ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ထိုင်းနှစ်သစ်ကူးဆွမ်ခရန်ပွဲတော်ကြောင့် ခရီးသွားကဏ္ဍမှ ဘတ်(၁၄၀)ဘီလီယံဝင်ငွေရရှိခဲ့သည့်ထိုင်းနိုင်ငံ

            (၃)ပတ်တာကျင်းပခဲ့သည့်ဆွမ်ခရမ်ပွဲတော်ကို နိုင်ငံခြားသားခရီးသွား (၁.၉)သန်း လာရောက် လည်ပတ်ခဲ့ကြပီး ခရီးသွားကဏ္ဍမှဝင်ငွေဘတ်(၁၄၀)ဘီလီယံ ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန အဆိုအရသိရပါသည်။ ဧပရယ်(၁)ရက် နေ့မှ (၂၁) ရက်နေ့ထိ၂၁ရက်ကြာကျင်းပခဲ့သည့်ပွဲတော်မှ  ဘတ်(၁၄၀) ဘီလီယံ ရရှိခဲ့ခြင်း သည်မူလခန့်မှန်းထားသည့် ဘတ်(၁၃၂) ဘီလီယံ ကိုကျော် လွန်ခဲ့ခြင်း ဖြစ်ကြောင်း ခရီးသွား လာရေးနှင့် အားကစားဝန်ကြီး Sudawan Wangsupakitkosol က ၂၄.၄.၂၀၂၄ ကပြောကြား ခဲ့ပါသည်။ တည်းခိုနေထိုင်ခြင်းကဏ္ဍမှ ဘတ်(၄၂.၀၆)ဘီလီယံ၊ အစားအသောက်နှင့် အဖျော် ယမကာမှ ဘတ်(၃၃.၀၆)ဘီလီယံ၊ လူသုံး ကုန်ပစ္စည်းနှင့်အမှတ်တရပစ္စည်း‌ရောင်းချခြင်းမှ ဘတ်(၂၆.၈၃) ဘီလီယံ၊ ခရီးသွားလာခြင်းမှ ဘတ်(၁၅.၅၀)ဘီလီယံ၊ ဖျော်ဖြေရေးမှ ဘတ်(၁၄.၇၅)ဘီလီယံ၊ ခရီးသွားဝန်ဆောင်မှုမှဘတ်(၅.၈၆)ဘီလီယံနှင့် အခြားသုံးစွဲငွေ ဘတ်(၂.၂၃)ဘီလီယံ ရှိကြောင်း သိရှိရပါသည်။ ပွဲတော်ကိုနိုင်ငံခြားသားခရီးသွားများအပြင် ထိုင်းနိုင်ငံသား မြောက်များစွာကလည်း နိုင်ငံအနှံ့ခရီးသွားလာြကကာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။ နိုင်ငံခြားသားခရီးသွားများလာရောက်လည်ပတ်မှုမြင့်တက်လာစေရန်အတွက် ထိုင်းနိုင်ငံအစိုးရက ဗီဇာကင်းလွတ်ခွင့်များနှင့် ပြည်တွင်းဝင်ရောက်ခွင့်အချက်တစ်ချို့ကို ပယ်ဖျတ်ခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ အများဆုံးလာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား များမှာ တရုတ်၊ မလေးရှား၊အိန္ဒိယ၊ရုရှား၊တောင်ကိုရီးယား၊လာအို၊ဗြိတိန်၊ထိုင်ဝမ်၊အမေရိကန် နှင့်အင်ဒိုနီးရှားနိုင်ငံတို့မှဖြစ်ကြောင်း သိရပါသည်။ ပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံသား (၁၃၈၉၇၉၈၈) ဦး နိုင်ငံအနှံ့ခရီးသွားလာလည်ပတ်ခဲ့ကြပီး ထိုမှတစ်ဆင့် ဘတ်(၅၀.၁၂)  ဘီလီယံ ရရှိခဲ့ပါသည်။ ထိုင်းနိုင်ငံပြည်သူ့ရင်ပြင် Sanam Luang တွင်လည်း မဟာဆွမ်ခရန် ကမ္ဘာ့ရေကစားပွဲတော် ၂၀၂၄ ကိုကျင်းပခဲ့ပြီး လူပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ ကြကာ အဆိုပါ ပွဲတော်သည် နိုင်ငံခြားသားခရီးသွားများကို အဓိကဆွဲဆောင် စေခဲ့ကြောင်း သိရပါသည်။

Source; Bangkok Post                                                                                                                                                                                                                                                                                                                                                                                             မြသူ(DOCA-YGN)

အိန္ဒိယဆောက်လုပ်ရေးပစ္စည်းများတင်ပို့မှုသည် မတ်လတွင် ၁၀.၇ ရာခိုင်နှုန်းခန့်တိုးတက်လာ

          သံမဏိနှင့်စက်ယန္တရားများ ကဲ့သို့သော အိန္ဒိယ၏ ဆောက်လုပ်ရေးပစ္စည်းများ တင်ပို့မှု သည် တစ်နှစ်ထက်တစ်နှစ် ၁၀.၇ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁၁.၂၈ ဘီလီယံ) အထိ မြင့်တက်ခဲ့သည်။ ပင်လယ်နီကိုဖြတ်၍ တင်ပို့မှုတွင် ပို့ဆောင်ရေးအခက်အခဲကြောင့် ပြဿနာ များဆက်လက်ဖြစ်ပေါ်နေသော်လည်းတင်ပို့မှုများတိုးတက်လာခဲ့သည်။

          ကုန်ပစ္စည်းတင်ပို့မှု၏ လေးပုံတစ်ပုံအတွက် တွက်ချက်ထားသည့် ဆောက်လုပ်ရေး ပစ္စည်းများသည် ၂၀၂၃/၂၄ ဘဏ္ဍာနှစ်တွင် ၂.၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် ချိတ်ဆက်ထားသော ဆောက်လုပ်ရေး ပစ္စည်းများတင် ပို့မှုမြှင့်တင်ရေးကောင်စီ (EEPC) မှပြောကြားခဲ့သည်။

          တစ်ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား ကျဆင်းမှု၊ ရုရှား-ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ပင်လယ်နီ သင်္ဘောအကျပ်အတည်းဖြစ်ပွားမှု စသည်တို့ကြောင့် ပို့ကုန်နှောင့်နှေး ခဲ့ကြောင်း ပို့ကုန်လုပ်ငန်းရှင်များကပြောကြားခဲ့သည်။

          အိန္ဒိယ၏ကုန်ပစ္စည်းတင်ပို့မှုသည် ၂၀၂၃/၂၄ ဘဏ္ဍာရေးနှစ်တွင်ကျဆင်းခဲ့ပြီး ၂၀၂၀/၂၁ ခုနှစ်နောင်ပိုင်း ကျဆင်းမှုမှာယမန်နှစ်တွင် ကန်‌ဒေါ်လာ ၄၅၁ ဘီလီယံမှ ၄၃၁ ဘီလီယံအထိ ကျဆင်းခဲ့သည်။ သို့သော် မြောက်အမေရိက၊ ဥ‌ရောပနှင့် အရှေ့မြောက်အာရှ ကဲ့သို့သောအဓိက စျေးကွက်များတွင် ပို့ကုန်တင်ပို့မှု ပြန်လည်အားကောင်းလာမှုကိုသတိ ပြုမိသည်ဟု (EEPC) ဥက္ကဋ္ဌ Arun Kumar Gradsa ကပြောကြားခဲ့သည်။ မြောက်အမေရိကနှင့် ဥရောပသည် အိန္ဒိယ၏ ဆောက်လုပ်ရေးပစ္စည်းများ တင်ပို့မှုအတွက် ထိပ်တန်းနေရာများအဖြစ် ဆက်လက်တည်ရှိ နေသည်။ ရုရှားသို့ ဆောက်လုပ်ရေးပစ္စည်များတင်ပို့မှုမှာ ယခင်နှစ်တွင် ကန်ဒေါ်လာ ၇၃၃.၆ သန်းမှ ၁.၃၅ ဘီလီယံ ဒေါ်လာအထိ သိသိသာသာ တိုးတက်လာခဲ့သည်ဟုသိရပါသည်။

Source : ET Government.com                                                                                                                                                                                                                                                                                                                                                                                                                Han Ko Kyaw(DOCA YGN)

                                                                                                                                                                                                                                                                                                                       

၂၀၂၄ ပထမ(၃)လတွင် သီဟိုဠ်စေ့တင်ပို့မှုမှ အမေရိကန်‌ဒေါ်လာ(၅၄၃)သန်းရရှိခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ

      ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ပထမ(၃)လတာ ကာလတွင် ပြည်ပသို့ သီဟိုဠ်စေ့ တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ(၅၄၃)သန်းရရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စေ့အသင်း၏ အစီအရင်ခံစာအရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့စုစုပေါင်းထုတ်လုပ်မှုတန်ချိန်(၄၇၄၀၀၀)ထဲမှ တန်ချိန် (၄၂၄၀၀၀)ကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ သီဟိုဠ်စေ့အသင်း ဥက္ကဋ္ဌ က နိုင်ငံတကာစျေးကွက်တွင် ဝယ်လိုအားမြင့်တက်လာခြင်းကျေးဇူးကြောင့် ယခုကဲ့သို့တင်ပို့မှု တန်ဖိုးမြင့်တက်လာခြင်းဖြစ်ကြောင်း၊ အချို့သီဟိုဠ်စေ့ထုတ်လုပ်သည့် နိုင်ငံများမှာ ရာသီဥတု ဆိုးရွားမှု၏ သက်ရောက်မှုကို ခံခဲ့ရကြောင်း၊ အာရှနှင့်အာဖရိကရှိအချို့ သီဟိုဠ်စေ့ ထုတ်လုပ် သည့်နိုင်ငံများမှာ အယ်နီညိုသက်ရောက်မှုကြောင့် သီဟိုဠ်စေ့စျေးနှုန်း မြင့်တက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံစိုက်ပျိုးရေး၊ သစ်တောနှင့်ငါး လုပ်ငန်းဝန်ကြီးဌာန၏ အဆိုအရနိုင်ငံ၏ စီရင်စုဆယ်စုတွင်သီဟိုဠ်စေ့စိုက်ခင်း(၇၀၀၀၀၀) ဟတ်တာရှိကြောင်း သိရပါ သည်။ ကမ္ဘောဒီးယားနိုင်ငံအစိုးရကလည်း သီဟိုဠ်စေ့စျေးကွက်ကို အာရုံစိုက်ထားပီး နိုင်ငံတော် သီဟိုဠ်စေ့မူဝါဒ(၂၀၂၂-၂၀၂၇)ကိုထုတ်ပြန်ထားပါသည်။ အဆိုပါမူဝါဒသည် ထုတ်လုပ်ခြင်း၊ စျေးကွက်ဝင်ရန် ပြင်ဆင်ခြင်း၊ တင်ပို့ခြင်းစသည့် အဓိကဗျူဟာမြောက်ရည်မှန်းချက် (၃)ခုကို အဆင့်မြှင့်တင်ရန် ပုံစံထုတ်ထားခြင်းဖြစ်ပါသည်။ သီဟိုဠ်စေ့အသင်းဥက္ကဋ္ဌ၏ အဆိုအရ ပြည်တွင်း သီဟိုဠ်စေ့ထုတ်လုပ်မှုမှာအဆိုပါမူဝါဒ ထုတ်ပြန်ပြီးချိန်တွင်  (၅)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းထိ တိုးတက်လာကြောင်း သိရပါသည်။

Source;Khmer Times       

DOCA(ရန်ကုန်)

 

တရုတ်နိုင်ငံနှင့် သယ်ယူပို့ဆောင်ရေး၊စီးပွားရေးကဏ္ဍများ တိုးတက်စေရန် မြန်နှုန်းမြင့်ရထားလမ်းများ တိုးချဲ့တည်ဆောက်မည့်ဗီယက်နမ်

     ဗီယက်နမ်အစိုးရသည် မြို့တော်ဟနွိုင်းကို တရုတ်နိုင်ငံနှင့်ဆက်သွယ်ရန်အတွက် ၂၀၃၀ ခုနှစ်တွင် ဗီယက်နမ်မြောက်ပိုင်း၌ မြန်နှုန်းမြင့်ရထားလမ်းနှစ်ခုကို တည်ဆောက်ရန် စီစဥ်နေကြောင်း ဧပြီ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါအစီအစဥ်သည် သယ်ယူပို့ဆောင်ရေး အားကောင်းစေရန်၊ယာဥ်ကြောပိတ်ဆို့မှုများကို လျှော့ချရန်နှင့်စီးပွားရေးတိုးတက်မှုကို မြင့်တင်ရန် ရည်ရွယ်သည့် မြစ်နီမြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

     ၂၀၂၂ ခုနှစ်နှစ်ကုန်တွင် ရထားလိုင်းများသည် တစ်နာရီလျှင် ၂၂၅ ကီလိုမီတာနှင့် ကုန်ပစ္စည်းများကို တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းဖြင့် သယ်ဆောင်နိုင်မည်ဟု ပညာရှင်များက အကြံပြုထားသည်။ ရထားလမ်းနှစ်ခုမှ တစ်ခုသည် ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဟနွိုင်း နှင့် လန်ဆန်ပြည်နယ်တို့ကို ဆက်သွယ်မည်ဖြစ်ပြီး တရုတ်ဗီယက်နမ်နယ်စပ်အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။ အခြားရထားလမ်းတစ်ခုမှာ ဗီယက်နမ်အရှေ့‌မြောက်ပိုင်း ကွမ်နင် နှင့် အနောက်မြောက်ပိုင်း လာအိုကိုင် ပြည်နယ်များကို မြောက်ဘက်ကမ်းရိုးတန်း မြို့များ ဖြစ်သည့်  ဟိုင်ဖုန်နှင့် ဟနွိုင်းတို့မှတစ်ဆင့် ဆက်သွယ်သွားမည်ဖြစ်သည်။

      ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Vuong Din Hue သည် တနင်္လာနေ့က တရုတ်နိုင်ငံပေကျင်းမြို့သို့ သွားရောက်လည်ပတ်ခဲ့ပြီး တရုတ်မီးရထားကော်ပိုရေးရှင်း၏ အမှုဆောင် အရာရှိများနှင့် တွေ့ဆုံခဲ့သည်။

    ဗီယက်နမ်နိုင်ငံ၏ လန်ဆန် ပြည်နယ်သည် တရုတ်နိုင်ငံ ‌‌ဂေါင်ရှီနှင့်နယ်နိမိတ်ချင်း ထိစပ်‌နေသည်။ အစီအရင်ခံစာအရ အဆိုပါစီမံကိန်းသည် ဗီယက်နမ် နိုင်ငံသယ်ယူပို့ဆောင် ရေး ကွန်ရက်ကို ခေတ်မှီစေရန်အတွက် အဓိကခြေလှမ်းအဖြစ် ရှုမြင်ပြီး ဗီယက်နမ်နှင့် တရုတ် နိုင်ငံအကြား ချိတ်ဆက်မှုကို မြှင့်တင်ရန်နှင့် ဗီယက်နမ်နိုင်ငံ၏ စီးပွား ရေးတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် အဓိကခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။

    ဟနွိုင်းမှ လန်ဆန် ပြည်နယ်အထိ ချိတ်ဆက်မည့်ရထားလမ်းသည် ဗီယက်နမ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုမြင့်မားသောဒေသများကိုဖြတ်သန်းသွားမည်ဖြစ်သည်။ ယနေ့တွင်ဗီယက်နမ် နှင့်တရုတ်နိုင်ငံတို့သည် အဝေးပြေးလမ်းတစ်ခုနှင့် မီးရထားလမ်းနှစ်ခုတို့ဖြင့် ချိတ်ဆက်နေပြီ ဖြစ်သော်လည်း အဆိုပါရထားလမ်းများသည် အနည်းငယ်ဟောင်းနွမ်းနေပြီဖြစ်သောကြောင့် ဗီယက်နမ်ဘက်ရှိရထားလမ်းများအားပြုပြင်ရန်လိုအပ်နေသေးသည်။

     တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နှင့်ဗီယက်နမ်အကြား ကုန်သွယ်မှုသည်ယမန်နှစ် အလားတူ ကာလကထက် ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၆ ဘီလီယံ ရှိကြောင်း ဗီယက်နမ်အစိုးရ၏ အချက်အလက်များအရ သိရသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍအတွက် အရေးပါသောသွင်းကုန်ရင်းမြစ်တစ်ခုဖြစ်ပြီး ဤရထားလမ်းဖောက်လုပ်မှု အစီအစဥ်သည် နှစ်နိုင်ငံကြားဆက်ဆံရေး ပိုမိုနွေးထွေးလာစေရန် မျှော်လင့်ကြောင်း ပြသနေသည်။

Source : CNN News

DOCA(ရန်ကုန်)

 

 

စင်ကာပူနိုင်ငံကိုအမီလိုက်ရန် မလေးရှားရှိ အကြီးဆုံးဆိပ်ကမ်းအားစွမ်းရည်ကို နှစ်ဆတိုးမြှင့်မည်

      မလက္ကာရေလက်ကြား၏ အဓိကပင်လယ်လမ်းကြောင်း‌ပေါ်ရှိ မလေးရှားနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းသည် လာမည့်ဆယ်စုနှစ်များအတွင်း ၎င်းတို့၏စွမ်းရည်ကို နှစ်ဆတိုးမြှင့်ရန်စီစဥ်နေပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့‌ရေးကွင်းဆက်များပြောင်းလဲလာခြင်း၊ အရှေ့တောင်အာရှ၏ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် ပြိုင်ဆိုင်မှုများတိုးလာခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သော စင်ကာပူနိုင်ငံကိုလိုက်၍ ၎င်း၏စွမ်းဆောင်ရည်ကို လာမည့်ဆယ်စုနှစ်များအတွင်း နှစ်ဆတိုးရန် စီစဥ်လျက်ရှိသည်။ မလေးရှားနိုင်ငံ၏ ဆိပ်ကမ်းဖြစ်သော Port Klang မှာ ကမ္ဘာ့ (၁၂) ခု‌မြောက် အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး (၂၀၂၁) ခုနှစ်တွင် စွမ်းရည် သတ်မှတ်ချက်အရ အရှေ့တောင်အာရှတွင် စင်ကာပူပြီးလျှင် ဒုတိယမြောက် အကြီးဆုံးဆိပ်ကမ်းဖြစ်သည်။ ၎င်းဆိပ်ကမ်းအား မလေးရှားနိုင်ငံ၏ ထင်ရှားသော ဆိပ်ကမ်းအော်ပ‌ရေတာတစ်ခုဖြစ်‌သည့် West Port Holdings အော်ပရေတာမှ မလေးရှားရင်းဂစ် ၃၉.၆ဘီလီယံ၊ ဒေါ်လာ ၈.၃၄ဘီလီယံရင်းနှီးမြှုပ်နှံထားပြီး ကွန်တိန်နာပေါင်း ၁၄သန်းမှ ၂၇သန်းအထိ တိုးမြှင့်သယ်ဆောင်နိုင်ရန်စီစဥ်ထားသည်။ ထိုကဲ့သို့ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် နှစ် (၄၀) ကျော်ကြာမည်ဖြစ်ပြီး (၂၀၂၄) ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။ မလေးရှားနိုင်ငံ၏ ဖယ်ဒရယ်အစိုးရသည် West Ports ၏ Port Klang ဆိပ်ကမ်းတိုးချဲ့မှုအစီအစဥ်ကို ပြီးခဲ့သည့်သြဂုတ်လတွင် အတည်ပြုခဲ့သည်။ ကွာလာလမ်ပူ၏ အနောက်တောင်ဘက်ရှိ အဆိုပါစီမံကိန်းတွင် လက်ရှိဆိပ်ကမ်း ၉ခုမှ ၁၇ခုအထိ ကွန်တိန်နာဂိတ်အဆောက်အအုံများတိုးမြှင့်ရန်အတွက် ကမ်းရိုးတန်းတစ်လျှောက် မြေယာပြန်လည်ပြင်ဆင်ခြင်းများပါဝင်မည်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

၂၀၂၄ခုနှစ်၊ ဒုတိယ ၃လပတ်ကာလတွင် ဆန်စျေးမြင့်တက်နိုင်မည်ဟု ထိုင်းနိုင်ငံဆန်တင်ပို့သူများခန့်မှန်း

     အယ်နီညိုသက်ရောက်မှုနှင့် အိန္ဒိယနိုင်ငံ၏  ဆန်တင်ပို့မှုကန့်သတ်ချက်များ‌ကြောင့် ၂၀၂၄ခုနှစ်၊ ဒုတိယ(၃)လပတ်ကာလတွင် တစ်ကမ္ဘာလုံး ဆန်စျေးတက်နိုင်သည်ဟု ထိုင်းနိုင်ငံဆန်တင်ပို့သူများက ခန့်မှန်းကြပါသည်။ ပြည်တွင်းဆန်စျေးနှုန်းမြင့်တက်လာမှုကို တုံ့ပြန်ရန်နှင့် ရာသီဥတုအခြေအနေများကြောင့် ဆန်ပြတ်လပ်မှုဖြစ်ပွားမည်ကို စိုးရိမ်မှုတို့ကြောင့် အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၃ခုနှစ်၊ ဇွန်လတွင် ပြည်ပသို့ ဆန်ဖြူတင်ပို့မှုကိုပိတ်ပင်ခဲ့ပြီး ဆန်မွှေးနှင့် ပေါင်းဆန် တင်ပို့မှုတို့ကိုကန့်သတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကမ္ဘာ့ဆန်စျေးသည် (၁၅) ရာခိုင်နှုန်းမှ (၂၅)ရာခိုင်နှုန်းထိမြင့်တက်လာခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ၂၀၂၄ခုနှစ်၊  ပထမ (၃)လပတ်ကာလတွင် ဆန်တန်ချိန် ၂.၅သန်းကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း‌ဒေသတို့သို့ တင်ပို့ခဲ့ကြောင်းသိရပါသည်။ ကမ္ဘာ့ဆန်စျေး စံချိန်တင်မြင့်တက်လာသော်လည်း အမေရိကန်နှင့်အာရှနိုင်ငံများမှာ ပြည်တွင်းထောက်ပံ့မှုလျော့ကျလာခြင်းအပေါ် ဖာထေးရန်အတွက် ထိုင်းနိုင်ငံမှ ဆန်ဖြူနှင့်ဆန်မွှေးတို့ကိုတင်သွင်းရန် လိုအပ်ချက်မြင့်မားနိုင်ကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr.Chookiat က ပြောကြားခဲ့ပါသည်။ မတ်လ ၂၇ရက်နေ့တွင် ထိုင်းဆန်ဖြူစျေးမှာ တစ်တန်ကို အမေရိကန်‌ဒေါ်လာ ၆၀၂ရှိခဲ့ပြီး ပေါင်းဆန်တစ်တန်ကို အမေရိကန်‌ဒေါ်လာ (၆၀၆)ရှိခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ၏ ကောက်ရိတ်သိမ်းရာသီ မတ်လတွင် စတင်သည့်အတွက် စျေးကွက်တွင်ပြိုင်ဆိုင်မှုများမြင့်တက်လာနိုင်သောကြောင့် ၂၀၂၄ခုနှစ်၊ ဒုတိယ(၃)လပတ်ကာလတွင် ထိုင်းနိုင်ငံဆန်တင်ပို့မှုပမာဏမှာ အနည်းငယ်ကျဆင်းနိုင်ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံက ဆန်ဖြူတင်ပို့မှုကို ဆက်လက်ပိတ်ပင်ထား၍ ထိုင်းဆန်စျေးနှုန်းမှာ ၂၀၂၄ခုနှစ်၊ ပထမနှစ်ဝက်တွင် ဆက်လက်မြင့်တက်နေဦးမည်ဟု ပြည်တွင်းရှိဆန်ကုန်သည်များက အကောင်းမြင်သင့်ကြောင်း Mr.Chookiat ကပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ဆန်တန်ချိန် ၈သန်း (ခန့်မှန်းတန်ဖိုးဘတ် ၁၈၀ဘီလီယံထိ တင်ပို့နိုင်မည်ဟုခန့်မှန်းထားကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အီတလီနိုင်ငံအခြေစိုက် မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် ဒူကာတီမော်တာကုမ္ပဏီမှ ထိုင်းနိုင်ငံကို တင်ပို့မှုအချက်အချာနေရာအဖြစ် အသုံးပြုမည်

       အီတလီနိုင်ငံအခြေစိုက် မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် ဒူကာတီမော်တာကုမ္ပဏီသည် အာရှတိုက်တွင် ပထမဆုံးစက်ရုံကို ထိုင်းနိုင်ငံ၌ဖွင့်လှစ်ခဲ့ပြီး ၎င်းတို့၏ တင်ပို့မှုအချက်အချာနေရာအဖြစ် အသုံးပြုသွားရန် ရည်ရွယ်လျက်ရှိပါသည်။ ဘတ်သန်းလေးရာရင်းနှီးမြှုပ်နှံထားသည့် အဆိုပါစက်ရုံသည် တစ်နှစ်လျှင် မော်တော်ဆိုင်ကယ်အစီးရေ ၁၀၀၀၀ထုတ်လုပ်သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် အရည်အသွေးမြင့်မော်တော်ဆိုင်ကယ်များအတွက် အရေးကြီးသောစျေးကွက်ဖြစ်ပြီး ထိုင်းနိုင်ငံကို အာရှပစိဖိတ်‌ဒေသသို့တင်ပို့ရာ အခြေစိုက်နေရာအဖြစ် ပြုလုပ်သွားရန်အလိုရှိကြောင်း ဒူကာတီမော်တာကုမ္ပဏီ၏ အလုပ်အမှု ဆောင်အဖွဲ့အကြီးအကဲ Claudio Domenicali က ပြောကြားခဲ့ပါသည်။ ထို့ပြင် ဒူကာတီ၏ မော်တော်ဆိုင်ကယ်မော်ဒယ်အမျိုးအစားအားလုံးကို ထိုင်းနိုင်ငံ၊ ရ‌ယောင်ရှိစက်ရုံတွင် ထုတ်လုပ်သွားမည်ဖြစ်ပီး အီတလီနိုင်ငံရှိ မိခင်စက်ရုံမှထုတ်လုပ်သည့် အရည်အသွေးနှင့် အဆင့်အတန်းအတိုင်းရရှိရန် သေချာကြောင်း Claudio Domenicali က ဆက်လက်ပြောကြားခဲ့ပါသည်။

      ဒူကာတီ၏ အာရှအပြင်ဘက် အဓိကစျေးကွက်တွင် အီတလီ၊ ဂျာမနီ၊ ဗြိတိန်နှင့် အမေရိကန်တို့ပါဝင်လျက်ရှိကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံသည်အဓိကစျေးကွက်ဖြစ်လာနိုင်သော်လည်း နိုင်ငံ၏ စီးပွားရေးနှေးကွေးလာမှုကြောင့် ဒူကာတီမော်တော်ဆိုင်ကယ်များမှာ ဝယ်လိုအားကျဆင်းနိုင်‌ကြောင်းသိရပါသည်။ ဒူကာတီသည် လွန်ခဲ့သည့်နှစ်တွင် မော်တော်ဆိုင်ကယ်အစီး‌ရေ ၅၈၀၀၀ရောင်းချခဲ့ရပါသည်။ ထိုင်းနိုင်ငံသည် ၂၀၂၃ခုနှစ်တွင် မော်တော်ဆိုင်ကယ်အမျိုးအစားပေါင်းစုံ ၂.၁၂သန်းရောင်းချခဲ့ရပြီး ၂၀၂၂ခုနှစ်ထက် ၅၂ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တရုတ်နိုင်ငံသို့ စားသောက်ပို့ကုန်တင်ပို့မှုကို တိုးမြှင့်ရန်ရည်ရွယ်ထားသော EU

      ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် EU စိုက်ပျိုးရေးကော်မရှင်နာ Janusz Wojciechowski က ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွား‌ရေးနိုင်ငံသို့ လယ်ယာထွက်ကုန်တင်ပို့မှုတိုးမြှင့်ရန်နှင့် တရုတ်- EU ကုန်သွယ်ရေးတင်းမာမှုများမဖြစ်စေရန်အတွက် အစားစာတင်ပို့မှုကို ထိန်းကျောင်းသွားမည်ဟုပြောကြားခဲ့သည်။ “အစားအသောက်ကုန်သွယ်မှုမှာ တရုတ်သွင်းကုန်အတွက် အတားအဆီးတွေမရှိပါဘူး” ဟု Wojciechowski က တနင်္လာနေ့ ရှန်ဟိုင်းတွင်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

      အခြားကဏ္ဍများနှင့်မတူဘဲ စားနပ်ရိက္ခာဖူလုံမှုသေချာစေရန် အစားအစာကုန်သွယ်မှုသည် အလွန်အ‌ရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး ရုရှားနိုင်ငံမှ ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်ပြီး‌နောက် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် လယ်ယာစားနပ်ရိက္ခာထုတ်ကုန်များအပေါ်  စည်းကြပ်မှုများမရှိကြောင်း Wojciechowski က ပြောကြားခဲ့သည်။

         ယမန်နှစ်တွင် တရုတ်နိုင်ငံသို့ အီးယူ၏ ပို့ကုန်တန်ဖိုးမှာ ယူရို၁၄.၆ဘီလီယံ(ဒေါ်လာ၁၅.၅၇ဘီလီယံ) ရှိခဲ့ရာမှ ၂၀၂၂ခုနှစ်၌ ၈ %ကျဆင်းခဲ့ပြီး တရုတ်မှ အီးယူသို့တင်သွင်းမှုသည် ၁၅%မှ ယူရို၈.၃ဘီလီယံသို့ကျဆင်းခဲ့သည်။

       တရုတ်နိုင်ငံသို့ အတော်အတန်ထိုးဖောက်ဝင်ရောက်နေပြီဖြစ်သော ကြက်၊ ငှက်၊ ဝက်သား၊ အမဲသားနှင့် နို့ထွက်ပစ္စည်းကဲ့သို့သော အစားသောက်ရိက္ခာကဏ္ဍများအတွက် EU မှ တရုတ်သို့တင်ပို့သော ပို့ကုန်များတိုးတက်စေရန် အခွင့်အလမ်းများရှိကြောင်းပြောကြားခဲ့သည်။

        “ကောင်းမွန်တဲ့ အရည်အသွေးမြင့်အစားအစာတွေကို ရှာဖွေနေတဲ့ လူလတ်တန်းစား စားသုံးသူတွေတိုးပွားလာတာကို ကျွန်တော်တို့ သတိပြုမိနိုင်ပါတယ် ဒါဟာ ဥရောပအစားအစာအတွက် ကျွန်တော်တို့ရဲ့ ပို့ကုန်ကို တိုးမြှင့်ဖို့ အခွင့်အရေးပါပဲ” ဟု Wojciechowski  ကဆိုခဲ့သည်။

DOCA(ရန်ကုန်)

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့်တွေ့ဆုံရန် အိန္ဒိယသို့သွား‌ရောက်လည်ပတ်မည့် Elon Musk

     Elon Musk သည် ယခင်က Twitter ဟုခေါ်သော ၎င်း၏ဆိုရှယ်မီဒီယာပလပ်ဖောင်း X တွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့်တွေ့ဆုံရန် အိန္ဒိယသို့ သွား‌ရောက်မည်ဖြစ်ကြောင်းကြေညာခဲ့သည်။ Elon Musk သည် မကြာမီတွင် အိန္ဒိယနိုင်ငံအတွင်း၌ အဓိကရင်းနှီးမြုပ်နှံမှုအစီအစဥ်များကိုလည်း စတင်သွားမည်ဟုကြေညာဖွယ်ရှိသည်။

       ပြီးခဲ့သောလတွင် အိန္ဒိယသည်‌ ဒေါ်လာသန်း၅၀၀ (ပေါင်၃၉၉သန်း) ရင်းနှီးမြုပ်နှံခဲ့ပြီး သုံးနှစ်အတွင်း ပြည်တွင်းထုတ်လုပ်မှုကိုစတင်ရန် ကတိပြုသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်သူများအတွက် လျှပ်စစ်ကားများ (EV) တင်သွင်းခွန်ကိုဖြတ်တောက်ခဲ့သည်။

     ထိုတွေ့ဆုံမှုကို ဧပြီလ နောက်ဆုံးပတ်တွင်ပြုလုပ်ရန် စီစဥ်ထားပြီး နယူးဒေလီရှိ မစ္စတာနာရန်ဒရာမိုဒီ၏ တရားဝင်နေအိမ်တွင် ကျင်းပမည်ဖြစ်ကြောင်း အိန္ဒိယအကြီးတန်းအစိုးရအရာရှိတစ်ဦးက BBC သို့ပြောကြားခဲ့သည်။ မစ္စတာ Elon Musk ၏ခရီးစဥ်သည် အိန္ဒိယနိုင်ငံ၏ မာရသွန်ပြိုင်ပွဲနှင့် ခြောက်ပတ်ကြာရွေးကောက်ပွဲများစတင်ကျင်းပချိန်၌ ရောက်ရှိလာခြင်းဖြစ်သည်။ ရွေးကောက်ပွဲကာလအတွင်း Telsa ရင်းနှီးမြုပ်နှံမှုကြေညာချက်သည် အိန္ဒိယနိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများထူထောင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန် နိုင်ငံခြားကုမ္ပဏီများကိုခေါ်ယူခဲ့သော မစ္စတာမိုဒီ၏ စီးပွားရေးနှင့် လိုက်ဖက်သော အထောက်အထားများကို အားကောင်းလာစေမည်ဖြစ်သည်။ Telsa သည် အမေရိကန်နှင့် တရုတ်တွင် ရောင်းချမှုများအားနည်းလာခြင်းကြောင့် အိန္ဒိယသို့ ရင်းနှီးမြုပ်နှံမှုများပြုလုပ်ရန် စီစဥ်ခဲ့ကြခြင်းဖြစ်သည်။ ၎င်း၏ ဥ‌ရောပစက်ရုံတွင် မီးလောင်မှု၊ ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်မှုများပြတ်တောက်မှုနှင့် ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းတို့ကြောင့် ယခုနှစ် ပထမသုံးလအတွင်း ပို့ဆောင်မှုများသိသိသာသာကျဆင်းသွားခဲ့သည်။

       Telsa သည် BYD ကဲ့သို့သော ပြိုင်ဘက်များထံမှ ပြိုင်ဆိုင်မှုတိုးလာခြင်းကြောင့် စျေးနှုန်းများအကြိမ်ကြိမ်လျှော့ချခဲ့သော်လည်း တရုတ်ကဲ့သို့သော အဓိကစျေးကွက်များတွင် ဝယ်လိုအားကျဆင်းသွားခဲ့သည်။ Telsa ၏ ရှယ်ယာများသည် ယခုနှစ်အစတည်းက ၎င်းတို့၏တန်ဖိုး သုံးပုံတစ်ပုံနီးပါးဆုံးရှုံးသွားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၂ခုနှစ်တွင် ဗြိတိန်ကိုကျော်တက်ကာ ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာခဲ့ပြီး ဒီဇင်ဘာလ သုံးလပတ်တွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ၈.၄%အထိတိုးတက်လာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အစိုးရချင်းညှိနှိုင်းမှုစနစ်ဖြင့် ဆန်တင်ပို့မှု မြှင့်တင်ရန် ထိုင်းနိုင်ငံကြိုးပမ်း

      ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အစိုးရချင်းညှိနှိုင်းမှု စနစ် (G2G) ဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တင်ပို့ ရောင်းချခြင်းကို မြှင့်တင်ဆောင်ရွက်လျက် ရှိသည့်အပြင် အလားတူစနစ်ဖြင့် တရုတ်နိုင်ငံသို့လည်း ဆန်တင်ပို့နိုင်ရန် ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

     ယခင်နှစ်၌ ကျင်းပခဲ့သော ဂျပန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံထံမှ ဆန် တန်ချိန် ၁ သန်းကို G2G စနစ်ဖြင့် ဝယ်ယူလိုကြောင်း အင်ဒိုနီးရှားနိုင်ငံက အဆိုပြုခဲ့သည်။ ထို့နောက် ပထမအသုတ်အဖြစ် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၅၅၀၀၀ ကို အင်ဒိုနီးရှားသို့ အဆိုပါစနစ်ဖြင့် တင်ပို့ခဲ့ရာ ယခုလအတွင်း ရောက်ရှိပေးပို့နိုင်ဖွယ်ရှိသည်။ ဒုတိယအသုတ်အဖြစ် ဆန်များ ဆက် လက်တင်ပို့နိုင်ရန်ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားထားသည်။

    ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံနှင့် စာချုပ်ချုပ်ဆိုထားမှုအရ နောက်ထပ် ဆန်တန်ချိန် ၂၈၀၀၀၀ ကို G2G စနစ် ဖြင့် တင်ပို့ရောင်းချမည့်ကာလအား သက်တမ်းတိုးမြှင့်နိုင်ရေး ညှိနှိုင်းထားရှိမှုရလဒ်ကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ အခြားဆန်တင်သွင်းသည့် နိုင်ငံများသို့လည်း G2G စနစ်ဖြင့် ရောင်းချရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

    ယခင်နှစ်၌ ထိုင်းနိုင်ငံသည် ၅ နှစ်တာအတွင်း အများဆုံးအဖြစ် ဘတ်ငွေ ၁၇၈ ဘီလီယံ တန်ဖိုးရှိသော ဆန်တန်ချိန် ၈.၇၆ သန်းကို တင်ပို့ခဲ့ရာ တန်ဖိုးအားဖြင့် ၂၈% တိုးတက်မှုရရှိခဲ့သည်။ ပြိုင်ဘက်နိုင်ငံများထက် ဈေးနှုန်းပိုမိုမြင့်မားမှုရှိသော်လည်း ထိုင်းဟုန်မာလီဆန်မွှေး တင်ပို့မှုမှာ ကောင်းမွန်မှုရှိပြီး ၂၀၂၃ ခုနှစ်တွင် ၎င်းဆန်အမျိုးအစားကို တန်ချိန် ၁.၃၂ သန်း တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ထက် ၅.၆% တိုးတက်ခဲ့ကြောင်း၊ ထိုင်းဆန်တင်ပို့မှု အဓိကဈေးကွက်များမှာ အမေရိကန်၊ တရုတ်၊ ကနေဒါနှင့် ဟောင်ကောင်တို့ဖြစ်ကြောင်း ဝန်ကြီး Mr Phumtham က ပြောဆိုသည်။

    ဝန်ကြီး Mr Phumtham သည် ထိုင်းပြည်တွင်းကုန်သွယ်မှုဌာနက ၂၄-၄-၂၀၂၄ နေ့တွင် ကျင်းပခဲ့သော ၂၀၂၃ ခုနှစ်အတွက် ၄၁ ကြိမ်မြောက် အမျိုးသားဟုန်မာလီဆန်ပြိုင်ပွဲ၌ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ လယ်သမား ၄.၇ သန်းကျော်က စိုက်ပျိုးလျက်ရှိသော ထိုင်းဆန်ထုတ်ကုန်များ၏ ကိုယ်ပိုင်လက္ခဏာများအား သိမြင်နားလည်မှုကို မြှင့်တင်နိုင်ရန်အတွက် အဆိုပါပြိုင်ပွဲ ကို ထိုင်းပြည်တွင်းကုန်သွယ်မှုဌာနက ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲကျင်းပလျက် ဆုချီးမြှင့်ခြင်း သည် ထိပ်တန်းအရည်အသွေးရှိသော ထိုင်းစံပယ်ဆန်ကို ဖော်ထုတ်ထိန်းသိမ်းရာတွင် အထောက်အပံ့ပြုကြောင်း၊ လယ်ယာစိုက်ပျိုးရေး စံချိန်စံညွှန်းများကို မြှင့်တင်မှုနှင့်အတူ ရေရှည်တည်တံ့သော စိုက်ပျိုးရေး စံပြပုံစံတစ်ခု ဖန်တီးမှုကိုလည်း အထောက်အကူပြုကြောင်း Mr Phumtham က ပြောကြားခဲ့သည်။

Source: Bangkok Post, April 25, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ