အိန္ဒိယ၏ ပဲစင်းငုံစိုက်ပျိုးမှု ဧရိယာတိုးတက်သော်လည်း ခြောက်သွေ့ရာသီဥတုကြောင့် အထွက် ကျဆင်းဖွယ်ရှိ
အိန္ဒိယနိုင်ငံ၏ ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုမှာ အစိုးရ၏ ရည်မှန်းတန်ချိန် ၄၀ သိန်းအောက် လျော့နည်းလျက် တန်ချိန် ၂၀ မှ ၂၅ သိန်းခန့်ထွက်ရှိနိုင်ကြောင်း ကုန်သည်များ၏ ခန့်မှန်းချက်အရ သိရှိရသည်။
စိုက်ပျိုးမှုဧရိယာတိုးတက်လာသော်လည်း အဓိကစိုက်ပျိုးသည့် ပြည်နယ်များဖြစ်သော ကာနာ တကာပြည်နယ်နှင့် မဟာရဋ္ဌပြည်နယ်တို့တွင် ခြောက်သွေ့ရာသီကြောင့် သီးနှံများ ထိခိုက်ပျက်စီး မှုဖြစ်ပေါ်ခဲ့သည့်အပြင် ဂူဂျာရတ်ပြည်နယ်နှင့် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တို့ရှိ ဒေသအချို့တွင်လည်း အလားတူထိခိုက်ပျက်စီးမှုများကြောင့် ပဲစင်းငုံထွက်ရှိမှုလျော့ကျနိုင်ကြောင်း ခန့်မှန်းထားသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်(သောကြာနေ့) တွင် အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်ပဲ သီးနှံအသင်းမှ ကျင်းပပြုလုပ်သည့် အွန်လိုင်းဆွေးနွေးပွဲ၌ ပဲစင်းငုံသီးနှံ ခန့်မှန်းချက်အနေဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက စိုက်ပျိုးဧရိယာ အနည်းငယ်တိုးတက်လာသော်လည်း ရာသီနှောင်းပိုင်း တွင် မြေဆီလွှာအစိုဓာတ် လျော့နည်းလာခြင်းကြောင့် တစ်ဧကအထွက်နှုန်းအပေါ် စိုးရိမ်မှုများ မြင့်တက်နေကြောင်း အဆိုပါအသင်း (IPGA) ၏ ဂုဏ်ထူးဆောင်အတွင်းရေးမှူး Satish Upadhyay က ပြောကြားခဲ့သည်။ ထုတ်လုပ်မှုပမာဏသည် ကုန်သည်အသိုင်းအဝိုင်း၏ ခန့်မှန်းချက်အတိုင်း ဖြစ်ပေါ်လာပါက ပြည်တွင်းလိုအပ်ချက်နှင့် ရောင်းလိုအားမျှတစေရန် သွင်းကုန်များ၊ လက်ကျန် သိုလှောင်မှုများနှင့် အခြားပဲအမျိုးအစားများဖြင့် အစားထိုးသုံးစွဲမှုတို့သည် အရေးပါသည့် အခြေ အနေရှိလာနိုင်သည်။
၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း ပဲစင်းငုံစိုက်ပျိုးမှုဧရိယာမှာ ဟက်တာ ၄၇.၂၅ သိန်း ဖြင့် ယခင်နှစ် စိုက်ပျိုးဧရိယာဟက်တာ ၄၅.၉၅ သိန်းနှင့် နှိုင်းယှဉ်ပါက ၂.၈၃ ရာခိုင်နှုန်း တိုးမြင့် လာခဲ့သည်။ အိန္ဒိယနိုင်ငံ၏ နှစ်စဉ်ပဲစင်းငုံစားသုံးမှုမှာ တန်ချိန် ၄၀ သိန်းမှ ၄၅ သိန်း အတွင်းရှိနိုင် ကြောင်း ခန့်မှန်းထားသည်။
ပဲစင်းငုံထွက်ရှိမှု လျော့ကျနိုင်ကြောင်း ခန့်မှန်းထားသော်လည်း စုစုပေါင်းရရှိနိုင်မည့် ပဲစင်းငုံ ပမာဏမှာ တန်ချိန် ၄၀ သိန်းမှ ၅၀ သိန်း အတွင်းရှိနိုင်သဖြင့် ပြည်တွင်းစားသုံးမှု လိုအပ်ချက်နှင့် ကိုက်ညီနိုင်မည်ဖြစ်ကြောင်း IPGA ၏ ဂုဏ်ထူးဆောင်အတွင်းရေးမှူးက ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ပဲစင်းငုံတင်သွင်းမှုပမာဏမှာ တန်ချိန် ၁၀ သိန်းမှ ၁၂ သိန်း အတွင်းရှိနိုင်ပြီး အစိုးရ၏ အရန်သိုလှောင်ပဲစင်းငုံလက်ကျန်မှာ တန်ချိန် ၈ သိန်းမှ ၁၀ သိန်းအတွင်း ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့အပြင် ကုန်သည်များနှင့် ပဲခွဲစက်များ၏ လက်ကျန်သိုလှောင်မှုပမာဏမှာ တန်ချိန် ၂ သိန်းမှ ၃ သိန်းအတွင်း ရှိနိုင်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှ ပဲစင်းငုံတင်သွင်းမှုမှာ တန်ချိန် ၃.၂၅ သိန်းမှ ၃.၅ သိန်းအတွင်း ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး၊ အာဖရိကနိုင်ငံများမှ တင်သွင်းရရှိမည့် ပမာဏမှာလည်း ဒေသတွင်း ပဲစင်းငုံထုတ် လုပ်မှု မျှော်မှန်းထားသည်ထက် လျော့နည်းခဲ့ခြင်းကြောင့် တန်ချိန် ၈ သိန်းမှ ၁၀ သိန်းခန့်ရှိနိုင် ကြောင်း ခန့်မှန်းထားသည်။ ထို့အပြင် ဘရာဇီးနိုင်ငံသည် ယခုနှစ်တွင် ပဲစင်းငုံတင်ပို့သည့် နိုင်ငံ အသစ်တစ် နိုင်ငံအဖြစ် ပါဝင်လာပြီး လာမည့် မတ်လအထိ အဆိုပါနိုင်ငံမှ တင်သွင်းရရှိနိုင်မည့် ပမာဏမှာ တန်ချိန် ၁၀,၀၀၀ မှ ၂၀,၀၀၀ အတွင်း ရှိနိုင်ကြောင်း သိရသည်။
ဇွန်လအတွင်း မုတ်သုံမိုးရွာသွန်းမှု အားနည်းခဲ့ခြင်းကြောင့် ရာသီအစပိုင်းတွင် စိုက်ပျိုးမှု နောက်ကျခဲ့သော်လည်း ဇူလိုင်လအတွင်း မိုးရွာသွန်းမှု ပိုမိုကောင်းမွန်လာခြင်းကြောင့် ယခင် ဆုံးရှုံးခဲ့သည့် စိုက်ပျိုးမှုအခြေအနေကို ပြန်လည်ဖြည့်ဆည်းနိုင်ခဲ့သည်။ သို့သော် မဟာရဋ္ဌပြည် နယ်နှင့် ကာနာတာကာပြည်နယ်များတွင် မိုးရွာသွန်းမှု မညီမျှခြင်းနှင့် မိုးခေါင်သည့်ကာလများ ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် မြေဆီလွှာအစိုဓာတ် လျော့နည်းလာပြီး ရာသီနှောင်းပိုင်း စိုက်ပျိုးမှုများ လည်း နှောင့်နှေးခဲ့သည်။
ရာသီနှောင်းပိုင်းတွင် မိုးခေါင်သည့်ကာလများ ဖြစ်ပေါ်ပါက သီးနှံဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင် ပြီး ယင်းအခြေအနေကြောင့် ထွက်ရှိမှုပမာဏနှင့် အရည်အသွေးတို့အပေါ် သက်ရောက်မှုရှိနိုင် ကြောင်း၊ အမှန်တကယ်ရရှိမည့် အထွက်နှုန်းကိုမူ သီးနှံရိတ်သိမ်း စမ်းသပ်တိုင်းတာမှုများအရ အတည်ပြုနိုင်မည်ဖြစ်သည်။
စိုက်ပျိုးဧရိယာ ပိုမိုများပြားလာသော်လည်း ရာသီဥတုအခြေအနေကြောင့် အထွက်နှုန်း ကျဆင်းပါက ထုတ်လုပ်မှုပမာဏ လျော့နည်းနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်နိုင်ကြောင်း သိရ သည်။ ထုတ်လုပ်မှုပမာဏနောက်ဆုံးအခြေအနေကို အတည်ပြုနိုင်ရန်အတွက် မြေပြင်ကွင်းဆင်း စစ်ဆေးမှုရလဒ်များအပေါ် ဆက်လက်မူတည်နေမည်ဖြစ်ကြောင်း သိရှိရသည်။
Source: The Hindu Business Line, November 03, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















