ကျိုင်းတုံဒေသထွက် ရှမ်းခွံနီ (ခေါ်) ရှမ်းကြက်သွန်ဖြူဈေးကွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်းသားများသည် မိုးစပါးရိတ်သိမ်းပြီးပါက လယ်မြေယာများကို ထွန်ယက်၍ မြေကိုပြုပြင်ပြီး ဆောင်းသီးနှံတစ်မျိုး ဖြစ်သည့် ရှမ်းခွံနီမျိုး ကြက်သွန်ဖြူကို ရာသီအလိုက် တနိုင်တပိုင် စိုက်ပျိုးကြပါသည်။ ယခုနှစ် စိုက်ပျိုးကြသည့် ကျေးရွာအုပ်စုများမှာ လွယ်လုံ၊ ကတ်ထိုက်၊ တုံစီ၊ မိုင်းလန်းနှင့် မိုင်းလပ်အုပ်စု များတွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရပါသည်။
နှစ်စဉ် မိုးအကုန် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ရှမ်းကြက်သွန်ဖြူကို စိုက်ပျိုးရာတွင် အတန်းလိုက်ဘောင်စနစ်ပြုလုပ်ပြီး တန်းခြား(၁၀)ပေ၊ ရေမြောင်းတူးကာ ပင်ခြား(၃-၄)လက်မ ခြား၍ ကြက်သွန်ဖြူအမွှာကို ပြုပြင်ထားသော မြေ၌ ထိုးစိုက်ကာ စိုက်ပျိုးကြကြောင်း သိရှိရပါ သည်။ ရှမ်းကြက်သွန်ဖြူကို စိုက်ပျိုးရာတွင် သွင်းအားစုအနေဖြင့် မျိုးစေ့ ထွန်ယက်ခ နွားချေး၊ ဓာတ်မြေဩဇာ၊ ကောက်ရိုး၊ ပိုးသတ်ဆေး၊ ရွက်ဖြန်းဆေး၊ ရေသွင်းခြင်းလုပ်သားခ၊ ကြက်သွန်ဖြူ ထွက်လျှင် သယ်ယူခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း (၁၉) သိန်းခန့် ကုန်ကျကြောင်း ရှမ်းကြက်သွန်ဖြူစိုက် တောင်သူကြီးများ ထံမှ သိရှိရပါသည်။
ယခုနှစ် ရှမ်းကြက်သွန်ဖြူကို မတ်လနှင် ဧပြီလတို့တွင် စတင်ခူးဆွတ်နိုင်ကြောင်း တစ်ဧက အထွက်နှုန်းမှာ ပိဿာချိန် (၆၀၀ မှ ၆၅၀) ခန့် ထွက်ရှိပြီး ရှမ်းကြက်သွန်ဖြူ (၁) ပိဿာလျှင် (၇၀၀၀) ကျပ်ခန့် အရောင်းအဝယ်ရှိကြောင်း တစ်ဧက ရှမ်းကြက်သွန်ဖြူ ရောင်းရငွေမှာ လက်ကား ဈေးနှုန်း(၇၀၀၀) ကျပ်ဖြင့် တွက်လျှင် (၄၂) သိန်းခန့် ရရှိပြီး တစ်ဧက၏ ကုန်ကျစရိတ် (၁၉) သိန်း နုတ်လျှင် တစ်ဧကအမြတ်ငွေမှာ (၂၃) သိန်းခန့် အမြတ်ရရှိကြောင်း သိရပါသည်။
DOCA(ရှမ်း)

















