စင်ကာပူနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် တောင်အာဖရိကနိုင်ငံများ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ

Powered by Drupal

စင်ကာပူနိုင်ငံ

၁။      စင်ကာပူနိုင်ငံသည်  အာဆီယံ ဝန်ဆောင်မှု ကုန်သွယ်ရေးသဘောတူစာချုပ် (ASEAN Trade in Services Agreement- ATISA) အား ၂၀၂၁ ခုနှစ် ဧပြီလ(၅) ရက်နေ့တွင် အတည်ပြု လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ATISA ကို ပထမဆုံး အတည်ပြု လက်မှတ် ရေးထိုးလိုက်သည့်နိုင်ငံဖြစ်ပြီး ထိုသို့ အတည်ပြုလက်မှတ်ရေးထိုးလိုက်သည့်အတွက် ATISA အောက်တွင်ရှိသော စင်ကာပူနိုင်ငံ၏အခွင့်အရေးနှင့်တာဝန်များသည် ၎င်းနေ့မှစတင်ပြီဖြစ်ကြောင်း၊  ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ယခုနှစ်အတွင်း အတည်ပြုလက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍသည် အာဆီယံ၏စီးပွားရေးတွင် အရေးပါမှုမြင့်တက်လာနေရာ ၂၀၁၉ ခုနှစ်တွင် အာဆီယံ၏ ဝန်ဆောင်မှုကုန်သွယ်ရေး (Services Trade) သည် အမေရိကန်ဒေါ်လာ (၈၄၄.၃ဘီလီယံ) ရှိပြီး အာဆီယံ GDP ၏ (၅၀.၆%)ကို ကိုယ်စားပြုကြောင်း၊ အာဆီယံသည် အီးယူနှင့် ဂျပန်နိုင်ငံပြီးလျှင် စင်ကာပူ၏ တတိယအများဆုံးဝန်ဆောင်မှု ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ရာ ၂၀၁၉ ခုနှစ်တွင် အာဆီယံသို့ တင်ပို့ခဲ့သော စင်ကာပူနိုင်ငံ၏ ဝန်ဆောင်မှုပို့ကုန်(Services Exports)ပမာဏသည် စင်ကာပူဒေါ်လာ (၂၇.၃ ဘီလီယံ)ရှိပြီး (၁၁.၃ %)တိုးတက်ခဲ့ကြောင်း၊  ထိုပမာဏသည် စင်ကာပူ ဝန်ဆောင်မှု ပို့ကုန်စုစုပေါင်းပမာဏ၏ (၁၀.၇%)ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် စာရင်းအရ စင်ကာပူ၏ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် လုပ်သားဉီးရေ (၁.၈၉ သန်း) ကျော် (သို့) ပြည်တွင်း အလုပ်အကိုင် စုစုပေါင်း၏ (၈၅%) ကျော်ရှိကြောင်း၊ ATISA အား စင်ကာပူမှ အတည်ပြု လက်မှတ်ရေးထိုးခြင်းသည်  အာဆီယံ၏ခိုင်မာသော ကတိကဝတ်ကို ထင်ဟပ်စေပြီး အာဆီယံတွင် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ ပိုမိုပွင့်လင်းမြင်သာသော၊ တည်ငြိမ်မှုရှိသော၊  ကြိုတင်ခန့်မှန်းနိုင်သော ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂။       ဤသဘောတူစာချုပ်သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာ စီမံဆောင်ရွက်ချက်များ ကောင်းမွန်လာစေရန် ပံ့ပိုးပေးမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများအနေဖြင့် ဈေးကွက်ဝင်ရောက်မှုမြင့်မားခြင်း နှင့် ခွဲခြားဆက်ဆံသည့် စည်းမျည်းစည်းကမ်း အတားအဆီးများ လျော့နည်းလာခြင်းစသည့်အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်ကြောင်း၊ ဤ အကျိုးကျေးဇူးများကို မကြာမီကာလတွင် ခံစားရရှိနိုင်ရန်အတွက် အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ATISA အား အမြန်ဆုံး လက်မှတ်ရေးထိုးလာစေရေး ဆက်လက် တိုက်တွန်းသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- စင်ကာပူနိုင်ငံ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံ

၃။      ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်း တန်ချိန် ၁ သိန်း ၅ သောင်း၊ ပဲစင်းငုံ တန်ချိန် ၄ သိန်းနှင့် မတ်ပဲ တန်ချိန် ၄ သိန်းတို့ကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) က သတ်မှတ်သည့် လိုင်စင်လျှောက်ထားရန် လုပ်ထုံးလုပ်နည်း များနှင့် အညီ ပဲခွဲစက်များ၊ ပဲပြန်လည်သန့်စင်ရေးလုပ်ငန်းများနှင့် ကုန်သည်များသို့ ခွဲတမ်းချထား ပေးမည် ဖြစ်ကြောင်းကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက မတ်လအတွင်း၌ အမိန့် ကြော်ငြာစာများ ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် DGFT ဌာနသည် အဆိုပါ ပဲ ၃ မျိုး တင် သွင်းခွင့် ခွဲတမ်းများ ခွဲဝေချထားနိုင်ရန်အတွက် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ၁၅-၄-၂၀၂၁ နေ့၊ ၁၇း၀၀ နာရီ နောက်ဆုံးထားလျက် ၎င်းတို့ဌာန၏ အင်တာနက်ဝက်ဘ်ဆိုက်မှတစ်ဆင့် လျှောက်လွှာများ တင်သွင်းခြင်းကို ဆောင်ရွက်ကြရန် ၃၀-၃-၂၀၂၁ နေ့၌ အများပြည်သူဆိုင်ရာ အသိပေးနှိုးဆော်စာ ထုတ်ပြန်ခဲ့ပါသည်။       အဆိုပါ နှိုးဆော်စာ၌ ပဲတင်သွင်းခွင့် လျှောက် ထားမှုကို ဝက်ဘ်ဆိုက်မှသာ လက်ခံမည်ဖြစ်ပြီး အီးမေးလ်များ၊ စာတိုက်ပေးပို့စာများကို လက်ခံ မည် မဟုတ်ကြောင်း၊ ပဲတင်သွင်း ခွင့်ခွဲတမ်းအတွက် လျှောက်ထားသူအရေအတွက်ကို ကြိုတင် သတ်မှတ်ထားသဖြင့် သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသည့် ကုမ္ပဏီများကိုသာ မဲနှိုက် စနစ်အပေါ် အခြေခံ၍ ရွေးချယ်မည် ဖြစ်ပြီး တင်သွင်းရမည့် ပဲတန်ချိန်ကို အညီအမျှ ခွဲဝေချထားမည်ဖြစ်ကြောင်း၊ ပဲများ တင်သွင်းရမည့် ကာလမှာ ခွဲတမ်းထုတ်ပြန်ချိန်မှ ၃၁-၃-၂၀၂၂ နေ့ အထိဖြစ်ရာ တင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများ အနေဖြင့် ၎င်းနေ့ရက် နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းသို့အရောက် တင်သွင်းကြရမည် ဖြစ်ကြောင်း၊ ပဲမျိုးစုံ သတ်မှတ် ခွဲတမ်းပမာဏ၏ ၅၀ ရာခိုင်နှုန်းအောက် လျော့နည်းတင်သွင်းသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များအား နောင်လာမည့် နှစ်များ၌ ပဲတင်သွင်းခွင့်လျှောက်ထားရာတွင် ပါဝင်ခွင့်ပြုမည် မဟုတ် ကြောင်း၊ ပဲတင်သွင်းခွင့် ကာလသက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားမှု များကိုလည်း လက်ခံ ဆောင်ရွက်မည် မဟုတ်ကြောင်း ဖော်ပြထားပါသည်။

၄။      မတ်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် ကျင်းပသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စိုက်ပျိုးရေးဆိုင်ရာကော်မတီ အစည်းအဝေး၌ အိန္ဒိယနိုင်ငံက ချမှတ်ဆောင်ရွက်လျက်ရှိသော ပို့ကုန်ဆိုင်ရာ အခွန်သက်သာခွင့်ပေးအပ်မှု အစီအစဉ် (Remission of Duties and Taxes on Exported Products (RoDTEP) scheme) အပေါ် အမေရိကန်နိုင်ငံက မေးခွန်းများထုတ်ခဲ့ ကြောင်း သိရှိရပါသည်။   အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၅-၂၀၂၀ ပြည်ပကုန်သွယ်ရေးမူဝါဒ၏ တစ်စိတ် တစ်ဒေသ အဖြစ် မိမိနိုင်ငံထွက်ပို့ကုန်များ၏ ပြည်ပဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းအား မြှင့်တင်ရန်အတွက် အိန္ဒိယပို့ကုန်မြှင့်တင်မှု အစီအစဉ် (Merchandise Exports from India Scheme - MEIS) ကို ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်၌ အမေရိကန်နိုင်ငံက WTO ၌ အငြင်း ပွားမှု တင်သွင်းခဲ့သည်။ အဆိုပါအငြင်းပွားမှုကိစ္စအပေါ် ၂၀၁၉ ခုနှစ်တွင် အရေးနိမ့်ခဲ့ပြီးနောက် အိန္ဒိယ အစိုးရသည် MEIS နှင့် RoSCTL ခေါ် အထည်အလိပ်ပို့ကုန်များ အပေါ် ပေးအပ် လျက်ရှိသည့် အခွန် သက်သာခွင့် အစီအစဉ်တို့ကို ပြန်လည်ပြင်ဆင်ပေါင်းစပ်လျက် RoDTEP အစီ အစဉ်အဖြစ် ၁-၁-၂၀၂၁ နေ့မှ စတင် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သည်။အဆိုပါ RoDTEP အရ ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်မြေဒေသအလိုက် ကောက်ခံသည့် အခကြေးငွေများ၊ ကျောက် မီးသွေးအသုံးပြုမှု ထပ်ဆောင်းအခွန်များ၊ လျှပ်စစ် ဓာတ်အား ခများ၊ သယ်ယူပို့ဆောင်မှုအတွက် အသုံးပြုရသည့် လောင်စာဆီအပေါ် ပေးဆောင်ရသော အခွန်များ စသည့်တို့အပါအဝင် ပို့ကုန် အတွက်ပေးဆောင်ရသော သွင်းအားစုဆိုင်ရာ အခွန်အခများကို ကုန်စည်တင်ပို့ပြီးစီးချိန်၌ အစိုးရ ထံမှ ပြန်လည်ထုတ်ယူရရှိနိုင်မည်ဖြစ်သည်။

၅။      အိန္ဒိယ၏ RoDTEP အစီအစဉ်နှင့် ပတ်သက်၍ လုပ်ငန်းလမ်းညွှန်ချက်များ၊  အကျုံးဝင် သည့် စိုက်ပျိုးရေးထုတ်ကုန်များနှင့် ပြန်လည်ထုတ်ပေးမည့် အခွန်အခနှုန်းထားများနှင့် လက်တွေ့ အကောင်အထည်ဖော်မှု အခြေအနေတို့ကို ရှင်းလင်းချက်ပေးရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အစည်းအဝေး၌ အမေရိကန်နိုင်ငံက မေးမြန်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဖေဖော်ဝါရီ လအတွင်း၌ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ထုတ်ပြန်ပြောဆိုခဲ့သည့် သွင်းကုန်အပေါ် အခြေခံ အကောက်ခွန် နှုန်းထားအပြင် စိုက်ပျိုးရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်း အခွန် (Agriculture Infrastructure and Development Cess) အား သီးခြားကောက်ခံမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ မည်သည့်အတွက် ၂ မျိုးခွဲခြားကောက်ခံရခြင်းဖြစ်ကြောင်းကိုလည်း မေးခွန်းထုတ်ခဲ့သည် ။အဆိုပါ WTO အစည်းအဝေး၌ အမေရိကန်နှင့် ဩစတေးလျနိုင်ငံတို့က အိန္ဒိယ၏ ဝါဂွမ်းအပေါ် သွင်းကုန်အခွန်တိုးမြှင့်မှု၊ သကြားနှင့် ဇီဝလောင်စာ (Biofuel) တို့အတွက် ပို့ကုန်ဆိုင်ရာ အထောက် အပံ့များပေးအပ်မှုတို့အပေါ် ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့ကြသည်။ အလားတူ အိန္ဒိယ၏ ပဲမျိုးစုံ တင်သွင်းမှုအား အရေအတွက်အရ ကန့်သတ်ထားရှိမှုနှင့်ပတ်သက်၍ ထိုသို့ လုပ်ဆောင်ခြင်းမှာ ၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး WTO ၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီ မှုမရှိကြောင်း ပြောဆိုလျက် ဩစတေးလျ၊ ကနေဒါ၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့က မေးခွန်း ထုတ်ခဲ့ကြကြောင်း သိရှိရသည်။

၆။      အိန္ဒိယနိုင်ငံ၌ မိသားစုတိုင်းထံသို့ ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့် ကောက်ပဲသီးနှံများ ‌ရောက်ရှိစားသုံးနိုင်စေရေးအတွက် ပြည်သူ့ဖြန့်ဖြူးရေးစနစ်ကို ခေတ်နှင့်အညီ တိုးတက်ကောင်း မွန်ရန် အစိုးရက ဆောင်ရွက်လျက်ရှိရာ ဝယ်ယူရေးလုပ်ငန်းအစမှ ဖြန့်ဖြူးမှုလုပ်ငန်းအဆုံးအထိ IT နည်းပညာများဖြင့် လုပ်ငန်းစဉ်များအား ခြေရာခံခြင်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပါ သည်။ အိန္ဒိယ စားသုံးသူရေးရာနှင့် စားသောက်ကုန် ပြည်သူ့ဖြန့်ဖြူးရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦး၏ ပြောကြားချက်အရ အရည်အသွေးမြှင့်တင်မှုနှင့် အသိအမှတ်ပြုမှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း များအား ဆောင်ရွက်လျက်ရှိသော အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် အိန္ဒိယ အရည် အသွေးကောင်စီ (Quality Council of India - QCI) အား ကောက်ပဲသီးနှံ ပြည်သူ့ဖြန့် ဖြူးရေးစနစ်ကို အဆင့်မြှင့်တင်ရန် အိန္ဒိယအစိုးရက တာဝန်ပေးအပ်ခဲ့ကြောင်း၊ QCI သည် လက်ရှိ ဆောင်ရွက်နေ သော စံချိန်စံညွှန်းများ၏စနစ်ကို ပြန်လည်သုံးလျက် အဆင့်မြှင့်တင်ခြင်း၊ ဒီဂျစ်တယ်နည်းပညာ ခြေရာခံစနစ်ကို အသုံးပြု၍ ကမ္ဘာ့အဆင့်မီ လုပ်ငန်းအလေ့အထများအား မိတ်ဆက်ဆောင်ရွက်ခြင်း၊ တတိယကြားခံ အဖွဲ့အစည်းတစ်ရပ်အဖြစ် ကောက်ပဲသီးနှံများ ဝယ်ယူမှု၊ သိုလှောင်ထိန်းသိမ်းမှုနှင့် ဖြန့်ဖြူးမှုလုပ်ငန်းများ၌ သက်သေခံလက်မှတ်ထုတ်ပေးခြင်း တို့ကို တာဝန်ယူ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ သီးနှံသိုလှောင်မှုနှင့် ဖြန့်ဖြူးမှု လုပ်ငန်းများတွင် ဒီဂျစ်တယ်နည်းပညာ အသုံးပြု ခြင်းဖြင့် စနစ်အတွင်း ထင်သာမြင်သာရှိပြီး လေလွင့်ဆုံးရှုံးမှုများကိုလည်း လျော့ချနိုင်မည် ဖြစ်ကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြပါသည်။

၇။      အိန္ဒိယနိုင်ငံအတွင်း လူဦးရေစုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းခန့်အနေဖြင့် အစိုးရ၏ ရိက္ခာ ခွဲတမ်းစနစ်မှ အရည်အသွေးကောင်းမွန်၍ အာဟာရပြည့်ဝသည့် စားသောက်ကုန်များကို ဝယ်ယူ ရရှိနိုင်စေရေးအတွက် စားသောက်ကုန် သွင်းအားစု ကွင်းဆက်တစ်လျောက် တောင်သူများထံမှ စားသုံးသူထံသို့ရောက်ရှိသည်အထိ လုပ်ငန်းအဆင့်တိုင်းတွင် အရည်အသွေးစီမံခန့်ခွဲမှုစနစ်ကို မဖြစ်မနေ လုပ်ဆောင်ရန် အိန္ဒိယအစိုးရက သတ်မှတ်ထားပါသည်။နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း တစ်ခုဖြစ်သော အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်း (FCI) သည် မကြာသေးမီကာလကပင် အစိုးရဝယ်ယူရေးလုပ်ငန်းစဉ်အောက်ရှိ ကောက်ပဲသီးနှံများ၏ အရည်အသွေး စံချိန်စံညွှန်း သတ် မှတ်ချက်များအား အဆင့်မြှင့်တင်ရန် အဆိုပြုခဲ့သည်။ FCI က သိပ္ပံနည်းကျ အရည်အသွေး ထိန်းသိမ်းမှုများနှင့်အညီ ဂျုံ၏သိုလှောင်နိုင်မှု သက်တမ်း ကြာရှည်ခံနိုင်ရန်အတွက် ဂျုံ၌ အစိုဓာတ်ပါဝင်မှု လက်ရှိသတ်မှတ်ချက် ၁၄% ကို ၁၂% သို့ လျော့ချပြင်ဆင် ရန်နှင့် အခြားပြင်ပ ပစ္စည်းများ (foreign matter) ပါဝင်မှုကိုလည်း ၀.၇၅% မှ ၀.၅% သို့ ပြောင်း လဲ သတ်မှတ်ရန် အကြံပြုထားသည်။ ထို့အပြင် ပြည်နယ်အစိုးရများအနေဖြင့် ဝယ်ယူမှုလုပ်ငန်း များ စတင်ခြင်း မပြုမီကပင် စိုက်ခင်းသုံး ပိုးသတ်ဆေးကြွင်းများ ပါဝင်မှုအခြေအနေကို စစ်ဆေး သင့်ကြောင်း၊ သို့မှသာ ပိုးသတ်ဆေးများအား မဆင်မခြင်သုံးစွဲမှုကို ကြပ်မတ်နိုင်မည်ဖြစ်ကြောင်း၊ ပိုးသတ်ဆေး ဓာတ်ကြွင်းနှင့် ပတ်သက်၍ အခြားလိုအပ်သည့် စစ်ဆေးကြပ်မတ်မှုများကိုလည်း လုပ်ဆောင် သင့်ကြောင်းဖြင့် FCI က အဆိုပြုထားပါသည်။

၈။      အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်သက်ရောက်မှုများ ကို ကုစားရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မူဝါဒများ ပြောင်းလဲပြင်ဆင်ခြင်း၊ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ လွယ်ကူစွာ လုပ်ကိုင်နိုင်ရန် အစီအမံများ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ရလဒ် ကောင်းများ ရရှိလာပြီဖြစ်ကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၏ ၅-၄-၂၀၂၁ နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။အဆိုပါ သတင်းထုတ်ပြန်ချက်၌ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ၁၀ လအတွင်း အိန္ဒိယနိုင်ငံသို့ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂.၁၂ ဘီလီယံရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ၁၅% ပိုမို တိုးတက်ရရှိကြောင်း၊ ၎င်းပမာဏ အနက် အီကွီတီခေါ် အစုရှယ်ယာရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၅၄.၁၈ ယီလီယံရှိပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ကာလတူထက် ၂၈% ပိုမိုလာခြင်းဖြစ်ကြောင်း၊ ထိုသို့ အစုရှယ်ယာများ ထည့်ဝင် ရင်းနှီးမြှုပ်နှံရာတွင် စင်ကာပူနိုင်ငံမှ ပါဝင်မှုသည် အဆိုပါပမာဏ၏ ၃၀.၂၈% ဖြင့် အများဆုံး ဖြစ်ပြီး ၎င်း၏နောက်တွင် အမေရိကန်နိုင်ငံက ၂၄.၂၈% နှင့် အာရပ် စော်ဘွားများ ပြည်ထောင်စု တို့က ၇.၃၁% တို့ဖြင့် အသီးသီး ရပ်တည်လျက်ရှိကြောင်း ဖော်ပြထား သည်။ အဆိုပါ ၁၀ လ အတွင်း ကွန်ပြူတာဆော့ဖ်ဝဲနှင့်ဟာ့ဒ်ဝဲ လုပ်ငန်းကဏ္ဍသည် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းတွင် ၄၅.၈၁% ဖြင့် အများဆုံး ဖြစ်ပြီး တည်ဆောက်ရေးကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍတို့မှာ ၁၃.၃၇% နှင့် ၇.၈၀% တို့ဖြင့် ဒုတိယနှင့် တတိယ နေရာများ၌ တည်ရှိ ခဲ့သည်။

၉။      ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံသို့ ပြည်ပမှ အစုရှယ်ယာရင်းနှီးမြှုပ်နှံမှုတွင် ဂျပန်နိုင်ငံက ၂၉.၀၉% ဖြင့် ထိပ်ဆုံးတွင်ပါဝင်လျက်ရှိပြီး ၎င်း၏နောက်၌ စင်ကာပူနိုင်ငံက ၂၅.၄၆% နှင့် အမေရိကန်နိုင်ငံက ၁၂.၀၆% တို့ဖြင့် ပါဝင်ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ဤတစ်လတာ အတွင်း အဓိက ရင်းနှီးမြှုပ်နှံသည့် ကဏ္ဍများမှာ အတိုင်ပင်ခံဝန်ဆောင်မှု၊ ကွန်ပြူတာနည်းပညာ ထုတ်ကုန် နှင့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ကြောင်း လေ့လာသိရှိရသည်။

(ရင်းမြစ်- နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တောင်အာဖရိကနိုင်ငံ

၁၀။    တောင်အာဖရိကနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ ရောင်းလိုအားနှင့်ဝယ်လိုအားကွင်းဆက်သည် COVID ကူးစက်ရောဂါ ပြန့်ပွားမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့်  များစွားပြောင်းလဲမှုဖြစ်ပေါ်ခဲ့သော်လည်း နည်းပညာစင်္ကြံက ဈေးကွက်သေချာမှုကိုဖန်တီးပေးခဲ့ကြောင်း၊ COVIDရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ အားကန့်သတ်မှုအဆင့် ၃ မှ ၅ အတွင်းသတ်မှတ်ထားခဲ့သည့်ကာလ၌ စားသောက်ဆိုင်များ ပိတ်ရ ခြင်း၊ ကျောင်းတွင်း ကျွေးမွေးမှုအစီအစဉ်များရပ်ဆိုင်းခြင်း၊လယ်သမားများ၏ လတ်ဆတ်သော ဈေးကွက်များ ပိတ်ပင်ရခြင်း နှင့်လက်လီဈေးဆိုင်များ၏ဝယ်ယူနိုင်မှုအချိန်များ လျှော့ချခြင်းတို့သည် လတ်ဆတ်သောသီးနှံနှင့် ပုပ်သိုး လွယ်သောပစ္စည်းများ၏ ဝယ်လိုအားဈေးကွက်ကို များစွာ ပြောင်းလဲမှုဖြစ်ခဲ့ကြောင်း၊ အဆိုပါကာလ အတွင်းတစ်ပိုင် တစ်နိုင်စိုက်ပျိုးနိုင်သော လယ်သမားများ အနေဖြင့် ထုတ်ကုန်များပိုလျှံခြင်း၊ဝယ်ယူမည့်သူ မရရှိခြင်းနှင့်ရောင်းချရမှုမရှိသော စိုက်ပျိုးရေး ထွက်ကုန်များကို စုပုံဖျက်ဆီးခဲ့ရခြင်းများ ဆောင်ရွက်ရသည်အထိရှိ ခဲ့ခြင်းကြောင့် ၎င်းတို့၏ ထုတ်လုပ်ရောင်းချနိုင်သည့် ကွင်းဆက်များကို များစွာ ထိခိုက်ခြင်းအတွေ့အကြုံများကို ခံစားခဲ့ ရကြောင်း၊တောင်အာဖရိကနိုင်ငံအနေဖြင့် နှစ်စဉ် ပြည်တွင်းစိုက်ပျိုးရေး ထွက်ကုန်၏ (၃၀%)၊ အလေးချိန်အားဖြင့် တန်ချိန်(၁၀)သန်းအထိ စွန့်ပစ်အဆုံးရှုံးခံနေရကြောင်း၊ ထိုသို့ ဆောင်ရွက် မှုသည် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏(၂%)၊ တန်ဖိုးအားဖြင့် ရန်း(၆၀)ဘီလီယံ နှစ်စဉ် ဆုံးရှုံးခဲ့ရကြောင်း၊ COVID ဖြစ်ပွားမှုကာလအတွင်းတိုးတက်ခဲ့သော အွန်လိုင်းစင်္ကြံစီးပွားရေးသည် COVID ရောဂါဖြစ်ပွားမှုအလွန်ကာလတွင် လယ်သမားများအတွက် ဈေးကွက်များ ပြန်လည် ဖန်တီးပေးနိုင်မည့် ဖွံ့ဖြိုးမှုနည်းလမ်းတစ်ခုဖြစ်လာခဲ့ကြောင်း၊Standard Bank ၏  OneFarm Share စင်္ကြံသည် လယ်သမားများ၏  ပိုလျှံနေသော စားသောက်ကုန်များကို  စားသောက်ကုန်ပံ့ပိုးမှုအတွက် လိုအပ်သော အဖွဲ့အစည်းများ၏လိုအပ်ချက်ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် OneFarm Share သည် စိုက်ပျိုးရေးကဏ္ဍနှင့် အစာရေစာရှားပါးမှုနှင့် အာဟာရချို့တဲ့မှုကို ရေရှည် လျှော့ချနိုင်ရန် အထောက်အကူပြုနိုင်မည့် အွန်လိုင်းစီးပွားရေးစင်္ကြံတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)