Main menu

ကမ္ဘောဒီးယားက ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့လုံးဆိုင်ရာ သီဟိုဠ်စေ့ညီလာခံကို ဦးဆောင်ကျင်းပမည်

Powered by Drupal

ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားသီဟိုဠ် အသင်းအဖွဲ့ချုပ်တို့ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ အစောပိုင်းတွင် ဆီရမ်ရိပြည်နယ်၊ အန်ကော၌ ၃ ရက်ကြာ ကမ္ဘာ့လုံးဆိုင်ရာ သီဟိုဠ်ညီလာခံကို ကျင်းပသွားမည် ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား ပြည်တွင်း၌ သီဟိုဠ်ကဏ္ဍ ဈေးကွက်အလားအလာကို လေ့လာဖော်ထုတ်ရေးနှင့် စိုက်ပျိုးနိုင်ရေးတို့အတွက်  ပြည်တွင်းပြည်ပ သီဟိုဠ်အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းထားရှိနိုင်ရန်နှင့် သီဟိုဠ်စေ့ ပြုပြင်ထုတ်လုပ်မှု၌ ရင်းနှီးမြှုပ်နှံမှုများကို တိုက်တွန်းအားပေးရန် ရည်ရွယ်လျက် အဆိုပါညီလာခံကို ကျင်းပမည်ဖြစ်ကြောင်းဖြင့် Khmer Times သတင်းဌာနက ဖော်ပြထားသည်။

အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအား သီဟိုဠ်ပို့ကုန်များ တင်ပို့ရာတွင် အကြီးမားဆုံး တင်ပို့သူဖြစ်လာစေရန် မျှော်မှန်းထားကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ဖိတ်ခေါ် ရန်၊ သီဟိုဠ်မှ အကျိုးအမြတ်များစွာရရှိနိုင်ရေး စီမံနိုင်ရန်နှင့် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်အတွက် ညီလာခံ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း၊ ဤသို့ဆောင်ရွက်မှုက ကမ္ဘောဒီးယား၏ ပြုပြင်ထားခြင်းမရှိသော သီဟိုဠ်စေ့ စိုက်ပျိုးထုတ်လုပ်မှုနှင့် ကမ္ဘာ့ဈေးကွက်သို့ အရည်အသွေးမြင့် သီဟိုဠ်စေ့ ထုတ်ကုန်များ ထုတ်လုပ်ပေးသွင်းနိုင်ရေးတို့ကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် သီဟိုဠ်ဆိုင်ရာမူဝါဒအရ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် သီဟိုဠ်စေ့ ပြုပြင်ထုတ်လုပ်မှုကို ၂၀၂၇ ခုနှစ်တွင် ၂၅% ၊ ၂၀၃၂ ခုနှစ်၌ ၅၀% တိုးတက် ပါဝင်မှုရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ညီလာခံကျင်းပမှုမှ ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသည့် စံပြုကုမ္ပဏီ ၂၀ မှ ၃၀ ခန့် ပေါ်ထွက်လာရန် မျှော်လင့်ထားကြောင်း၊ ၎င်းတို့အသင်းချုပ်အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့်အတူ ညီလာခံကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ သီဟိုဠ်ညီလာခံ၏ ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား သီဟိုဠ်အသင်းချုပ် ဥက္ကဋ္ဌ An Dara က ပြောကြားခဲ့သည်။

အဆိုပါ ညီလာခံသို့ ကမ္ဘာ့တစ်ဝှမ်းရှိ နိုင်ငံပေါင်း ၄၀ မှ လူဦးရေပေါင်း ၅၀၀ ကျော် တက် ရောက်မည်ဖြစ်ကြောင်း၊ အများစုမှာ သီဟိုဠ်ကဏ္ဍမှ လုပ်ငန်းရှင်များနှင့် အလုပ်သမားများဖြစ်ကြောင်း၊ သီဟိုဠ် စိုက်ပျိုးသူများ၊ ပြုပြင်ထုတ်လုပ်သူများ၊ တင်ပို့သူများနှင့် ပြုပြင်စီမံခြင်းနှင့် ထုပ်ပိုးခြင်းဆိုင်ရာ စက်ပစ္စည်းရောင်းချသူများ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

Source: Khmer Times, 20 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)