Main menu

ထိုင်းနိုင်ငံ၌ ဆန်ထုပ်ပိုးမှု နှုန်းထားကို စက်တင်ဘာလတွင် တိုးမြှင့်မည်

Powered by Drupal

ထိုင်းနိုင်ငံ၌ ထုတ်လုပ်မှုကုန်ကျစရိတ်များ ကြီးမြင့်လာမှုကြောင့် စက်တင်ဘာလမှစတင်၍ ဆန်ထုပ်ပိုးမှုကုန်ကျစရိတ်ကို တစ်ကီလိုလျှင် ၃ ဘတ် ထပ်ဆောင်းလျက် ၂၀ ဘတ်နှုန်း သတ်မှတ်မည်ဟု ထိုင်းဆန်ထုပ်ပိုးသူများအသင်းက ထုတ်ပြန်လိုက် ကြောင်း သိရပါသည်။

အဆိုပါအသင်း၏ဥက္ကဌဖြစ်သူ Yongyut Phurkmahadamrong က ထုပ်ပိုးပြီးဆန်များ၏ စျေးနှုန်းမြင့်တက်လာခြင်းသည် စားသုံးသူအများစုကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်းနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနအနေဖြင့် ဈေးနှုန်းသက်သာသည့် ဆန်များကို ရောင်းချပေးခြင်းဖြင့် စားသုံးသူများသို့ ကူညီထောက်ပံ့နိုင်ရန်အတွက် Blue Flag တံဆိပ်ဖြင့်  ထုပ်ပိုးထားသောဆန်များ ထုတ်လုပ်ခြင်းအား စဉ်းစားဆောင်ရွက်ဖွယ်ရှိ ကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယ၏ ဆန်တင်ပို့မှု ရပ်ဆိုင်းပြီးနောက်တွင် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ စပါးဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၌ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကြောင့် နိုင်ငံအနှံ့အပြားရှိ ဆန်စပါးစိုက်ပျိုးမှုတွင် ပျက်စီး ဆုံးရှုံးမှု ကြီးမားပါက ထိုင်းဆန်တင်ပို့မှု စျေးနှုန်းများ မြင့်မားလာမည်ဖြစ်ကြောင်း၊ Thai PBS သတင်းထောက်များသည် စျေးကွက်အများအပြားတွင် စစ်တမ်းကောက်ယူခဲ့ရာ ၄၀ ကီလိုဂရမ်မှ ၄၅ ကီလိုဂရမ်ကြားရှိသော ဆန်တစ်အိတ်ဈေးနှုန်း သည် ဘတ် ၈၀ မှ ၉၀ အထိ မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ Sao Hai ဆန်ဈေးနှုန်းသည် တစ်အိတ်လျှင် ဘတ် ၉၂၀ မှ ၁၀၁၀ ဘတ်သို့ မြင့်တက်ခဲ့ပြီး Hom Mali ဆန်ဈေးမှာ တစ်ကီလိုလျှင် ၃၈ ဘတ်မှ ၄၀ ဘတ်သို့ မြင့်တက်ခဲ့ကြောင်း၊  စားသုံးသူတစ်ဦးက ၎င်းအနေဖြင့် ထုပ်ပိုးထားသည့် ဆန်အိတ်များကို စျေး သို့မဟုတ် စတိုးဆိုင်များ၌ ဝယ်ယူလျက်ရှိရာမှ ဈေးနှုန်းပိုမိုသက်သာသည့် လက်ကား ရောင်းချသူထံမှ တိုက်ရိုက်ဝယ်ယူခြင်းသို့ ပြောင်းလဲခဲ့သည်ဟု Thai PBS သတင်းထောက်များသို့ ပြောကြားခဲ့ကြောင်းဖြင့် Thai PBS World သတင်းဌာနက ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စားသောက်ကုန်ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိရာ လမ်းဘေးအစားအစာဆိုင်များ၌ပင် ထမင်းတစ်ပွဲ သို့မဟုတ် ခေါက်ဆွဲတစ်ပန်းကန်လျှင် ဘတ် ၅၀ မှစတင်ကာ ဈေးနှုန်းများ တိုးမြှင့်ရောင်းချမှုရှိလာ ကြောင်း သိရှိရပါသည်။

Source: Thai PBS World, 16 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)