Main menu

ဆန်တင်ပို့မှုမြှင့်တင်နိုင်ရန် ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်က အရင်းအနှီးရှာဖွေလျက်ရှိ

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၁ နှစ်လျှင် ဆန်တန်ချိန် ၂ သန်းအထိ တင်ပို့နိုင်မည့် အလားအလာများရှိနေမှုအရ ဆန်တင်ပို့မှုမြှင့်တင်နိုင်‌ရေးအတွက် ဆန်စက်လုပ်ငန်းရှင်များ၏ စပါးများ ဝယ်ယူစုဆောင်းမှုတွင် လိုအပ်သော လုပ်ငန်းလည်ပတ် ရင်းနှီးငွေများ ရရှိနိုင်ရန် ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) က နည်းလမ်းများရှာဖွေလျက်ရှိကြောင်း သိရှိရပါသည်။

CRF ၏ ဥက္ကဋ္ဌ Chan Sokheang  က ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ ရာတွင် ပထမအဆင့်အဖြစ် ၁ နှစ်လျှင် ဆန်တန်ချိန် ၁ သန်း သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ဒုတိယအဆင့်အနေဖြင့် ၁ နှစ်လျှင် ဆန်တန်ချိန် ၂ သန်းအထိ နှစ်ဆတိုးမြှင့် တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ဆန်တန်ချိန် ၁ သန်း ပြည့်မီအောင် တင်ပို့နိုင်ရန်အတွက် ကမ္ဘောဒီးယား၏ ဆန်စပါးကဏ္ဍတွင် လုပ်ငန်းအရင်းအနှီးအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၂၀ မှ သန်း ၁၅၀ ခန့် ထပ်မံလိုအပ်ကြောင်း၊ ဒုတိယအဆင့် ဆန်တန်ချိန် ၂ သန်း ရည်မှန်းချက်ကို ရရှိနိုင်ရန်မှာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုပမာဏအပြင် နောက်ထပ်ဒေါ်လာသန်း ၃၀၀ ခန့် လိုအပ်မည်ဖြစ်ကြောင်းဖြင့် ဩဂုတ်လ ၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျင်းပသော ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ ပါဝင်တက်ရောက်သည့် ညီလာခံတစ်ခု၌ ပြောကြားခဲ့သည်။

ပြည်တွင်းရှိ ဘဏ်လုပ်ငန်းများ၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ပြည်ပ ငွေကြေးအဖွဲ့အစည်းများထံမှ ရရှိမည့် ထပ်ဆောင်းရင်းနှီးမြှုပ်နှံငွေများကို ပြင်ပသို့ စီးဆင်းစေခြင်းမရှိပဲ ပြည်ပသို့ ဆန်ကြိတ်ခွဲတင်ပို့ရန်အတွက် တောင်သူ လယ်သမားများထံမှ စပါးများအား ဝယ်ယူသိုလှောင်ရာတွင်သာ အသုံးပြုမည်ဖြစ်ကြောင်း Sokheang  က ပြောဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ဆန်စက်ပိုင်ရှင်များအနေဖြင့် စပါးအမြောက်အမြား ဝယ်ယူရန် သို့မဟုတ် ဆန်ကြိတ်ခွဲစက်များ တည်ဆောက်ရန်အတွက် အရင်းအနှီးလိုအပ်လျက်ရှိကြောင်း၊  ထို့အပြင် ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများထံမှ ချေးငွေရယူရန် လိုအပ်သော အပေါင်ပစ္စည်း နည်းပါးလျက်ရှိကြောင်း၊ လက်ရှိကာလ၌ ဆန်စက်လုပ်ငန်းရှင်များသည် ပြည်တွင်းဘဏ်များနှင့် အသေးစားချေးငွေလုပ်ငန်းများထံမှ ငွေကြေးဝန်ဆောင်မှုများကို အပေါင်ပစ္စည်းထားရှိသည့် စနစ် ဖြင့် ရယူသုံးစွဲလျက်ရှိကြောင်း၊ နိုင်ငံပိုင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ်ကလည်း လယ်သမားများထံမှ စပါးလွယ်ကူစွာ ဝယ်ယူနိုင်ရန် ဆန်စက်လုပ်ငန်းများသို့ ပံ့ပိုးပေးလျက်ရှိ ကြောင်း Khmer Times သတင်းဌာနက ဖော်ပြပါသည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၇၅၀၀၀၀ တင်ပို့ရန် လျာထား ပြီး ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၁ သန်းအထိ တိုးမြှင့်တင်ပို့ရန် ရည်မှန်းထားပါသည်။

Source: Khmer Times, 11 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)