Main menu

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်သုံးဆီတင်သွင်းရန် ဒေါ်လာငွေ အခက်အခဲနှင့် ကြုံတွေ့လျက်ရှိ

Powered by Drupal

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာငွေပြတ်လပ်မှု ဖြစ်ပေါ်ခြင်းက ပေးဆပ်ရန်အကြွေးငွေ ဒေါ်လာသန်း ၃၀၀ ကျော် တင်ရှိနေမှုနှင့်အတူ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော ဘင်္ဂလားဒေ့ရှ် ရေနံထွက်ကုန်ပစ္စည်းကော်ပိုရေးရှင်း (BPC) အနေဖြင့် စက်သုံးဆီ တင်သွင်းမှုစရိတ်များ ပေးချေနိုင်ရေး အပြင်းအထန် ကြိုးစားနေရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့သော မေလ ၉ ရက်နေ့ရက်စွဲဖြင့် BPC ကော်ပိုရေးရှင်းမှ စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြသည့် စာတစ်စောင်တွင် ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားသုံးငွေ/ ဒေါ်လာငွေကြေး ပြတ်လပ်လျက်ရှိပြီး လိုအပ်သော အမေရိကန်ဒေါ်လာငွေပမာဏကိုလည်း ဗဟိုဘဏ်မှ ဖြည့်ဆည်းပေးနိုင်မှု မရှိသဖြင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များသည် စက်သုံးဆီ သွင်းကုန်များအတွက် အချိန်မီ ငွေပေးချေနိုင်ခြင်း မရှိကြောင်း ဖော်ပြထားသည်။ ဧပြီလအတွင်း တင်ပြခဲ့သော စာတစ်စောင်တွင်လည်း လောင်စာဆီပေးသွင်းလျက်ရှိသည့် ပြည်ပကုမ္ပဏီများစွာ သည် မူလစီစဉ်ထားသည့် အရေအတွက်အောက် လျှော့ချလျက် ဆီတင်သင်္ဘော အနည်းငယ်ကို သာ စေလွှတ်ခဲ့ကြောင်းနှင့် စက်သုံးဆီများအား မေလတွင် တင်သွင်းရန် စီစဉ်ထားသည့်အတိုင်း တင်သွင်းနိုင်ခြင်းမရှိပါက အရန်စက်သုံးဆီ ကျဆင်းမှုနှင့်အတူ နိုင်ငံတစ်ဝန်း၌ သွင်းအားစုအပိုင်း ပြတ်လပ်မှု ဖြစ်ပေါ်မည်ဟု BPC က ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံခြားသုံးအရန်ငွေကြေးထားရှိမှုသည် ယခင်နှစ် ဖေဖော်ဝါရီလ၌ ရုရှား-ယူကရိန်း စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည့်နောက်ပိုင်းတွင် သုံးပုံတစ်ပုံကျော် ကျဆင်းလျက် မေလ ၁၇ ရက်နေ့၌ ဒေါ်လာ ၃၀.၁၈ ဘီလီယံဖြင့် ၇ နှစ်တာကာလအတွင်း အနည်းဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။

သန့်စင်ချက်လုပ်ပြီး စက်သုံးဆီ တန်ချိန် ၅ သိန်းနှင့် ရေနံစိမ်း တန်ချိန် ၁ သိန်းတို့ကို လစဉ် တင်သွင်းလျက်ရှိသည့် BPC ကော်ပိုရေးရှင်းအနေဖြင့် Vitol ၊ ENOC ၊ Indian Oil Corp ၊ PetroChina ၊  အင်ဒိုနီးရှား BSP ၊ အိန္ဒိယ Numaligarh Refinery Ltd နှင့် တရုတ်နိုင်ငံပိုင် Sinopec ကုမ္ပဏီ၏ လုပ်ငန်းခွဲဖြစ်သော Unipec တို့ထံ ကုန်ဖိုးငွေပေးချေရန် အကြွေးတင်ရှိနေကြောင်း၊ အိန္ဒိယကုမ္ပဏီများသို့ ပေးချရန်ရှိသည့် အကြွေးများအတွက် နိုင်ငံပိုင်ကူးသန်းရောင်းဝယ်ရေးဘဏ်များအား ရူပီးငွေကြေးဖြင့် စာရင်းရှင်းလင်းခွင့်ပြုရန် BPC က အစိုးရထံ တင်ပြထားကြောင်း၊ စွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းမှုအပေါ် အမှီပြုနေရသည့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံအနေဖြင့် လောင်စာဆီပြတ်လပ်မှုကြောင့် လျှပ်စစ်ဓါတ်အား ဖြတ်တောက်လျော့ချမှုများ လုပ်ဆောင်နေရပြီး ၎င်း၏ ပို့ကုန်ဦးစားပေး အထည်ချုပ်လုပ်ငန်းများအပေါ် ထိခိုက်မှု ဖြစ်ပေါ်စေလျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

Source: Reuters, 22 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)