အိန္ဒိယနိုင်ငံ၏ ပဲပုပ်ထုတ်လုပ်မှု ၂ ရာခိုင်နှုန်းခန့်ကျဆင်းနိုင်

      အိန္ဒိယနိုင်ငံ၏ ပဲပုပ်ထုတ်လုပ်မှုသည် လက်ရှိမိုးရာသီသီးနှံစိုက်ပျိုးရာသီတွင် ဒေသအချို့၌ မိုးခေါင်ရေရှားမှုနှင့် အလားတူအခြေအနေများ ကြုံတွေ့ခဲ့ရသော်လည်း ယခင်နှစ်ထက် ၂.၁၁ ရာခိုင်နှုန်း အနည်းငယ်ကျဆင်းကာ တန်ချိန် ၁၀၇.၉၃ သိန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထား ကြောင်း အိန္ဒိယနိုင်ငံ ပဲပုပ်ကြိတ်ခွဲထုတ်လုပ်သူများအသင်း (Soybean Processors Association of India – SOPA) က ပြောကြားခဲ့သည်။        မဟာရက်ရှ်ထရာပြည်နယ်၌ သီးနှံအထွက်နှုန်း ဆုံးရှုံးမှုများကို မဒ္ဒရာပရာဒေ့ရှ်နှင့် ရာဂျက်စသန် ပြည်နယ်တို့တွင် ပဲပုပ်ထုတ်လုပ်မှု မြင့်တက်လာခြင်းဖြင့် ပြန်လည်ဖြည့်ဆည်းပေးနိုင်မည်ဟု အင်ဒိုးမြို့တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် SOPA ၏ နိုင်ငံတကာ ပဲပုပ်ညီလာခံ၏ ပထမဆုံး သီးနှံအထွက်နှုန်း ခန့်မှန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ပဲပုပ်သည် ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုအတွက် အရေးပါသော ဆီထွက်သီးနှံတစ်မျိုး ဖြစ်သည့်အပြင် မွေးမြူရေးလုပ်ငန်းများအတွက်လည်း ပရိုတင်းဓာတ် အခြေခံကုန်ကြမ်းကို ပံ့ပိုးပေးသည့် သီးနှံတစ်မျိုးဖြစ်သည်။ 

     မဟာရက်ရှ်ထရာ၊ ကာနာတာကာနှင့် တယ်လန်ဂါနာပြည်နယ်တို့တွင် သီးနှံစိုက်ပျိုးကြီးထွားမှုအတွက် အရေးကြီးသောအဆင့်များ၌ မိုးမရွာဘဲ ခြောက်သွေ့သည့်ကာလ ကြာရှည်ခြင်းနှင့် မြေဆီလွှာအစိုဓာတ် မလုံလောက်ခြင်းတို့ကြောင့် သီးနှံအထွက်နှုန်း ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါပြည်နယ်သုံးခုတွင် စိုက်ပျိုးထားသည့် ပဲပုပ်စိုက်ဧရိယာ စုစုပေါင်း ဟက်တာ ၇.၀၂ သိန်းမှ သီးနှံများ အားလုံးပျက်စီးသွားခဲ့ပြီး ရိတ်သိမ်းနိုင်ခြင်း မရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။ 

       SOPA ၏ အမှုဆောင်ဒါရိုက်တာ D. N. Pathak က ယခုနှစ်တွင် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ် ၌ ပဲပုပ်သီးနှံအထွက်ကောင်းခဲ့ပြီး ရာဂျက်စသန်ပြည်နယ်တွင်လည်း အထွက်နှုန်းကောင်းမွန်ခဲ့ ကြောင်း PTI သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါပြည်နယ်နှစ်ခုတွင် ထုတ်လုပ်မှု မြင့်တက်လာခြင်းသည် မဟာရက်ရှ်ထရာပြည်နယ်၌ ဖြစ်ပေါ်ခဲ့သည့် သီးနှံအထွက်ဆုံးရှုံးမှုများကို အများစု ပြန်လည်ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပဲပုပ်စိုက်ပျိုး ဧရိယာသည် ယခင်သီးနှံရာသီနှင့် နှိုင်းယှဉ်ပါက ဟက်တာ ၅ သိန်းခန့် တိုးလာခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

     အိန္ဒိယနိုင်ငံတွင် ပဲပုပ်အများဆုံးထုတ်လုပ်သည့် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်၏ ယခုနှစ် ပဲပုပ်ထုတ်လုပ်မှုသည် တန်ချိန် ၅၇.၁၆ သိန်းအထိ ရှိလာနိုင်ကြောင်းခန့်မှန်းထားပြီး ယင်းပမာဏ သည် ယခင်နှစ်က ထုတ်လုပ်ခဲ့သည့် တန်ချိန် ၄၃.၂၄ သိန်းထက် ၃၂.၂ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။ အဆိုပါပြည်နယ်၏ ပဲပုပ်စိုက်ပျိုးဧရိယာသည် ယခင်နှစ်က ဟက်တာ ၄၈.၆၄ သိန်းရှိခဲ့ရာမှ ယခုနှစ်တွင် ဟက်တာ ၅၂.၀၉ သိန်းအထိ တိုးလာခဲ့သည်။ ထို့အပြင် ပျမ်းမျှ ၁ ဟက်တာအထွက်နှုန်းသည် ယခင်နှစ်က တစ်ဟက်တာလျှင် ၈၈၉ ကီလိုဂရမ်ရှိခဲ့ရာမှ ယခုနှစ်တွင် ၁,၁၀၈ကီလိုဂရမ်အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ မဟာရက်ရှ်ထရာ ပြည်နယ်တွင် ပဲပုပ်ထုတ်လုပ်မှုသည် ၃၃.၂ ရာခိုင်နှုန်း ကျဆင်းကာ တန်ချိန် ၃၄.၈၈ သိန်းသာ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ ရာဂျက်စသန်ပြည်နယ်၌ ပဲပုပ်ထုတ်လုပ်မှုသည် ၄၈.၂ ရာခိုင်နှုန်း တိုးတက်လာပြီး တန်ချိန် ၉.၄၇ သိန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။ 

      လက်ရှိမိုးရာသီသီးနှံစိုက်ပျိုးရာသီတွင် အိန္ဒိယနိုင်ငံတစ်ဝန်း ပဲပုပ်စိုက်ပျိုးခဲ့သည့် ဧရိယာမှာ ဟက်တာ ၁၁၇.၇၃ သိန်းရှိခဲ့ပြီး ၂၀၂၅ ခုနှစ်က စိုက်ပျိုးခဲ့သည့် ဟက်တာ ၁၁၂.၁၄ သိန်းထက် ၅ ရာခိုင်နှုန်းနီးပါး ပိုမိုများပြားခဲ့သည်။ သို့သော် မြေဆီလွှာအစိုဓာတ် မလုံလောက်ခြင်းနှင့် မိုး ခေါင်ရေရှားမှုအခြေအနေများကြောင့် ဟက်တာ ၇.၇၆ သိန်းရှိ သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့သည်။ ထို့ကြောင့် အမှန်တကယ် ရိတ်သိမ်းနိုင်သည့် စိုက်ပျိုးဧရိယာမှာ ဟက်တာ ၁၀၉.၉၈ သိန်းအထိ လျော့နည်းသွားခဲ့ကြောင်း SOPA က ဖော်ပြထားသည်။ ရိတ်သိမ်းနိုင်ခဲ့သည့် ဧရိယာ များတွင် ပျမ်းမျှအထွက်နှုန်း တစ်ဟက်တာလျှင် ၉၈၁ ကီလိုဂရမ်ရှိမည်ဟု ခန့်မှန်းထားသဖြင့် ပဲပုပ်ထုတ်လုပ်မှုစုစုပေါင်းမှာ တန်ချိန် ၁၀၇.၉၃ သိန်း ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ယင်းပမာဏသည် ယခင်မိုးရာသီသီးနှံစိုက်ပျိုးရာသီက ထုတ်လုပ်ခဲ့သည့် တန်ချိန် ၁၁၀.၂၆ သိန်းထက် လျော့နည်းနေခြင်းဖြစ်ပြီး ယခင်နှစ်၏ ပျမ်းမျှ ၁ ဟက်တာအထွက်နှုန်းမှာ ၉၈၃ ကီလိုဂရမ် ရှိခဲ့ကြောင်း သိရသည်။ Source: Business Standard, 18 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)