Languages

တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ(၂/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ(၂/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ(၂၉)ရက်နေ့၊ မွန်းလွဲ(၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

            အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အစည်းအဝေး(၁/၂၀၂၀)ကို(၂၇-၁၀-၂၀၂၀)ရက်နေ့မှာ ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်(၁၁)ချက်ကို ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်များကို တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဝင်များကို အသိပေးရန်လိုအပ်တဲ့အတွက် အစည်းအဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဆက်လက်၍ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီကိုဖွဲ့စည်းပြီး ဖြစ်၍ ခရိုင်စားသုံးသူကော်မတီများကိုလည်း ဖွဲ့စည်းသွားမှာဖြစ်ပါကြောင်း၊ သို့မှသာ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်သည့်အပြင် စားသုံးသူအကျိုးစီးပွား အတွက် အကျိုးပြုနိုင်မှာဖြစ်ကြောင်း၊ Covid-19 ရောဂါအခြေအနေကြောင့် လုပ်ငန်းဆောင်ရွက်မှု များခက်ခဲပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောစည်းကမ်းချက်များ နှင့်အညီ လုပ်ငန်းများဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်း များသည် အများပြည်သူအတွက် အကျိုးများစေ၍ အားလုံးကကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

            ထိုနောက် စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ်အတွင်း လုပ်ငန်း ​ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ခရိုင်ကော်မတီဖွဲ့စည်းရန်အတွက် လျာထားအမည်စာရင်းများ၊ တိုင်ကြားမှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအားရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး(DOCA)