အကျိုးအမြတ် ပိုမိုရရှိရန် အင်ဒိုနီးရှားသည် စားအုန်းဆီ တိုက်ရိုက်တင်ပို့မှုစနစ် ကြိုးပမ်းလုပ်ဆောင်နေ

        အင်ဒိုနီးရှားသည် စားအုန်းဆီကြမ်း (CPO) ကို အိမ်နီးချင်းနိုင်ငံများမှတဆင့် တင်ပို့ခြင်းအစား နောက်ဆုံး၀ယ်လက်များ(End Buyers)သို့ တိုက်ရိုက်တင်ပို့လိုကြောင်း စားနပ်ရိက္ခာရေးရာ ညှိနှိုင်းရေးဝန်ကြီး Mr. Zulkifli Hasan က နိုဝင်ဘာ ၄ ရက် (ဗုဒ္ဓဟူးနေ့) တွင် ပြောကြားခဲ့သည်။ 

      အင်ဒိုနီးရှားသည် စားအုန်းဆီ၊ နီကယ်နှင့် သံဖြူအပါအဝင် မဟာဗျူဟာကျသော ကုန်ပစ္စည်းများအား အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် တင်ပို့နေသောကြောင့် အချို့သောပို့ကုန်များမှ အမြတ်အစွန်းများ မရရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီ၊ နီကယ်နဲ့ သံဖြူကို အကြီးမားဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများကို ဖြတ်ကျော်ပြီး တင်ပို့လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

      ပြည်တွင်းဈေးကွက်တွင် စားအုန်းဆီကြမ်း တစ်ကီလိုဂရမ်လျှင် အင်ဒိုနီးရှား ရူပီယား ၂၇,၀၀၀ (အမေရိကန်ဒေါ်လာ ၁.၄၉ ခန့်) ဈေးနှုန်း ရရှိသော်လည်း အိမ်နီးချင်းနိုင်ငံများကို ရူပီယား ၁၅,၀၀၀ (အမေရိကန်ဒေါ်လာ ၀.၈၃ ခန့်) ဖြင့်သာ ရောင်းချခဲ့ရကြောင်း စားအုန်းဆီ ဈေးနှုန်းကွာဟ ချက်ကို ကိုးကားပြောကြားခဲ့ခြင်းဖြစ်သည်။ 

      နှစ်အတော်ကြာ ဆုံးရှုံးမှုဖြစ်ပေါ်နေသဖြင့် အဆိုပါအခြေအနေကို ကျေနပ်မှုမရှိသည့်အတွက် တိုက်ရိုက်တင်ပို့လိုကြောင်း ဝန်ကြီး Zulkifli ကပြောကြားသည်။ အဆိုပါပြဿနာသည် ကုန်သွယ်မှုဆောင်ရွက်ခြင်းထက် ကျော်လွန်သွားကြောင်းနှင့် အင်ဒိုနီးရှားအနေဖြင့် ဖြန့်ဖြူးရေး ကွင်းဆက်များကို ထိန်းချုပ်နိုင်မှုနှင့် နိုင်ငံ၏သဘာဝအရင်းအမြစ်များမှ တန်ဖိုးကို ပိုမိုရယူနိုင်စွမ်း ရှိမှုကိုပါ ထင်ဟပ်စေလျက်ရှိသည်။ 

     အင်ဒိုနီးရှားသည် သစ်တောနှင့် တောမီးလောင်ကျွမ်းမှုများ၊ ဘာလီတွင် လောင်စာဆီ တန်းစီရခြင်းနှင့် ပြည်တွင်းဘဏ္ဍာရေးဈေးကွက်အပေါ် ဖိအားများဖြစ်ပေါ်ခြင်း အပါအဝင် အင်ဒိုနီးရှား သည် အားနည်းချက်များ၊ ဆိုးကျိုးများနှင့် မကြာခဏ ရင်ဆိုင်ကြုံတွေ့ရမှုများကို ၎င်းကရည်ညွှန်း ပြောကြားထားသည်။ တစ်ခုခုဖြစ်ပေါ်တိုင်း အင်ဒိုနီးရှားက အရှုံးနှင့်သာ ရင်ဆိုင်နေရပါသည်ဟု ၎င်းက ဆိုသည်။ 

        ဆက်လက်၍ ဝန်ကြီး Zulkifli သည် Morgan Stanley Capital International (MSCI) က အင်ဒိုနီးရှား၏ အရင်းအနှီးဈေးကွက် ဆန်းစစ်မှုကိုလည်း ရည်ညွှန်းပြောကြားခဲ့ကြောင်း၊ ယင်းဖိအားများသည် စီးပွားရေးတည်ငြိမ်မှုနှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်ရန် စိန်ခေါ် မှုများနှင့်ဆက်စပ်မှုရှိလာကြောင်း၊ ပန်ကာစီလာ(Pancasila) ခေါ် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေး အတွေးအခေါ်များနှင့် ၁၉၄၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အထူးသဖြင့် အပိုဒ် ၃၃ ကို နားလည်ရန် အရေးကြီးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ 

       ဝန်ကြီး Zulkifli က ကုန်စည်တင်ပို့မှုအပြင် ဆန်၊ ဂျုံ၊ သကြား၊ ပဲပုပ်နှင့် ဆားတို့ကို တင်သွင်းမှုအပေါ် မှီခိုနေရခြင်းကြောင့် စားနပ်ရိက္ခာဖူလုံမှုမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ လယ်သမားများ၊ မွေးမြူရေးထုတ်ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် တံငါသည်များကြားတွင် စက်မှုလယ်ယာ၊ နည်းပညာအသုံးပြုမှုနှင့် ပိုမိုကောင်းမွန်သော ထုတ်လုပ်မှု စီမံခန့်ခွဲမှုတို့မှ တစ်ဆင့်ကုန်ထုတ်စွမ်းအားမြင့်မားလာအောင် ဆောင်ရွက်ကြရန် ၎င်းကတောင်းဆို ခဲ့သည်။ 

      ပြည်သူများအနေဖြင့် အကူအညီနှင့် ငွေသားလွှဲပြောင်းမှုတွေအပေါ် မှီခိုနေပါက တိုင်းပြည် တိုးတက်နိုင်မှုမရှိနိုင်သဖြင့် ပြည်သူများကို လေ့ကျင့်ပေးပြီး တိုးတက်ဖြစ်ထွန်းလာမည့် အခွင့်အလမ်းများ ဖန်တီးပေးရမည်ဟု အင်ဒိုနီးရှား၊ စားနပ်ရိက္ခာရေးရာ ညှိနှိုင်းရေးဝန်ကြီး Mr. Zulkifli Hasan က ပြောကြားခဲ့ကြောင်း သိရှိရသည်။

 Source: Antara Indonesia News Agency, November 04, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)