သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖားစည်မြေမှ စပါးဈေးနှုန်းအခြေအနေ

      ကရင်ပြည်နယ်၊ ဘားအံမြို့ တွင် ၂၀၂၁ မိုးစပါးအခြေအနေမှာ မိုးလေဝသ အသင့်အတင့်ကောင်းခဲ့သည့်အတွက် အထွက်နှုန်း အနည်းငယ်ပိုမိုထွက်ရှိခဲ့ကြောင်း၊ ယခုနှစ် မိုးစပါးစတင် ရိတ်သိမ်းချိန် နိုဝင်ဘာလတွင် စပါးဈေးနှုန်းမှာ ကွင်းဈေး (၅၈၀၀၀၀)ကျပ် နှင့် ဆန်စက်သို့အရောက်ပေါက်ဈေးမှာ (၆၄၀၀၀၀)ကျပ် ဈေးနှုန်းစတင်ဈေးဖွင့်ခဲ့ပြီး ယခုဒီဇင်ဘာလ စပါးလှိုင်လှိုင်ထွက်ရှိသည့် အချိန်တွင် စပါးဈေးမှာ ကွင်းဈေး (၇၀၀၀၀၀) ကျပ်ခန့်နှင့် စက်အရောက်ဈေး (၇၆၀၀၀၀) ကျပ်ခန့် ရောင်းဝယ်မှုပြုလုပ်နေကြောင်း၊ ယခုကဲ့သို့ စပါးဈေး မြင့်တက်လာမှုကြောင့် တောင်သူများအတွက် အကျိုးအမြတ်ပိုမိုရရှိခဲ့ကြောင်းနှင့် လက်ရှိစပါးဈေးနှုန်းများအတိုင်း ဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု တောင်သူများ၏ ဈေးနှုန်းခန့်မှန်းချက်အရ သိရှိရပါသည်။

       ၂၀၂၂ ခုနှစ် နွေစပါးစိုက်ရာသီတွင် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာအုပ်စု တွင် နွေစပါး ရက်(၉၀)စပါးမျိုးများကို ဧက (၁၀၀)ကျော်ခန့် စိုက်ပျိုးရန်ပြင်ဆင်လျက်ရှိကြောင်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှိုင်းဘွဲ့ နှင့် ကော့ကရိတ်မြို့နယ်များတွင်လည်း အလားတူ စိုက်ပျိုးရန်ပြင်ဆင်လျက်ရှိကြောင်း၊ ထူးခြားသည်မှာ ယခုနှစ် မိုးစပါးပေါ်ချိန်တွင် ဘားအံမြို့မှ ရန်ကုန်မြို့ရှိ ဆန်ပွဲရုံများဆီသို့ ဒေသထွက် မနောသုခအမျိုးအစားဆန်များအား (၂)ရက်လျှင် (၁)ကြိမ်ခန့် ဆန်အိတ်ရေ (၁၀၀၀)ခန့် နှင့် ဆန်ကွဲအိတ်ရေ (၃၅၀)ခန့်အား တင်ပို့လျက်ရှိကြောင်း ဘားအံမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်ထံမှ လေ့လာစုံစမ်း သတင်းရရှိခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ သဲပုံဆိပ်ဈေးရှိ ဓါတ်မြေဩဇာ၊ ဘိလပ်မြေ ဈေးနှုန်းများ ကွင်းဆင်းစုံစမ်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု/ခရိုင်ဦးစီးမှူး မြို့နယ်တာဝန်ခံတို့သည့် (၉.၁၂.၂၀၂၁)ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင် မြောင်းမြမြို့ သဲပုံဆိပ်ဈေးရှိ ဓါတ်မြေဩဇာနှင့် ဘိလပ်မြေဆိုင်များသို့သွားရောက်၍ ဈေးနှုန်းဈေးကွက်နှင့် စီးဝင်စီးထွက်မှုအခြေအနေများအား ကွင်းဆင်းတွေ့ဆုံ မေးမြန်းဆောင်ရွက် ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပုလဲဓါတ်မြေဩဇာ(အာမို) တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်၊ တီစူပါ(သံကွင်း)တစ်အိတ်လျှင်(၆၃၀၀၀)ကျပ်ရှိကြောင်းသိရှိရ၍ ယခင်အပတ် ဈေးနှုန်းနှင့် ဈေးနှုန်းကွာခြားမှုမရှိကြောင်း သိရှိခဲ့ရပြီး၊ Alpha တစ်အိတ်လျှင် (၇၀၀၀)ကျပ်၊ Crown(အနီ)တစ်အိတ်လျှင် (၇၀၀၀)ကျပ်၊ Crown(အပြာ) တစ်အိတ်လျှင် (၆၈၀၀)ကျပ်ဈေး ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့် ဈေးနှုန်းကွာခြားမှုမရှိကြောင်းစုံစမ်းသိရှိရ၍ လက်ရှိဖြစ်ပေါ် နေသည့် ဈေးနှုန်းမှာ ယခင်လ၊ယခင်ပတ် ဈေးနှုန်းအခြေအနေများနှင့် ကွာခြားမှုမရှိကြောင်း တွေ့ရပါသည်။ဆိုင်ရှင်များအား ဈေးနှုန်းမှန်ကန်စွာရောင်းချရေး အသိပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

ဟင်္သာတကုန်စည်ဒိုင်တွင် ပဲတီစိမ်း(ဝါးခယ်မ) အသစ်များ ဈေးကွက်ဝင်ရောက်လာပြီး ဈေးကောင်းရလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ပထမပတ်မှစ၍ ပဲတီစိမ်းအသစ်များ ဈေးကွက်ဝင်ရောက်လာပြီး ပဲတီစိမ်း(ဝါးခယ်မ) တစ်တင်းလျှင် အရည်အသွေး ပေါ်မူတည်၍ ၄၇၀၀၀ ကျပ်မှ ၅၂၀၀၀ ကျပ်ဈေး ပေါက်လျက် ရှိပါသည်။ ၂၀၂၀ခုနှစ် ဒီဇင်ဘာတွင် ပဲတီစိမ်း(ဝါးခယ်မ) တစ်တင်းလျှင် ၃၉၀၀၀ ကျပ်ဝန်းကျင်ဈေးသာရရှိခဲ့ပြီး၊ ယခု ၂၀၂၁ ခုနှစ်တွင် ၅၀၀၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည့်အတွက် တောင်သူများ ဈေးကောင်းရလျက်ရှိပါသည်။ ဟင်္သာတခရိုင်တွင် ပဲတီစိမ်းစိုက်ဧက ၄၉၀၀၀ကျော်ရှိပြီး၊ ယခုဈေးကွက်ဝင်လာသော ပဲတီစိမ်းများသည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အနောက်ခြမ်း ဘန့်ဘွေးကုန်း၊ ကညင်ငူ ဒေသများတွင်လည်းကောင်း၊ အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသနှင့် ပုသိမ်-မုံရွာကားလမ်း ဘေးရှိ တောင်စောင်းများ၊ ကုန်းပြန့်များတွင်လည်းကောင်း၊ ချောင်းရေကျသည့်အခါ ပေါ်လာသည့် သောင်ပြင်များတွင်လည်းကောင်း၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးဒေသ နှင့် တောင်စောင်းနှင့် ကုန်းပြန့်များနှင့် ကိုင်းမြေများ၊ ကြံခင်းမြို့နယ်၊ ကြိုးဝိုင်းအတွင်းရှိ စိုက်ခင်းများတွင် စိုက်ပျိုးသော ပဲများဖြစ်ပါသည်။ စက်တင်ဘာလလယ်လောက်မှာ စိုက်ပျိုးပြီး ဒီဇင်ဘာလဆန်းတွင် စတင်ထွက်ရှိ ကာ၊ လကုန်တွင် လှိုင်လှိုင်ထွက်ရှိလာမည့် ဆောင်းသီးနှံလည်းဖြစ်ပါသည်။

        ၂၀၁၇ - ၂၀၁၈ ခုနှစ်မှစ၍ အိန္ဒိယမှ မတ်ပဲဝယ်ယူမှုကို ကိုတာသတ်မှတ်လာသည့်အတွက်၊ အခြား နိုင်ငံများသို့တင်ပို့နိုင်ပြီး၊ စိုက်ပျိုးရက်တိုကာ၊ ပုံမှန်သင့်တင့်သော ဈေးနှုန်းရရှိသည့် မတ်ပဲအစားထိုး စိုက်ပျိုး နိုင်သောပဲတီစိမ်းကို စိုက်ပျိုးလာကြပြီး ယခုနှစ် ၂၀၂၁ ခုနှစ်တွင် အဖွင့်ဈေးမြင့်၍ တောင်သူများ ဈေးကောင်းရလျက်ရှိပါသည်။ တစ်ဧက စိုက်ပျိုးစရိတ်မှာ နှစ်သိန်း ဝန်းကျင်ရှိပြီး အထွက်နှုန်း ၁၅ တင်းခန့်ရှိသည်အတွက် တစ်ဧကကို ငါးသိန်းခန့် အကျိုးအမြတ်ရှိ စေမှာလည်းဖြစ်ပါတယ်။ အရည်အသွေးအလိုက် ဈေးပေးဝယ်ယူလျက်ရှိပြီး နေ့စဉ် ပဲတီစိမ်း (ဝါးခယ်မ) အိတ် ၂၀၀ ခန့် ဝင်ရောက်လျက်ရှိကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်းကို ၊ ပဲမျိုးစုံရောင်းဝယ်သည့် သိန်းသန်းဌေးပွဲရုံ ပိုင်ရှိင်ဦးဒီပထံမှ သိရှိခဲ့ရပြီး ၊ ကုန်စည်ဒိုင်တွင်လည်း နေ့စဉ် အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

ပြည်ခရိုင်တွင် စပါးစျေးကောင်းလျက်ရှိ

       ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်တွင် စပါးစျေးများမှာ ယခင်ထက်စာလျှင် စျေးမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ယခင်နိုဝင်ဘာလဆန်းပိုင်းတွင် စပါးစျေးမှာ တင်း (၁၀၀)ကျပ်လျှင် (၆၀၀၀၀၀-၆၁၀၀၀၀) စျေးဖြစ်ပြီး ယခုဒီဇင်ဘာလဆန်းပိုင်းတွင် တင်း(၁၀၀)လျှင် (၆၄၀၀၀၀-၆၅၀၀၀၀)ကျပ်အထိ စျေးမြင့်လာခဲ့ပါသည်။ ယခင်စပါးတင်း (၁၀၀)လျှင် (၆၀၀၀၀၀-၆၁၀၀၀၀)ကျပ် ရောင်းချစဉ်ကာလ၌ စပါးတွင်  အစိုဓာတ် ကျန်ရှိသေးသည့်အတွက် အခြောက်ခံပြီးမှ ရောင်းချခြင်းဖြစ်ရာ စပါးတင်း (၁၀၀) လျှင်အခြောက်ခံခ (၃၀၀၀၀)ကျပ် ကုန်ကျသည့်အတွက် တောင်သူလယ်သမားများအနေဖြင့်  (၅၇၀၀၀၀-၅၈၀၀၀၀)သာ ရရှိခဲ့ပါသည်။ ယခုအချိန် စပါးရောင်းချရာတွင် အစိုဓာတ်လျော့နည်းနေသောကြောင့် အခြောက်ခံစရာ မလိုဘဲ တိုက်ရိုက်ရောင်းချနိုင်သည့်အတွက် စပါးအခြောက်ခံကုန်ကျစရိတ် သက်သာကာ တွက်ချေ ပို‌ကိုက်လာကြောင်းသိရှိရပါသည်။

        ယခုလအတွင်း စျေးမြင့်လာရခြင်းမှာ တောင်သူများအနေဖြင့် စပါးရိတ်သိမ်းမှု ၇၅ % ခန့်ပြီးစီး ပြီဖြစ်ခြင်း၊ တောင်သူများလက်ဝယ်တွင် စပါးလက်ကျန်နည်းလာခြင်း ၊ အချို့ တောင်သူကြီး များမှာ စပါးကို ထုတ်မရောင်းဘဲ စျေးကောင်းစောင့်၍ လက်ဝယ်သိုလှောင် ထားရှိခြင်း တို့ကြောင့် မြေပြင် လက်ကျန် နည်းလာသည်ကို တွေ့ရှိရပြီး ယခုအချိန်အခါသည် စပါးများ စတင်ခြောက်သွေ့ချိန်ဖြစ်၍ စပါး လှောင်လက်သမားများ အဝယ်ရှိလာခြင်း၊  စက်ပိုင်များမှ ဝယ်လိုအားများလာခြင်း ၊ ရောင်းအားနည်းပြီး ဝယ်လိုအား များလာခြင်းတို့ကြောင့် စပါးစျေးမြင့်တက် လာရခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ကုလားပဲစိုက်တောင်သူများ၏ မျှော်လင့်ချက်

       ပဲမျိုးစုံစိုက်ပျိုးရာတွင် ကုလားပဲသီးနှံကို နွေ၊ မိုး၊ ဆောင်းဥတုသုံးမျိုးရှိသည့်အနက် ဆောင်းရာသီ ကာလဖြစ်သော အောက်တိုဘာလလယ်မှ နိုဝင်ဘာလအတွင်း ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြပြီး စိုက်ပျိုး သက်တမ်း(၃)လခွဲအကြာတွင် ရိတ်သိမ်းရပါသည်။ ဆောင်းသီးနှံကုလားပဲစိုက်ပျိုးမှုနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကုလားပဲစိုက်တောင်သူများ၏ ရင်တွင်းစကားသံ များကိုသိရှိနိုင်ရန် (၇.၁၂.၂၀၂၁)ရက်နေ့ (၉:၀၀)နာရီအချိန်တွင် ရွာသစ်ကျေးရွာသို့ ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ရာ စိုက်ပျိုးတောင်သူများသည် ဆောင်းသီးနှံကုလားပဲစိုက်ပျိုးဧကများသော်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးပြီး ဒေသတွင်းစားသုံးမှုဖူလုံလျက်ရှိပါကြောင်း၊ ဆောင်းသီးနှံကုလားပဲများစိုက်ပျိုးရာတွင် ကုလားပဲ လုံးအဖြူ အလုံးကြီး (V-2)၊ ကုလားပဲဖြူအလုံးသေး(V-1)နှင့် ကုလားပဲနီအလုံးသေး (ဗမာ) ကုလားပဲမျိုးကို အဓိကထားပြီးစိုက်ပျိုးကြပါကြောင်း၊ ယခုနှစ်တွင် ကုလားပဲမျိုးအပေါ်မူတည်ပြီး မျိုးတစ်တင်းလျှင် ငွေကျပ် (၄၀၀၀၀)မှ (၄၅၀၀၀)အတွင်း ပြန်ဝယ်ရကြောင်း၊ တစ်ဧကစိုက်ပျိုးမည်ဆိုလျှင် အလုံးကြီး(၂တင်းခွဲ)၊ အလုံးသေး(၁တင်းခွဲ)ကျဲပက်ရကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ (၁၅ တင်း)မှ (၁၈ တင်း)ဝန်းကျင်ထွက်ရှိ နိုင်ပြီး မျိုးထူထူချပြီး ရာသီဥတုကောင်းမွန်ပါက တင်း(၂၀)အထိ ထွက်ရှိနိုင်ပါကြောင်း၊ တစ်ဧကကုန်ကျ စရိတ်မှာ ကျပ်(၂)သိန်းခွဲ ဝန်းကျင်ထိ ကုန်ကျမှုရှိပါကြောင်း ယခုကုလားပဲတစ်တင်းဈေးနှုန်းအနေဖြင့် ကျပ် ၄၀၀၀၀ ခန့်ရှိပါကြောင်း ကုလားပဲစိုက်တောင်သူများမှတစ်ဆင့် သိရှိရပါသည်။

        ယခုနှစ် ဆောင်းကုလားပဲများကို ဆိပ်ဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးတောင်သူများသည် အောက်တို ဘာလအတွင်း မျိုးစေ့ကျဲပက်သူများသည် အပင်ပေါက်စုံပြီး နိုဝင်ဘာလအတွင်း ကျဲပက်သူများသည် ရာသီ ဥတုရုတ်တရက်ပြောင်းလဲမှုကြောင့် မြေအစိုဓာတ်ဟာပြီး အပင်ပေါက်နည်းခြင်း၊ အပင်ပေါက်မစုံခြင်းတို့ကြောင့် ရေသွင်းပြီးစိုက်ပျိုးနေရကြောင်း၊ ရေသွင်းရာတွင် တစ်နာရီလျှင် အလုပ်သမားခ၊ စက်ခ၊ ဒီဇယ်ဆီ ဝယ်ယူခ စုစုပေါင်းငွေကျပ် (၁)သောင်း ဝန်းကျင်ခန့်ကုန်ကျပြီး၊ တစ်ဧကလျှင် (၄)နာရီခန့် ရေသွင်းရပြီး ငွေကျပ်(၄)သောင်း ခန့်ကုန်ကျပါကြောင်း၊ နှစ်စဉ်ထက် ကုန်ကျမှုများပြားလျက်ရှိကြောင်း စိုက်ပျိုး တောင်သူမှတစ်ဆင့် သိရှိရပါသည်။

          စားသုံးသူပြည်သူများသည် ပဲကို အဓိကထား၍ စားသုံးခြင်း၊ ဒေသတွင်းဝယ်လိုအား ရောင်းလိုအားကောင်းခြင်း၊ ပဲဖြင့်ပြုလုပ်သော စားသောက်ကုန်မျိုးစုံ ပြုလုပ်ခြင်းတို့ကြောင့် ယခုနှစ် သီးနှံစိုက်ပျိုးထွက်ရှိမှု ပိုမိုကောင်းပါက အကျိုးအမြတ်များစွာရရှိမည်ဟု မျှော်လင့်ရပါကြောင်း၊ ကုလားပဲစိုက်တောင်သူများမှတစ်ဆင့် သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ဓနိအဖူး လက်ဖက်ခြောက် ထုတ်လုပ်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း

      ကရင်ပြည်နယ်၊ မြဝတီခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုနှင့် ဝန်ထမ်းများသည် ၆.၁၂.၂၀၂၁ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြဝတီမြို့၊ အမှတ်-၄ ရပ်ကွက် အလိုတော်ပြည့်၊ ဇော်ဂျီ- ၄လမ်း၊ လမ်းသွယ်(၅) ရှိ ပိုင်ရှင် ဒေါ်လှမွန် ဓနိအဖူးလက်ဖက်ခြောက် လုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

      ဓနိအဖူး လက်ဖက်ခြောက်လုပ်ငန်းအား လုပ်ငန်းလိုအပ်ချက်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)အရ ပုဒ်မ ၄၁- ကုန်စည်အုပ်စု (၈)မျိုးပါဝင် စေရန်နှင့် လိုအပ်ချက်များအား ထပ်မံရှင်းလင်းဆွေးနွေးပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သိပ္ပံနည်းကျ သုတေသနပြုဆောင်ရွက်ချက်နှင့် ကျန်းမာရေးဆိုင်ရာ အာမခံချက်များ ထောက်ခံချက်များ ဖော်ပြနိုင်ရန် ဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်ပြီး ကောင်းမွန်သော ဈေးကွက်ရရှိနိုင်ရေး အကြံပြုဆွေးနွေးမှာ ကြားခဲ့ကြပါသည်။ ဓနိအဖူး လက်ဖက်ခြောက်လုပ်ငန်း လည်ပတ်မှုအခြေအနေအား ဆက်လက်မေးမြန်းခဲ့ရာ လုပ်ငန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ လဆန်းပိုင်းတွင် စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဓနိအဖူးများကို ကျိုက်ခမီဘက်မှ ဝယ်ယူ၍ ဓနိအဖူးတံ တစ်ခုလျှင် ၁၀၀၀ကျော်ကျပ်ဖြင့် ဝယ်ယူပြီး တစ်စီး (၁၀)ချောင်းပါ မြဝတီမြို့အရောက် ၁၈၀၀၀ ကျပ် ကုန်ကျကြောင်း၊ လုပ်သား (၃)ဦး ဖြင့်သာ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ ထုပ်ပိုးမှုပါကင် တစ်ခုလျှင် ၇၀၀ကျပ်ဖြစ်ပြီး ဓနိဖူးတစ်ချောင်းလျှင် အထုပ်(၂၀)ခန့် ထွက်ရှိကြောင်း ၊ တစ်ထုပ်လျှင် ၅၀၀၀/-ကျပ်ဖြင့် ရောင်းချပြီး လက်ကားဈေးအနေဖြင့် ၁၀ ထုပ် မှာယူပါက ၄၀၀၀/-ကျပ်၊ အထုပ် ၂၀ မှာယူပါ ၃၅၀၀/-ကျပ် ဖြင့်ဖြန့်ချီပြီး၊ ဈေးကွက်အနေဖြင့် ကော့သောင်း၊ ရနောင်း၊ ရန်ကုန်သို့ အနည်းငယ် တင်ပို့ကြောင်း၊ တစ်နေ့လျှင် ထုတ်လုပ်နိုင်မှုပမာဏမှာ အထုပ် ၂၀၀ ခန့် ထုတ်လုပ်နိုင်ပါကြောင်းသိရှိရပါသည်။

       ဓနိဖူးလက်ဖက်ခြောက် ထုတ်လုပ်ပုံမှာ ဓနိဖူးအား (၁)ရက်ရေစိမ်ပြီး ရေသန့်ဖြင့် သန့်စင်အောင် ဆေးကြောရကြောင်း၊ ထို့နောက် ဓနိအဖူး၊ အရိုးများကို လှီးဖြတ်၍ သဘာဝနေရောင်ခြည် ၅ နေရောင်အထိ အခြောက်ခံနေလှန်းရကြောင်း၊ ခြောက်လာလျှင် စနစ်တကျထုပ်ပိုးပြီး စတင်ထုတ်လုပ်သည့်ရက်မှ ထုပ်ပိုးပြီးသည်အထိ ၈ ရက်/ ၉ ရက် အထိကြာမြင့်ပါကြောင်း၊ ကိုရီးယားလူမျိုးများ၏ VIP အခြေခံအစားအသောက်ဖြစ်၍ လူမျိုးဘာသာမရွှေး သောက်သုံးနိုင်ပါကြောင်း၊ ကျန်းမာရေးနှင့် အထူးသင့်လျော်ပါကြောင်း၊ ဌာနဆိုင်ရာများ၏ ထောက်ခံချက်ခွင့်ပြုချက်များ အပြည့်အစုံရရှိပြီးပါက ကိုရီးယားမှ ဝယ်ယူသူများ မှာယူမည်ဖြစ်ပါ၍ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

အရောင်းအဝယ်ဖြစ်လာသည့် ဟင်းသီးဟင်းရွက်

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ဟင်းသီးဟင်းရွက်စိုက်ဧကမှာ (၅၄၁၉၁)ဧကရှိပြီး သဲကုန်းမြို့နယ်တွင် (၉၈၂၇)ဧက စိုက်ပျိူးလျှက်ရှိသဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ ပါဝင်သော စိမ်းရောင်စိုကုန်စိမ်း အစုအဖွဲ့ကို အဖွဲ့ဝင်(၁၃)ဦးဖြင့် ဖွဲ့စည်းထားရှိပါသည်။ စိမ်းရောင်စိုကုန်စိမ်းအစုအဖွဲ့မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များမှာ ကျောက်ဖရုံသီး၊ ပဲတောင့်ရှည်သီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပန်း‌ဂေါ်ဖီ၊ မုံလာဉ၊ ဆလပ်၊ ခရမ်းသီးနှင့် ခရမ်းကျွတ်သီးများကို(၁၂) ရာသီ စိုက်ပျိုးရောင်းချ လျှက်ရှိပါသည်။ ယခင်ကာလများတွင် ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်း၊တတိယလှိုင်းတို့ဖြစ်နေ၍ ဟင်းသီး ဟင်းရွက်များ(၁၂)လရာသီထွက်ပေါ် နေသော်လည်း လမ်းပန်းခရီးအခက်အခဲကြောင့် ရောင်းဝယ် တင်ပို့မှုများမရှိဘဲ ဒေသတွင်းနှင့် နီးစပ်ရာဒေသများကိုသာ တင်ပို့‌ရောင်းချခဲ့ပါသည်။

        ယခုအခါ ခရီးသွားလာမှုများရှိလာခြင်း၊ ဈေးများပြန်လည်ဖွင့်လှစ်ပြီး ‌ရောင်းဝယ်ဖောက်ကားမှုရှိလာခြင်း တို့ကြောင့် ဟင်းသီးဟင်းရွက်ဈေးကွက်မှာ ပြန်လည်အရောင်းအဝယ်ဖြစ်လာသည့်အတွက် သဲကုန်းမြို့နယ်ရှိ ပုတီးကုန်းနှင့် ဝက်ပုတ်ဒေသတို့မှ ဟင်းသီးဟင်းရွက်များကို ပြည်ဈေးကွက်နှင့် ရန်ကုန်မြို့ရှိ ဒညင်းကုန်း‌ဈေး၊ သီရိမင်္ဂလာဈေးနှင့် ထောက်ကြံ့ဈေးများသို့ ‌နေ့စဉ် (၁၂)ဘီးကားများဖြင့် ပိဿာချိန်(၄၀၀၀-၅၀၀၀)ခန့် တင်ပို့ရောင်းချလျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ဟင်းသီးဟင်းရွက် ဈေးနှုန်းများအနေဖြင့် ကျောက်ဖရုံသီး တစ်လုံးလျှင်(၈၀၀)ကျပ်၊ ပဲလင်းမြေွသီးတစ်တောင့်လျှင် (၁၀၀) ကျပ်၊ကြက်ဟင်းခါးသီး အကြီးတစ်လုံးလျှင်(၂၀၀)ကျပ်၊ ရုံးပတီသီး(၅) ‌ထောင့်တစ်စည်းလျှင်(၁၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ထုတ်လျှင်(၃၅၀-၄၀၀) ကျပ် မုံလာဉတစ်တွဲလျှင်(၅၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင်(၇၅၀-၁၀၀၀) ကျပ်နှင့် ခရမ်းကျွတ်သီး တစ်ပိဿာလျှင်(၇၅၀-၁၀၀၀) ကျပ်ဖြင့် ‌ရောင်းချလျှက်ရှိပါသည်။ ဟင်းသီးဟင်းရွက် စိုက်‌တောင်သူများအနေဖြင့် မိမိတို့မိသားစု အနေဖြင့် စားသုံးနိုင်သလို နေ့စဉ် ဝင်‌ငေွများပုံ မှန်ရရှိလာပြီဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

မြောင်းမြခရိုင်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှု

        စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင် မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်၍ စားသုံးသူပြည်သူများကို အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြောင်းမြခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလအတွင်း အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များရှိ အညာသားမြေပဲကြွပ်၊ မော်ကျွန်းမြို့နယ်၊ ဆိပ်ကမ်းသာဈေးရှိ ယိုးဒယားမယ်အကြော်မှုန့်ထုပ်များ၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေး အတွင်းရှိ ဦးဦးခေါက်ဆွဲခြောက်ထုပ်များ၊ မြောင်းမြမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ ပြည့်ဝ ပူတင်းပေါင်မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

        ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိသည့် ကုန်စည်များကို မြို့နယ်စည်ပင်နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း မရှိသည့် ပဲမုန့်များ၊ ဘီစကစ်မုန့်ထုပ်များ၊ ကွတ်ကီးမုန့်ဗူးများ၊ ဘီစကစ်မုန့်ထုပ်များ၊ ဂျယ်ရီထုပ်များကို စစ်ဆေးတွေ့ရှိရ၍ သတိပေး အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အသေးစား၊ အလတ်စား စက်ရုံ/ အလုပ်ရုံများတွင် ဈေးကွက်ဈေးနှုန်း အခြေအနေနှင့် ကုန် အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် (၅.၁၂.၂၀၂၁) ရက်နေ့တွင် မော်ကျွန်းမြို့နယ်၊ လပြည့်ဝန်းမုန့်လုပ်ငန်းသို့လည်းကောင်း၊ (၆.၁၂.၂၀၂၁) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ပဲရစ်မုန့်လုပ်ငန်း၊ လပွတ္တာမြို့နယ်၊ မိသားစုမုန့်လုပ်ငန်း၊ ဝါးခယ်မမြို့နယ်၊ စိုးရတနာဆန်စက်၊ မြောင်းမြမြို့နယ် ပြည့်ဝ မုန့်လုပ်ငန်းများသို့လည်းကောင်း သွားရောက်ဆွေးနွေးခဲ့ပါသည်။ မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များအလိုက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျှက်ရှိပြီး စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) ဖွဲ့စည်း

      ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ်များရှိ ဆီလုပ်ငန်းရှင်များ၊ဆီကုန်သည်များအသင်း(ယာယီ) ဖွဲ့စည်းခြင်းအခမ်းအနားကို တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ Trade Center ခန်းမတွင် ၇.၁၂.၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ၊ဒုတိယညွှန်ကြားရေးမှူးဦးမြင့်အောင်မှ အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်းများအား အကျယ်တဝင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသောခရိုင်မြို့နယ်များမှ ရွေးချယ်ထားရှိသောCEC/ECကိုယ်စားလှယ်(၂၁)ဦးမှ(ယာယီ)အသင်းဥက္ကဋ္ဌ(၁)ဦး၊ ဒုဥက္ကဋ္ဌ(၂)ဦး၊ အတွင်းရေးမှူး(၂)ဦး၊ ဘဏ္ဍာရေးမှူး(၂)တို့အား ဆန္ဒမဲပေးရွေးချယ်ခဲ့ပါသည်။

       ဧရာဝတီတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)ဖွဲ့စည်းခြင်း အခမ်းအနားကို နံနက်(၁၁:၃၀)အချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပါကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး

ပုသိမ်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်ခြင်းနှင့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့်သုတေသနလုပ်ငန်းများဆောင်ရွက်ရန်ရည်ရွယ်၍ မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ကုန်စုံဆိုင်များတွင် ရွေကသစ်သောက်ရေသန့်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ဖော်ပြထားမှုရှိ/မရှိ (၆.၁၂.၂၀၂၁) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာ၊ သီဟိုဠ်လုပ်ငန်းရှင်အသင်းရုံးတွင် သီဟိုဠ်လုပ်ငန်းရှင်များအား အထွက် နှုန်းကောင်းမွန်စေရေး၊ ဈေးနှုန်းမှန်ကန်စေရေး တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ပြီးနောက် ကျောင်းကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဆေးဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံ၍ ဈေးနှုန်းမှန်ကန်စေရေး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း မပြုရန် တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ