ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု လျာထားချက်ကို ပြည့်မီရန် ခက်ခဲနေ
ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် အာရှဈေးကွက်များသို့ တင်ပို့မှုမြင့်တက်လာခဲ့သော်လည်း ယခုနှစ်အတွက် လျာထားသည့် တန်ချိန် ၇ သန်း ပြည့်မီရန် လိုအပ်နေဦးမည်ဟု မျှော်လင့်ရသည်။ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန (DFT) ၏ အဆိုအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု စုစုပေါင်းမှာ တန်ချိန် ၄.၉၉ သန်းရှိပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂.၉၆ ဘီလီယံ (သို့မဟုတ်) ဘတ် ၉၄.၉ ဘီလီယံ ရှိခဲ့သည်။
အာရှဈေးကွက်များသို့ ဆန်တင်ပို့မှုမှာ သိသိသာသာ တိုးတက်လာခဲ့ကြောင်း DFT ညွှန်ကြား ရေးမှူးချုပ် Arada Fuangtong က ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံသည် နှစ်ပေါင်း ၂၀ အတွင်း ထိုင်းဆန် တင်သွင်းမှု အများဆုံး ပမာဏသို့ ရောက်ရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသည်လည်း အယ်လ်နီညို ရာသီဥတုစိုးရိမ်ရမှုနှင့် စားနပ်ရိက္ခာဖူလုံရေး မြှင့်တင်ဆောင်ရွက်မှုများကြောင့် ထိုင်းဆန်တင်သွင်း မှုကို ယခင်နှစ် အလားတူကာလထက် ၂၆၃% ထိ တိုးမြှင့်ခဲ့သည်။
ပထမ ၉ လတာကာလအတွင်း ထိုင်းနိုင်ငံသည် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁.၇၁ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ အဆိုပါပမာဏသည် အာဖရိကနိုင်ငံများသို့ တင်ပို့ခဲ့သည့် ဆန်တန်ချိန် ၁.၇၃ သန်းနှင့် မတိမ်းမယိမ်းဖြစ်ရာ ဆန်တင်ပို့မှု ဈေးကွက်များကို ပိုမိုမျှတစွာ ခွဲဝေတင်ပို့လာနိုင်ကြောင်း ထင်ဟပ် ပြသနေသည်။ ထိုကာလအတွင်း သိသိသာသာ တိုးတက်လာသည့် အဓိက ပို့ကုန်ဈေးကွက်များမှာ ဖိလစ်ပိုင်၊ ယခင်နှစ်ထက် ၁၅၅% တိုးတက်ခဲ့သည့် မလေးရှား၊ ၆၃% တိုးတက်ခဲ့သည့် ဟောင်ကောင်နှင့် ၂% တိုးတက်ခဲ့သည့် မိုဇမ်ဘစ် တို့ဖြစ်ကြသည်။ ယခုကဲ့သို့ တိုးတက်မှုများရှိခဲ့သော်လည်း ယခု နှစ် စုစုပေါင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၆.၅ သန်းခန့်သာ ရောက်ရှိနိုင်သဖြင့် လျာထားချက်ဖြစ်သော တန်ချိန် ၇ သန်းအောက် လျော့နည်းနိုင်ကြောင်း Ms. Arada. က ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသစစ်ပွဲကြောင့် ဟောမုဇ်ရေလက်ကြား (Strait of Hormuz) ကို အစိတ်ပိုင်းမျှ ပိတ်ဆို့ခဲ့ရသဖြင့် အီရတ်သို့ ဆန်တင်ပို့မှု ထိခိုက်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ သည် အီရတ်သို့ ဆန်တန်ချိန် ၁ သန်းကျော် တင်ပို့ခဲ့ဖူးသည်။ တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှား နိုင်ငံသည် ပြည်တွင်းစားသုံးမှုကို မြှင့်တင်ရန် ရည်ရွယ်သည့်အတွက် ယခုနှစ်တွင် ထိုင်းဆန် တင်သွင်း မှုကို ရပ်ဆိုင်းခဲ့သည်။
အမေရိကန်သို့ ထိုင်းဆန်မွှေး Hom Mali ဆန် တင်ပို့မှုသည် အခွန်တိုးမြှင့်ခံရခြင်းကြောင့် ထိခိုက်ခဲ့ရသည့်အပြင် အမေရိကန်တွင် ကုန်ဈေးနှုန်း ကြီးမြင့်မှု (ငွေကြေးဖောင်းပွမှု) ကြောင့်လည်း ဝယ်လိုအား ကျဆင်းခဲ့သည်။ ထို့အပြင် ကုန်သွယ်ရေး ဆွေးနွေးပွဲများ၏ ရလဒ်ကြောင့် ဂျပန်နိုင်ငံ သည် အမေရိကန်ထံမှ ဆန်တင်သွင်းမှုကို တိုးမြှင့်ခဲ့သည်။ ထိုင်းဆန်ဖြူ ၅% ၏ ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၄၈၀ ခန့်ရှိပြီး ဗီယက်နမ်ဆန် ($၄၂၀) နှင့် အိန္ဒိယဆန် ($၃၈၈) တို့နှင့် နှိုင်းယှဉ်ပါက ပြိုင်ဘက်များထက် ဈေးနှုန်း ပိုမိုမြင့်မားနေသည်။ DFT အနေဖြင့် ဟောင်ကောင်၊ ဂျပန်၊ ဖိလစ်ပိုင်နှင့် အာဖရိက အပါအဝင် အဓိကဈေးကွက်များမှ တင်သွင်းသူများနှင့် ကုန်သွယ်ရေး သံတမန်အဖွဲ့များ စေလွှတ်ခြင်း၊ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ဖြင့် ဆန်တင်ပို့မှုကို အရှိန်မြှင့် ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။
ထို့အပြင် လုပ်ငန်းစုများအကြား ဆက်ဆံရေး ခိုင်မာစေရန်၊ ထိုင်းဆန်၏ အရည်အသွေးကို မြှင့်တင်ပြသရန်နှင့် အော်ဒါသစ်များ ရရှိရန်အတွက် အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံများနှင့် ကုန်ပစ္စည်းပြပွဲများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ပီလောပီနံ တင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမ ၉ လအတွင်း တန်ချိန် ၃.၂၄ သန်းသာ တင်ပို့နိုင်ခဲ့ရာ ယခင်နှစ် အလားတူကာလ၏ တန်ချိန် ၇.၂၂ သန်းနှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားခဲ့သည်။ ဝယ်လိုအား လျော့နည်းခြင်း၊ ထုတ်လုပ်မှု အထွက်နှုန်း နည်းပါးခြင်းကြောင့် ရရှိနိုင်သည့် ပမာဏနည်းပါးခြင်း နှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ဂိတ်များ ပိတ်ထားခြင်းတို့ကြောင့် ယခုကဲ့သို့ ကျဆင်းရခြင်း ဖြစ်သည်။
Source: Bangkok Post, November 02, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















