ရောက်လာခြင်းကြောင့် ပြည်တွင်း ပြောင်းစျေးနှုန်းများအပေါ် ဖိအားများ ဖြစ်ပေါ်လျက်ရှိသည်။ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများမှ ပြောင်းသီးနှံများ စျေးကွက်ဝင်ရောက်ခြင်းကြောင့် စျေးနှုန်းများ ထပ်မံကျဆင်းနိုင် မည်ဟု ကုန်သည်များနှင့် တိရိစ္ဆာန်အစာထုတ်လုပ်သူများက ခန့်မှန်းကာ ပြောင်းဝယ်ယူမှုများအား သတိထားဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိရိစ္ဆာန်အစာဖော်စပ်ရာတွင် ပြောင်းအသုံးပြုမှု အချိုးသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ၄၇ % ရှိခဲ့ရာမှ သြဂုတ်လတွင် ၂၉ %အထိ ကျဆင်းခဲ့ သည်။ ထိုသို့ဖြစ်ခြင်းသည် ဂျုံ၊ မုယောစပါးနှင့် ဆော်ဂမ်ပြောင်း (sorghum) ကဲ့သို့သော စျေးနှုန်း သက်သာသော အစားထိုးသီးနှံများကို ပိုမိုအသုံးပြုလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ မွေးမြူရေးကဏ္ဍ အထူးသဖြင့် ဝက်မွေးမြူရေးလုပ်ငန်းတွင် ကြုံတွေ့ရသော အခက်အခဲများကြောင့် ပြောင်းဝယ်လိုအားအပေါ် ဖိအားများ ဖြစ်ပေါ်လျက်ရှိသည်။ ဝက်သား စျေးနှုန်းများ ကျဆင်းခြင်းနှင့် အမြတ်အစွန်းရရှိမှု နည်းပါးခြင်းတို့ကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ သည် တိရိစ္ဆာန်အစာအတွက် အသုံးပြုသော သီးနှံများကို ကြိုတင်သိုလှောင်ထားရန် စိတ်ဝင်စားမှု နည်းပါးလျက်ရှိသည်။ ထို့အပြင် တရုတ်နိုင်ငံ တောင်ပိုင်းဒေသရှိ ဆိပ်ကမ်းများတွင် တင်သွင်းထား သော ဆော်ဂမ်ပြောင်းနှင့် မုယောစပါးလက်ကျန်ပမာဏသည် တန်ချိန် ၂.၄ သန်းနီးပါး ရှိလာခဲ့သည်။ ၂၀၂၆ ခုနှစ် နောက်ဆုံးသုံးလပတ်အတွင်း တိရိစ္ဆာန်အစာအဖြစ် တင်သွင်းသည့် သီးနှံများ သည် တန်ချိန် ၇ သန်းခန့်အထိ ရှိလာမည်ဟု ခန့်မှန်းထားပြီး ပြောင်းနှင့် အခြားအစားထိုး တိရိစ္ဆာန်အစာသီးနှံများအကြား စျေးကွက်ယှဥ်ပြိုင်မှုသည် ပိုမိုပြင်းထန်လာနိုင်ကြောင်း သိရှိရပါသည်။
Source – UkrAgroConsult, 27 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















