သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းပြီး မတ်ပဲစိုက်ပျိုးရန်ပြင်ဆင်

         ပဲခူးတိုင်း‌ဒေသကြီးအတွင်း ပဲခူးခရိုင်အနေဖြင့် မတ်ပဲစိုက်ဧကမှာ ၁၂၆၇၉၁ ဧက ရှိပြီး ပဲခူးခရိုင် (၈)မြို့နယ်တွင် ကျောက်တံခါးမြို့နယ်သည် မတ်ပဲစိုက်ဧကအများဆုံးစိုက်ပျိုးသော မြို့နယ်ဖြစ်ရာ မတ်ပဲစိုက်ဧက (၆)သောင်းကျော် စိုက်ပျိုးလျက်ရှိသည်။ ယခုစိုက်ပျိုးကာလတွင် မတ်ပဲမျိုး တစ်တင်း လျှင် ၅၅,၀၀၀ကျပ် ရှိပြီးပဲစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် စိုက်ပျိုးစရိတ် ၂၉၀,၀၀၀ ကျပ်ခန့် ကုန်ကျလျက်ရှိပြီး တစ်ဧကလျှင်ပျမ်းမျှအားဖြင့် တင်း ၁၀ - ၁၈ တင်းထွက်ရှိကြောင်း သိရှိရပါသည်။ မတ်ပဲကို နိုဝင်ဘာလနှင့်ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖေါ်ဝါရီလကုန် မတ်လထဲတွင် စတင်ရိတ်သိမ်း ထွက်ပေါ်ကြောင်း သိရှိရပါသည်။

       ၂၀၂၀-၂၀၂၁ ခုနှစ် မတ်ပဲစိုက်ပျိုးရာသီကာလတွင် မတ်ပဲ တစ်တင်းလျှင် ၃၀,၀၀၀ ကျပ်ခန့် စျေးရရှိပါက တစ်ဧကလျှင် ၁၀၀,၀၀၀ ကျပ်  အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။  တောင်သူများအနေဖြင့် မိုးစပါးရိတ်သိမ်းပြီးပါက အကျိုးအမြတ် ရရှိရန်သေချာသော  မတ်ပဲကို အဓိကထား ဦးစားပေးစိုက်ပျိုးလျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ယခင်နှစ်ထက် ကြံတစ်တန် တစ်သိန်းကျော် ပိုရနေသည့်ကြံဈေးကွက်

       ပဲခူးတိုင်းဒေသကြီးတွင် ကြံစိုက်ဧက၅သောင်းကျော် စိုက်ပျိူးလျှက်ရှိပြီး တောင်ငူခရိုင်အနေဖြင့် ၂သောင်းဝန်းကျင်ခန့် စိုက်ပျိုးလျှက်ရှိကြောင်းနှင့် ယခုဒီဇင်ဘာလတွင် စတင်ခုတ်သိမ်းနေပြီ ဖြစ်ကြောင်းသိရှိရပါသည်။ တောင်ငူခရိုင်တွင် ပုဂ္ဂလိကပိုင် သကြားစက်များအနေဖြင့် ရေတာရှည်မြို့နယ်တွင်  အောင်ချမ်းသာသကြားစက်နှင့် မြို့လှ သကြားစက်၊ အုတ်တွင်းမြို့နယ်တွင် ဗောဓိကုန်းသကြားစက်၊ ဖြူးမြို့နယ်တွင် ဇေယျဝတီ ဆင်ဖြူတော်သကြားစက် စုစုပေါင်း သကြားစက် ၄စက် ရှိကြောင်းသိရှိရပါသည်။

      ယခုနှစ် သကြားစက်များမှ ကြံဝယ်ယူရာတွင် ကြံစိုက်တောင်သူများအား အုတ်တွင်းမြို့နယ် ဗောဓိကုန်းသကြားစက်နှင့် ဖြူးမြို့နယ် ဇေယျဝတီဆင်ဖြူတော်သကြားစက်တို့မှ စိုက်စရိတ် ကြိုတင်ချေးငွေ တစ်ဧကလျှင်၂သိန်းခွဲပေး၍ ဝယ်ယူကြောင်း၊ စိုက်စရိတ်များ ကြိုတင်ပေး၍ ဝယ်ယူသော သကြားစက်များမှာ ဈေးနှိမ်ဝယ်ယူခြင်းမဟုတ်ဘဲ တောင်သူနှင့်စက်ပိုင် အပြန်အလှန် အကျိုးပြုသည့်အနေဖြင့် မိမိစက်ရုံသို့ ကြံရောင်းချနိုင်ရေးအတွက် ကြိုတင်ချေးငွေများ ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ ဝယ်ယူသည့် ဈေးနှုန်းများအနေဖြင့် ရေတာရှည်မြို့နယ်ရှိ အောင်ချမ်းသာသကြားစက်နှင့် မြို့လှ သကြားစက်များမှ ကွင်းဈေးနှုန်း ကြံတစ်တန်လျှင် ၄၃၀၀၀ကျပ် စက်အရောက် ဈေးနှုန်း ၅၆၀၀၀ကျပ်ဖြင့် လည်းကောင်း၊ အုတ်တွင်းမြို့နယ် ဗောဓိကုန်းသကြားစက်မှ ကွင်းဈေးနှုန်း ကြံတစ်တန်လျှင် ၄၅၀၀၀ကျပ်၊ စက်အရောက်ဈေးနှုန်း ၅၈၀၀၀ကျပ်ဖြင့်လည်းကောင်း၊ ဖြူးမြို့နယ် ဇေယျဝတီ ဆင်ဖြူတော် သကြားစက်မှာ စက်အရောက် ဖြင့်သာဝယ်ယူပြီး ဈေးနှုန်းကြံတစ်တန်လျှင် ၅၅၀၀၀ကျပ်ဖြင့် အသီးသီး ဝယ်ယူလျက် ရှိကြောင်း သိရှိရပါသည်။

      တောင်ငူခရိုင်စက်ရုံများမှ ယခင်နှစ် ကြံဝယ်ယူမှုဈေးနှုန်းများမှာ ၄၀၀၀၀ မှ ၄၅၀၀၀ရှိခဲ့ပြီး ယခုနှစ်တွင် ၄၃၀၀၀ မှ ၅၈၀၀၀ထိ ဝယ်ယူသဖြင့်ဈေးနှုန်း များမြင့်တက်လာခဲ့ကြောင်း ယခုကဲ့သို့ ဈေးနှုန်းမြင့်တင်ဝယ်ယူလာခြင်းမှာ ယခုစိုက်ပျိုးကာလတွင် တောင်သူများအနေဖြင့် သွင်းအားစုများ  ကြီးမြင့်ခဲ့မှုကြောင့် ကုန်ကျစရိတ် ပိုမိုလာခြင်းနှင့် သယ်ယူခနှုန်းထားများ မြင့်တက်လာမှုများကြောင့်  တောင်သူများ တွက်ချေကိုက်မည့် နှုန်းထားများ သတ်မှတ်၍ ဝယ်ယူပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

လွိုင်ကော်မြို့၊ သိရီမင်္ဂလာဈေးအတွင်းဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးရုံးမှ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရန်အတွက် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် လွိုင်ကော်မြို့၊ သီရီမင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများ ရှိ/မရှိကို သက်ဆိုင်ရာမိတ်ဖက်ဌာနဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချသောဆိုင် ( ၄ ) ဆိုင်မှ ထိုင်းစာသားပါ ဆန်ပြားထုပ်(၆)ထုပ်၊ ဟင်းလျာများတွင် အရသာအတွက် အသုံးပြုသော ဟင်းချိုမုန့် အလေးချိန်(1 Lb)ထုပ် (၁၀)ထုပ်နှင့် ပဲငပိ(၅)ဘူး၊ ငရုတ်ချဉ်စပ် (၅)ဘူးတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ရောင်းချသူများအနေဖြင့် နောင်တွင် အဆိုပါ စားသောက်ကုန်များအား ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့် ကိုက်ညီသော ကုန်ပစ္စည်းများသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုမရှိသော ပစ္စည်းများရောင်းချခြင်းမပြုရန် သတိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ကယားပြည်နယ်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီးမှ အောက်ဖော်ပြပါ ငှားရမ်းခြင်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

              (က) () နှစ်သက်တမ်း ငှားရမ်းခြင်း                                                                   

                      (၁) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂဝင်းရှိ သိုလှောင်ရုံအမှတ် (၂၅/၂၆) (၂)လုံးတွဲ သိုလှောင်ရုံ(၁)လုံး (၁၂၀'x၆၀'x၁၅') (သွပ်၊ သွပ်၊ ကွန်)

                      (၂) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂဝင်းရှိ သိုလှောင်ရုံအမှတ် (၂၃) သိုလှောင်ရုံ(၁)လုံး (၁၂၀'x၃၀'x၁၅') (သွပ်၊ သွပ်၊ ကွန်)

              ( ခ ) () နှစ်သက်တမ်း ငှားရမ်းခြင်း

                      ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ မော်တော်ယာဉ်ဝင်းရှိ အဆောက်အဦ(၁)လုံး (၁၁၄'x၈၇'x၁၇.၅') (သွပ်၊ အင်္ဂတေ၊ အင်္ဂတေ)

              ( ဂ ) တင်ဒါပုံစံရောင်းချမည့်ရက်       - (၁၅.၁၂.၂၀၂၁) ရက်မှ (၁၄.၁.၂၀၂၂)ရက်ထိ

                                                                  (ရုံးချိန်အတွင်း)

              (ဃ) တင်ဒါပုံစံရောင်းချရန်               - (၁၄.၁.၂၀၂၂)ရက် ညနေ(၁၆:၀၀)နာရီ

                     ပိတ်မည့်နေ့/အချိန်                 

              ( င ) တင်ဒါတင်သွင်းရမည့်နေရာ‌၊      - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊

                      စာရင်းပေးသွင်းရမည့်နေရာ၊        စီမံရေးရာဌာနခွဲ၊ အမှတ်(၂၂၈/၂၄၀)၊ဒုတိယထပ်၊

                     တင်ဒါပုံစံရောင်းချမည့်နေရာ၊       ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊

                      တင်ဒါစည်းကမ်းချက်များ         - ရန်ကုန်မြို့။

                     ရှင်းလင်းမည့်နေရာ၊                

              ( စ ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန် -  ( ၂၀.၁.၂၀၂၂)ရက်နေ့၊ (၁၃:၀၀)နာရီ

              (ဆ) တင်ဒါစည်းကမ်းချက်များ         - (၂၀.၁.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီ

                      ရှင်းလင်းမည့်နေ့၊ အချိန်                                                    

              ( ဇ ) Deposit ပေးသွင်းနိုင်သည့်        - တင်ဒါစည်းကမ်း သတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။

၂။            စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် သိုလှောင်ရုံများနှင့် အဆောက်အဦတို့၏ မျက်မြင် အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

                                                                            တင်ဒါစိစစ်ရေးကော်မတီ

                                                            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ကရင်ပြည်နယ် ဘားအံမြို့ ထုံးအိုင်စံပြကျေးရွာရှိ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

      ၁၂.၁၂.၂၀၂၁ ရက်နေ့၊ ကရင်ပြည်နယ် ဘားအံမြို့၊ ထုံးအိုင်စံပြကျေးရွာ၌ နေ့လည် (၀၂း၃၀) နာရီအချိန်တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး (ဒုတိယညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် သောက်ရေသန့်လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေးနှင့် လုပ်ငန်းများစနစ်တကျ ရေရှည်လည်ပတ် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်း/ စည်းကမ်းများကို လိုက်နာခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ထုံးအိုင်လမ်းမကြီးရှိ သောက်ရေသန့်လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရာတွင် ဟိန်းမြတ်အောင်သောက်ရေသန့်၊ ကောင်းသန့်စင်သောက်ရေသန့်နှင့် ရွှေအိုင်သောက်ရေသန့်များကို စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ (၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သောက်ရေသန့်လုပ်ငန်းတွင် ပါဝင်ရမည့် အချက်များဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများကို ဖော်ပြထားပြီးဖြစ်ကြောင်းနှင့် သောက်ရေသန့်စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း/ စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ထားရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

ကရင်ပြည်နယ် ဘားအံမြို့ ထုံးအိုင်စံပြကျေးရွာတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကျင်းပ

       ၁၂.၁၂.၂၀၂၁ ရက်နေ့တွင် ကရင်ပြည်နယ်ဘားအံမြို့ ထုံးအိုင်စံပြကျေးရွာ၊ အ.မ.က(၂) ကျောင်း၌ ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး (ဒုတိယညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

         ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကုန်စည်များတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၃)အရ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည်အချက်များမှာ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ ပါဝင်ရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းကိုပါ စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဟောပြောပွဲတွင် စီးပွားရေးလုပ်ငန်းရှင် (၃)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မြဝတီမြို့တွင်ဆောင်ရွက်

     အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကျေးအဖွဲ့ဝင်များပါဝင်သည့် ခရိုင်ဆေးဝါး နှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင်ရောင်းချနေသော ဆေးဆိုင်များသို့ ၁၀-၁၂-၂၀၂၁ရက်နေ့နှင့် ၁၁-၁၂-၂၀၂၁ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် လတ်တလောဖြစ်ပွားနေသော ကိုဗစ် -၁၉ ဗိုင်းရပ်စ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းထိုင်းနိုင်ငံတို့တွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ လျှင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ဆေးနှင့်ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးအတွက် ကိုဗစ်ကာကွယ်ကုသရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ကုသရေးဆိုင်ရာဆေးဝါးများ ဈေးကွက်လက်ကျန် အခြေအနေစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ကြောင့် မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉တတိယလှိုင်းအတွင်း နိုင်ငံအဝန်း ကိုဗစ်ဖြစ်ပွားမှုပိုးတွေ့လူနာတွေ့ရှိမှုနှုန်း မြင့်တက်ခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်ခဲ့သောကြောင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့က ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း မြဝတီခရိုင်အတွင်း ယနေ့အထိ ကိုဗစ်ဖြစ်ပွားသူလူနာ ၁၉၁၆ ဦး၊ သေဆုံး ၁၂၅ဦး၊ ထိတွေ့သူ ၉၇၅ဦးထိ ရှိခဲ့ကြောင်း ကျန်းမာရေးဌာန၏စာရင်းများအရ သိရပြီး နယ်စပ်ဝင်ပေါက်မြို့ဖြစ်သည့် မြဝတီမြို့တွင် Covid-19 Quarantine Center များထားရှိ၍ ကာကွယ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းထိုင်းနိုင်ငံတွင် ပျံ့နှံ့ရောက်ရှိနေသော ကိုဗစ် -၁၉ အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်ရောဂါ မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ပျံ့ပွားမှု မဖြစ်စေရေးအတွက်လည်း ကာကွယ်ကုသရေးလုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်

ကုန်ညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် စပ်လျဉ်း၍စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်

      စားသုံးသူရေးရာဉီးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်ဉီးစီးမှူးရုံး၌ ၉.၁၂.၂၀၂၁ ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် ကုန်စည်များပေါ်တွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဉီးစီးမှူး ဦးအောင်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သာယာဝတီခရိုင် ဒုတိယခရိုင်ဉီးစီးမှူးဉီးသန်းစိုးက စားသုံးသူ ကာကွယ်ရေးဉပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များကို လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန် နှင့် တားမြစ်ချက်များကိုလည်းကောင်း၊ ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ သာယာဝတီခရိုင် စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံဒေါ်ခိုင်ခိုင်ရီက စားသုံးသူကာကွယ်ရေးဉပဒေအခန်း (၁၈) ပါ ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားများ ရေးသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း အကျယ် တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

        အဆိုပါဆွေးနွေးပွဲသို့ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၂၇) ဦးတက်ရောက်ခဲ့ပြီး၊ တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များအား ကုန်ညွှန်းအမှတ်အသားများ ရေးသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပေါက်ခေါင်းမြို့နယ်တွင်ဝါသီးနှံများစတင်ထွက်ပေါ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ချည်မျှင်ရှည်ဝါစိုက်ဧက (၂၉၃၈) ဧကရှိပြီး ဝါကြီးစိုက်ဧကမှာ (၈၈၈၇)ရှိ၍ စုစုပေါင်းဝါစိုက်ဧကမှာ (၁၁၈၂၅) စိုက်ပျိုးခဲ့ပြီး ဖြစ်ပါ သည်။ ဝါသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးပြီး နိုဝင်ဘာလကုန်မှာစ၍ထွက်ရှိပါသည်။ ပြည်ခရိုင် တွင် ဝါစိုက်အများဆုံး ပေါက်ခေါင်းမြို့နယ်အနေဖြင့် ချည်မျှင်ရှည်ဝါ (၈၂၅)ဧကနှင့် ဝါကြီး (၅၈၇၅) ဧက ၊ စုစုပေါင်း ဝါစိုက်ဧက (၆၇၀၀)ခန့် စိုက်ပျိုးကြောင်းသိရပါသည်။ (၈.၁၂.၂၀၂၁)ရက်နေ့တွင် ပေါက်ခေါင်း မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် မစိုးရိမ်အုပ်စု၊ စောကဲကျေးရွာရှိ ဝါစိုက်တောင်သူ ဦးမင်းဇော်ဦး ၏ဝါစိုက်ခင်းသို့ ကွင်းဆင်းရာ ဝါစိုက်ဧက (၃)ဧကရှိပြီး (၃)ဧကလုံး ရိတ်သိမ်းပြီး ဖြစ်ကြောင်း ဝါအထွက် နှုန်းမှာ တစ်ဧကလျှင် ပိဿာ ၆၅၀ မှ ၇၀၀ အထိထွက်ရှိပါသည်။ ယခင်နှစ် အထွက်နှုန်းမှာ တစ်ဧက လျှင် ပိဿာ ၆၀၀ ခန့်သာရှိသဖြင့် ယခုနှစ်တွင် အထွက်နှုန်း ပိုလာ ကြောင်းသိရှိရပါသည်။ စိုက်ပျိုးသည့် ဝါအမျိုးအစားမှာ တစ်စေ့ဝါ အမျိုးအစားဖြစ်ပြီး တစ်ဧက ကုန်ကျစရိတ်မှာ ကျပ်(၄)သိန်းဝန်းကျင်ခန့် ကုန်ကျ၍ ဝါစျေးနှုန်းအနေဖြင့် ယခုနှစ်လက်တလော ရောင်းစျေးမှာ တစ်ပိဿာလျှင် (၁၃၅၀-၁၄၀၀)ကျပ်နှုန်း ရရှိသဖြင့် တစ်ဧကအကျိုးအမြတ်ကျပ် ၄သိန်းကျော် ၅သိန်းခန့်ရရှိကြောင်းသိရပါသည်။

     ဝါစျေးနှုန်းများမှာ ယခင်နှစ်က တစ်ပိဿာလျှင် (၁၆၀၀)ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာ (၁၃၀၀-၁၄၀၀)ကျပ်ခန့် စတင်၍ စျေးဖွင့်ဝယ်ယူလျှက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ အထွက် နှုန်းအနေဖြင့်လည်း ယခင်နှစ်တွင် တစ်ဧကလျှင် ၆၀၀ ပိဿာထွက်ရှိပြီး ယခုနှစ်တွင် တစ်ဧကလျှင် ၇၀၀ ပိဿာအထိထွက်ရှိသဖြင့် အထွက်နှုန်းလည်း ယခင်နှစ်ထက်စာရင် အထွက်တိုးလာကြောင်း သိရှိရပါသည်။ ဝါစိုက်တောင်သူများအနေဖြင့် သွင်းအားစုများဖြစ်သော ပိုးသတ်ဆေး၊ ဓါတ် မြေသြဇာများ စျေးနှုန်းမြင့်တက်လာမှုကြောင့် တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ ပိုမိုကုန်ကျလာလျှက် ရှိပြီး သွင်းအားစုစျေးနှုန်းများသက်သာစွာဖြင့် ရရှိနိုင်ရေးမျှော်လင့်လျှက် ရှိကြပါသည်။ ထိုပြင် တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးနည်းစနစ်များလည်း ဖြန့်ဝေပေးနိုင်လျှင် အထွက်နှုန်းလည်းယခင်ထက်ပိုမို၍ ဝါအရည်အသွေးကောင်း များရရှိလာနိုင်မည်ဖြစ်ပြီး ဝါဂွမ်းမှ တစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် ချည်မျှင်နှင့် အထည်အလိပ်များကို ဒေသတွင်း ထုတ်လုပ်လာနိုင်ပါက အခြားသောအလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည့်အပြင် နိုင်ငံတော်အတွက်လည်း အခွန်ဝင်ငွေများ ပိုမိုရရှိ လာနိုင်မည်ဖြစ်ပါကြောင်း လေ့လာတွေ့ရှိ ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ကုန်မျိုးစုံရောင်းချနေသော လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကို စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာနိုင်စေရေး ရည်ရွယ်၍ ဒီဇင်ဘာလ (၉)ရက်နေ့ နံနက် (၁၀:၀၀)အချိန်၌ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံရုံးတွင် ပြည်ခရိုင်ဦးစီးမှုးမှ ပေါင်းတည်မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချနေသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ရေးသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့် တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်တို့၏ အကြောင်းများအား အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များမှလည်း မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးဟောပြောပွဲသို့ ပေါင်းတည်မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင် (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ