ဒေသထွက်ကုန် ပုန်းရည်ကြီးလုပ်ငန်းအကြောင်း တစေ့တစောင်း
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၂၃.၁၀.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ မြို့သစ်ရပ်၊ ချယ်ရီလမ်းရှိ “ရွှေရိုးရာ” ပုန်းရည်ကြီး လုပ် ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ပုန်းရည်ကြီး ထုတ်လုပ်ရောင်းဝယ်မှု အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
ပုန်းရည်ကြီး ပြုလုပ်ရာတွင် အဓိကအသုံးပြုသော ပဲပိစပ်ကို ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများမှ ဝယ်ယူရပြီး ဈေးနှုန်းအနေဖြင့် တစ်အိတ်(၃၀ပိဿာ)လျှင် ကျပ် (၂၅၀၀၀၀)ပေးရကြောင်း၊ တစ်နေ့ လျှင်(၈)ပိဿာခန့် ကြိုရကြောင်း၊ ပုန်းရည်ထုတ်လုပ်ရာတွင် ပထမအဆင့် ပဲများကို ရေစိမ်ပြီး နောက် ပြုတ်ရကြောင်း၊ ပြုတ်ပီး ပဲများကို အနှစ်နှင့် အဖတ်များ ကြိတ်ခွဲထုတ်ရကြောင်း၊ ဒုတိယအဆင့် ရရှိလာသည့် အနှစ်ကို ဒယ်အိုးဖြင့် အဆက်မပြတ်မွှေ၍ ပုန်ရည်ကြီး ဖြစ်သည်အထိ (၆)နာရီ ခန့် ကြာအောင် ကြိုချက်ရကြောင်း၊ တတိယအဆင့် အနေဖြင့် ပုန်းရည်ကြီး အထုပ်များ ထုပ်ပိုးနိုင်ရန် အတွက် (၅)နာရီခန့် အအေးခံထားပြီး အထုပ်များ ထုတ်ရကြောင်း၊ (၁၀)ကျပ်သားနှင့် တစ်ပိဿာ ထုပ်များထုပ်ရပြီး (၁၀)ကျပ်သား တစ်ထုပ်လျှင် ကျပ်(၁၀၀၀) ရောင်းချကြောင်း၊ တစ်ပိဿာလျှင် ကျပ်(၉၀၀၀) ရောင်းချကြောင်း၊ တစ်ရက်လျှင်(၈)ပိဿာ (၁)ဒယ်ကြိုရပြီး (၁)ဒယ်လျှင် (၁၅)ပိဿာခန့် ထွက်ရှိကြောင်း၊ တစ်လလျှင် (၂၀) ရက်ခန့်သာ ပြုလုပ်ရကြောင်း၊ ပုန်းရည်ကြီးများကို ပခုက္ကူမြို့ ပေါ်နှင့် ရန်ကုန်၊ ဘားအံ၊ တောင်ကြီးမြို့များသို့ တင်ပို့ရောင်းချရကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
ပုန်းရည်ကြီး ပြုလုပ်ရာတွင် အလုပ်သမား(၃)ဦး ငှားရမ်းရပြီး တစ်နေ့လျှင် လုပ်အားခအနေဖြင့် ပဲကြိတ်ခတစ်ဦးလျှင် ကျပ်(၃၀၀၀)၊ ထုပ်ပိုးခတစ်ဦးလျှင် ကျပ်(၃၀၀၀)ပေးရပြီး ပုန်းရည်ကြီးဖြစ်အောင် ကြိုခ အနေဖြင့် တစ်ဦးလျှင် ကျပ်(၆၀၀၀) ပေးရကြောင်း၊ တစ်နေ့လျှင် ထင်း ကျပ် (၁၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ပုန်းရည်ကြီးကြိုရာမှ ထွက်ရှိလာသည့် အဖတ်များကိုလည်း ဝက်စာအဖြစ် ရောင်းချရကြောင်း၊ (၁)ဒယ်ကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ် (၃၅၀၀၀)ခန့် ရရှိကြောင်း၊ ပုန်းရည်ကြီး ပြုလုပ်ရာတွင် အဆင့်ဆင့် ပြုလုပ်ရပြီး လက်ဝင်သော လုပ်ငန်းဖြစ်သော်လည်း အိုးမကွာအိမ်မကွာပြုလုပ်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် မိသားစုတနိုင်တပိုင် အသေးစားလုပ်ငန်းဖြစ်ပြီး အကျိုးအမြတ်ရရှိမှု နည်းသော်လည်း အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်သည့်အတွက် ဆက်လက်၍ တိုးချဲ့လုပ်ကိုင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မကွေး)
- Log in to post comments

















