Languages

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Powered by Drupal

နေပြည်တော်၊ အောက်တိုဘာ ၂၇

              “မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်” (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၇-၁၀-၂၀၂၀ရက် နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင်  နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်း အဝေးခန်းမတို့၌ Video Conferencing စနစ်သုံး Zoom Application ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူ ရေးရာကော်မတီအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အဖွင့်အမှာစကား ပြောကြားပါသည်။

              ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေနဲ့ ကဏ္ဍကြီး (၆) ရပ်ကို အကောင်အထည်ဖော်လျှက်ရှိရာ စားသုံးသူ အကာအကွယ်ပေးရေး ကဏ္ဍပါဝင်ပါကြောင်း၊စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉ ဖြင့် ပြဌာန်းခဲ့ပြီး ဥပဒေအရ  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကို အဖွဲ့ဝင် (၂၁) ဦး ဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့က ၃၀-၉-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၉/ ၂၀၁၉) ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။

            ကော်မရှင်ဖွဲ့စည်းပြီးနောက် ၁/၂၀၁၉ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၉) ချက် ချမှတ်ခဲ့မှုအပေါ် ဆောင်ရွက်နိုင်ခဲ့ ပြီးဖြစ်ပါကြောင်း၊ Covid 19 ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်ခဲ့ရသည့် ကာလများအတွင်း အခြေခံ စားသောက်ကုန် နှင့် ကျန်းမာရေးဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်း ဈေးနှုန်းများ အဆမ တန်မြင့် တင်ရောင်းချခြင်းများမှကာကွယ်နိုင်ရန်အတွက် အမိန့်စာများ ထုတ်ပြန် ကြေညာခြင်း၊ ဈေးကွက် အတွင်း ကွင်းဆင်းစိစစ်ခြင်းများကို ကော်မရှင်၏လမ်းညွှန်မှုနှင့်အညီ စားသုံးသူရေးရာ ဦးစီးဌာနက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း။

            စားသုံးသူကာကွယ်ရေးဥပဒေအရ တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာကော်မတီ နှင့် ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီ  အသီးသီးကို ဖွဲ့စည်းပြီး စားသုံးသူ ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သော်လည်း ခရိုင်/ မြို့နယ် အဆင့် အထိ ကျယ်ပြန့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်ပါကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စားသုံး သူရေးရာကော်မတီနှင့် ခရိုင်စားသုံးသူ ရေးရာ ကော်မတီများဖွဲ့စည်းရန် သင့်/မသင့်၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ လုပ်ငန်းတာဝန်များကို  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စားသုံးသူကာကွယ် ရေးအတွက် ချမှတ်သင့်သော မူဝါဒများ ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များကိုလည်း ရင်းနှီးပွင့်လင်းစွာအကြံပြုဆွေးနွေး ပေးစေလိုပါကြောင်းဆွေးနွေး ပြောကြား ခဲ့ပါသည်။

              မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထူးမှ စားသုံးသူကာကွယ်ရေးကော်မရှင် အနေဖြင့် မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ ပြုစုတင်ပြလာသည့် အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (NCPP) ကို စနစ်တကျ အကောင်အထည်ဖော်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ NCPP တွင် ထည့်သွင်းပြဌာန်းထားသည့် နှစ်အလိုက် ဆောင်ရွက်ရမည့် Action Plan များကိုလည်း ကော်မရှင်အဖွဲ့ဝင်များမှ ဦးဆောင်၍ စနစ်တကျ ကြပ်မတ်အကောင် အထည်ဖော်သွားဖို့ လိုကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်း စဉ်များ ပိုမိုထိရောက်စေရေးအတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများနှင့် သီးခြား Working Group များ ဖွဲ့စည်းဆောင်ရွက်သွားရန်နှင့် SOP များ ရေးဆွဲအကောင်အထည်ဖော်သွားရန် လိုအပ် ပါကြောင်း၊ ထို့အပြင် စားသုံးသူရေးရာကော်မတီများကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်များတွင် သာမက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ခရိုင်များကိုလည်း တိုးချဲ့ဖွဲ့စည်းသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။

            ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခြင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစာများအား ရှင်းလင်းဖတ်ကြားခြင်းတို့ကိုဆောင်ရွက်ခဲ့ရာကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။                                               

              ယင်းနောက်ပြည်ထောင်စုဝန်ကြီးက ကော်မရှင်အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများ၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသ ကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီများနဲ့ စားသုံးသူပြည်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် စားသုံးသူအခွင့်အရေးနဲ့ အကျိုးစီးပွားများကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးနိုင် မှာဖြစ်တဲ့အတွက်အဖွဲ့ဝင်အားလုံး တက်ညီလက်ညီပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန