Main menu

အရန်သိုလှောင်ထားသည့် ကြက်သွန်နီများအား အိန္ဒိယအစိုးရက ပြည်တွင်းဈေးကွက်သို့ ရောင်းချ

Powered by Drupal

အိန္ဒိယနိုင်ငံ၌ တစ်နိုင်ငံလုံး ပျမ်းမျှလက်လီစျေးနှုန်းထက် ကျော်လွန်၍ ရောင်းဝယ်မှုဖြစ်ပေါ်နေသော ပြည်နယ် သို့မဟုတ် ဒေသများရှိ အဓိကစျေးကွက်များသို့ အရန်သိုလှောင်ထားသည့် ကြက်သွန်နီတန်ချိန် ၃ သိန်းကို ရောင်းချပေးမည် ဖြစ်ကြောင်း အစိုးရက ဩဂုတ်လ ၁၁ ရက်၊ သောကြာနေ့တွင် ကြေညာခဲ့သည်။

၂၀၂၃ခုနှစ်၊ ဩဂုတ်လ၏ အစောပိုင်းကာလမှစ၍ ကြက်သွန်နီဈေးနှုန်းမှာ ၆၀% အထိ မြင့်တက်လာမှုအပေါ် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းများ ထိန်းသိမ်းနိုင်ရေးအတွက် ဈေးကွက်အတွင်း ကုန်စည်များပြားစွာ ရရှိစေရန် သာ ဆောင်ရွက်ခြင်းဖြစ်၍ အဆိုပါ ကြက်သွန်နီများအား ဈေးနှုန်းလျှော့ချရောင်းချမည်မဟုတ်ကြောင်း၊ အီလက်ထရွန်းနစ် လေလံစနစ် သို့မဟုတ် အီးကောမာ့စ်စင်္ကြန်များမှ လက်လီရောင်းချသည့်စနစ်ဖြင့် ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်းဖြစ်ပေါ်နေသည့် ဈေးနှုန်းများနှင့် ကုန်စည် ရရှိနိုင်မှု အခြေအနေများအပေါ်မူတည်၍ ရောင်းချပေးမည့် ပမာဏနှင့် အကြိမ်အရေအတွက်ကို ချိန်ညှိဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရများသို့မူ ၎င်းတို့၏ စားသုံးသူသမဝါယမနှင့် ကော်ပိုရေးရှင်းများရှိ လက်လီရောင်းချသည့် ဆိုင်ခွဲများမှတစ်ဆင့် ဖြန့်ဖြူးရောင်းချနိုင်ရန်အတွက်  လျှော့ဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

အစိုးရ၏ စာရင်းအင်းများအရ အိန္ဒိယနိုင်ငံအနှံ့တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီ ပျမ်းမျှ လက်လီဈေးနှုန်းသည် ဇူလိုင်လ၌ ၁ ကီလိုဂရမ်လျှင် ရူပီးငွေ ၂၆.၅၁ ရှိရာမှ ဩဂုတ်လတွင် ရူပီးငွေ ၂၇.၅၁ သို့ မြင့်တက်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ၌ ကြက်သွန်နီ ၁ ကီလိုဂရမ်၏ ပျမ်းမျှလက်လီ ဈေးနှုန်းမှာ ၂၅.၅၅ ရူပီးသာရှိခဲ့သည်။ သို့သော် ဥတာပရာဒေ့ရှ်ပြည်နယ်နှင့် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်တို့ရှိ အချို့နေရာများ၌ လွန်ခဲ့သည့်လကတည်းကစ၍ ကြက်သွန်နီ ၁ ကီလိုဂရမ်ပေါ်တွင် ၈ ရူပီးမှ ၁၀ ရူပီးအထိ ဈေးနှုန်းပိုမိုလာခဲ့ကြောင်း စားသုံးသူရေးရာဝန်ကြီးဌာနမှ အရာရှိများက ပြောဆိုခဲ့ကြသည်။

 အဆိုပါ ပြည်နယ်များ၌ ဈေးနှုန်းများကြီးမြင့်ရသည့် ဒေသတွင်းအကြောင်းအရင်းများ ရှိနေ နိုင်ပြီး အဝယ်ဒိုင်ဈေးနှုန်းများ မြင့်တက်လျက်ရှိသဖြင့် ပွဲတော်ရာသီ မစတင်မီအချိန်အတွင်း ဈေးနှုန်းများကို ထိန်းကျောင်းနိုင်ရန် အရန်သိုလှောင်မှုများမှ ကြက်သွန်နီများ ရောင်းချပေးမည် ဖြစ်ကြောင်းဖြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ်တွင် အစိုးရသည် ကြက်သွန်နီတန်ချိန် ၃ သိန်းကို ဝယ်ယူသိုလှောင်ခဲ့ရာ နိုင်ငံပိုင် ကော်ပိုရေးရှင်းများဖြစ်သော NAFED နှင့် NCCF တို့သည် ဇွန်လနှင့် ဇူလိုင်လအတွင်း မဟာရဋ္ဌနှင့် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်တို့မှ တန်ချိန် ၁ သိန်းခွဲစီ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ သိုလှောင်မှုအလျော့ နည်းပါးစေရေးအတွက် ကြက်သွန်နီ တန်ချိန် ၁၀၀၀ ကို ဓာတ်ရောင်ခြည်ပေး၍ လေထုထိန်းချုပ် သိုလှောင်ခြင်းအား Bhabha Atomic Research Centre နှင့် ပူးပေါင်းလျက် ကနဦး စမ်းသပ် ဆောင်ရွက်ခဲ့ကြောင်း၊ ဗဟိုအစိုးရအနေဖြင့် စျေးနှုန်းတည်ငြိမ်ရေးရန်ပုံငွေမှ စရိတ်ကျခံလျက် အရန်ကြက်သွန်နီများကို ဝယ်ယူထားရှိခြင်းဖြစ်ကြောင်း၊ ၂၀၂၀-၂၁ ခုနှစ်၌ တန်ချိန် ၁ သိန်းသာ သိုလှောင်ခဲ့သော်လည်း ၄ နှစ်တာအတွင်း ၃ ဆတိုးမြှင့်လျက် ၂၀၂၃-၂၄ ခုနှစ်တွင် တန်ချိန် ၃ သိန်း အထိ ဝယ်ယူခဲ့ကြောင်း သိရသည်။

အစိုးရ၏ သတင်းအချက်အလက်များအရ မဟာရဋ္ဌပြည်နယ်ရှိ လာဆာဂွန် ဈေးကွက်တွင် ကြက်သွန်နီ၏ စံပြဈေးနှုန်းမှာ ဩဂုတ်လ ၁ ရက်နေ့၌ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၁၃၇၀ ရှိရာမှ သြဂုတ် ၁၁ ရက်နေ့တွင် ရူပီး ၂၂၀၀ အထိ မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ လယ် ယာထွက်ကုန် စျေးကွက်ရှာဖွေရေးကော်မတီ (APMC) အဝယ်ဒိုင်များသို့ ကြက်သွန်နီ ကုန်စည် ဝင်ရောက်မှုမှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်မှ သြဂုတ် ၇ ရက်အတွင်း တန်ချိန် ၂၂.၃၃ သိန်း  စံချိန်တင် ဝင်ရောက်ခဲ့ကြောင်း၊ ယခင်နှစ်ကာလတူ၌ တန်ချိန် ၁၈.၂၅ သိန်းသာ အဝင်ရှိခဲ့ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။

Source: The Hindu Business Line, 11 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)