ပြည်တွင်း၌ ဈေးနှုန်းများကို ထိန်းသိမ်းထားနိုင်ရန် ချိန်ညှိသည့် နည်းလမ်းတစ်ရပ်အဖြစ် ပြည်ပမှတင်သွင်းသော ပဲစင်းငုံများ အများအပြား ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာချိန်အထိ နိုင်ငံတော် အရန်ရိက္ခာထားရှိမှုမှ ပဲစင်းငုံများကို ရောင်းချပေးရန် အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
သင့်လျော်သောပဲခွဲစက်များမှတစ်ဆင့် စားသုံးသူများအတွက် ပဲစင်းငုံ ခွဲခြမ်းများ ရရှိနိုင်မှုကို တိုးမြင့်လာစေရန်အတွက် သိုလှောင်ထားသည့် ပဲများအား အင်တာနက်ကွန်ယက် လေလံစနစ်ဖြင့် ရောင်းချရန် အမျိုးသားလယ်ယာသမဝါယမစျေးကွက်အဖွဲ့ချုပ် (NAFED) နှင့် အမျိုးသားသမဝါယမ စားသုံးသူများအဖွဲ့ချုပ် (NCCF) တို့ကို အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။
လေလံပွဲများ၏ အကြိမ်အရေအတွက်နှင့် ရောင်းချမည့်ပမာဏများကို စားသုံးသူများအတွက် တတ်နိုင်သောဈေးနှုန်းဖြင့် ပဲစင်းငုံများ ရရှိနိုင်မှုနှင့် အကျိုးသက်ရောက်မှုတို့အပေါ် အခြေခံ၍ ချိန်ညှိမည်ဖြစ်ကြောင်း စားသုံးသူရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
မုတ်သုံလေနှောင့်နှေးမှု အခြေအနေနှင့် ပြည်တွင်းဈေးကွက်သို့ ပေးသွင်းနိုင်မည့် လက်ကျန် လျော့နည်းမှုတို့ကြောင့် လွန်ခဲ့သော လများတွင် ပဲစင်းစုံဈေးများ မြင့်တက်ခဲ့ပါသည်။ မိုးရွာသွန်းမှု အားနည်းခြင်းက ဇွန်လ ၂၃ ရက်အထိ ပဲစင်းငုံစိုက်ပျိုးနိုင်မှုမှာ ယမန်နှစ် အလားတူကာလရှိ ဟက်တာ ၁ သိန်း ၈ သောင်းနှင့် နှိုင်းယှဉ်ပါက သုံးပုံနှစ်ပုံခန့် လျော့နည်းလျက် ဟက်တာ ၆၂၀၀၀ ဝန်းကျင်သာ ရှိခဲ့သည်။ အဓိကအားဖြင့် ကာနာတကာနှင့် မဟာရသျှတပြည်နယ်တို့တွင် မိုးရွာသွန်းမှု နည်းပါးခြင်း ကြောင့် ပဲစင်းငုံ စိုက်ပျိုးပြီးစီးမှု လျော့နည်းခဲ့ပါသည်။
လွန်ခဲ့သည့်လအတွင်း ပဲစင်းငုံပျမ်းမျှဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၈ ရူပီးကျော်အထိ မြင့် တက်လာခဲ့သည်။ စားသုံးသူရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝှမ်း ပဲစင်းငုံ ၁ ကီလိုဂရမ်၏ ပျမ်းမျှလက်လီဈေးနှုန်းသည် မေ ၂၉ ရက်ရှိ ၁၂၁.၂၄ ရူပီးနှုန်းနှင့် နှိုင်းယှဉ်ပါက ဇွန် ၂၆ ရက် တနင်္လာနေ့တွင် ၁၂၉.၄ ရူပီးနှုန်းဖြင့် အမြင့်ဆုံးထိ ရောက်ရှိခဲ့ပါသည်။ အမြင့်ဆုံး လက်လီဈေးနှုန်းအဖြစ် ကီရာလာပြည်နယ် Kollam မြို့တွင် မေလ ၂၉ ရက်ရှိ ၁၅၂ ရူပီးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁ ကီလို ဂရမ်လျှင် ၁၈၀ ရူပီးနှုန်း ရှိကြောင်း၊ အနိမ့်ဆုံး လက်လီဈေးနှုန်းမှာ မီဇိုရမ်ပြည်နယ်ရှိ Hnanthial ခရိုင်၌ မေလ ၂၉ ရက်နေ့ ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိပဲ ၁ ကီလိုဂရမ်လျှင် ရူပီး ၈၀ နှုန်းဖြစ်ကြောင်း သိရသည်။
ဈေးကွက်အတွင်း ရောင်းလိုအားမြှင့်တင်ရန်အတွက် အစိုးရသည် ၂၀၂၄ ခုနှစ် မတ်လအထိ မတ်ပဲနှင့် ပဲစင်းငုံကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသည်။ သိုလှောင် ဈေးကစားမှုများကို တားဆီး နိုင်ရန်အတွက် ၁၉၅၅ ခုနှစ် အရေးကြီးကုန်စည် အက်ဥပဒေကို ကျင့်သုံးလျက် ယခုနှစ် အောက်တိုဘာ လ ၃၁ ရက်နေ့အထိ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအားလုံး၌ ပဲစင်းငုံနှင့် မတ်ပဲ သိုလှောင်ထား ရှိနိုင်မည့် ပမာဏကန့်သတ်ချက်များကို ဇွန်လ ၂ ရက်နေ့တွင် အိန္ဒိယအစိုးရက ချမှတ်ခဲ့ပါသည်။
ပြည်နယ်အစိုးရများအနေဖြင့် သက်ဆိုင်ရာနယ်မြေဒေသအလိုက် ပဲစျေးနှုန်းများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး သိုလှောင်နိုင်မှုပမာဏ ကန့်သတ်ချက်အား ဖောက်ဖျက်သူများကို အရေးယူနိုင်ရန် စိစစ်ဆောင်ရွက်လျက်ရှိပါသည်။
Source: The Hindu Business Line, 27 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)