Main menu

တရုတ်နိုင်ငံ၌ ကောက်စောစပါး အထွက်နှုန်း မြင့်တက်

Powered by Drupal

တရုတ်နိုင်ငံ၌ ပြည်နယ်နှင့် ဒေသကြီး ၁၀ ခုတွင် နမူနာကောက်ယူ လေ့လာဆန်းစစ်ချက် ရလဒ်များအရ ၂၀၂၃ ခုနှစ်အတွင်း ကောက်စောစပါး (early-season rice) စိုက်ပျိုးမှုမှာ ဧရိယာလျော့ကျခဲ့သော်လည်း အထွက်နှုန်းတိုးတက်မှု ရရှိခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို အဖွဲ့ (NBS) က ဩဂုတ်လ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ NBS ၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ကောက်စောစပါး စိုက်ပျိုးမှုမှာ ဟက်တာ ပေါင်း ၄.၇၃၃ သန်းရှိပြီး ယခင်နှစ်ကထက် ဟက်တာ ၂၁၉၀၀၀ သို့မဟုတ် ၀.၅% လျော့နည်းခဲ့ကြောင်း၊ သို့ရာတွင် စပါးအထွက်နှုန်းမှာ ၁ ဟက်တာလျှင် ၅၉၈၇ ကီလိုဂရမ်ရှိပြီး ၂၀၂၂ ခုနှစ် အထွက်နှုန်းနှင့် နှိုင်းယှဉ်ပါက ၁ ဟက်တာလျှင် ၇၂.၇ ကီလိုဂရမ်ပိုမိုလျက် တိုးတက်မှု ၁.၂% ရရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ ယခုနှစ်တွင် ကောက်စောစပါး စုစုပေါင်းတန်ချိန် ၂၈.၃၃၇ သန်း ထွက်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ၎င်းပမာဏသည် ယခင်နှစ် ထွက်ရှိမှုထက် ၂၁၅၀၀၀ တန်ပိုမိုခြင်း သို့မဟုတ် ၀.၈% တိုးတက်မှုရရှိခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတွင် ဒေသန္တရအစိုးရများသည် တောင်သူလယ်သမားများသို့ အမျိုးသားအဆင့် ဆန်စပါးစိုက်ပျိုးမှု အထောက်အပံ့များ၊ ကောက်ပဲသီးနှံ စိုက်ပျိုးသည့် တောင်သူများအတွက် တစ်ကြိမ်သာပေးအပ်သည့် ပံ့ပိုးငွေများနှင့် ဝင်ငွေနည်းပါးသည့် တောင်သူများအတွက် အခြေခံထောက်ပံ့မှု အစီအမံများကို ချမှတ်ဆောင်ရွက်လျက်ရှိရာ ကောက်စောစပါး စိုက်ပျိုးမှုဧရိယာမှာ ကြီးမားစွာ တည်ငြိမ်မှုရှိကြောင်း၊ သို့သော် ယခင်နှစ်၌ တရုတ်နိုင်ငံတောင်ပိုင်းတွင် ဆောင်းဦးရာသီနှင့် ဆောင်းရာသီအတွင်း ကာလရှည်ခြောက်သွေ့မှု ဖြစ်ပေါပြီး ကောက်စောစပါး အချိန်မီ စိုက်ပျိုးနိုင်ရေးအပေါ် သက်ရောက်မှုရှိခဲ့ရာ ယခုနှစ်စိုက်ပျိုးမှုမှာ ဧရိယာအနည်းငယ်မျှ လျော့နည်းခဲ့ရကြောင်း၊ ယခုနှစ်တွင် အဓိကစိုက်ပျိုးသည့်ဒေသများ၌ သဘာဝဘေ းအန္တရာယ် သက်ရောက်မှု နည်းပါးပြီး စိုက်ပျိုးမှုကို အထောက်အပံ့ဖြစ်စေမည့် ကောင်းမွန်သော ရာသီဥတုဖြစ်ပေါ်ခဲ့ခြင်းက အထွက်နှုန်း တိုးတက်မှုကို ရရှိစေခဲ့ကြောင်းဖြင့် Ecns.cn တရုတ်သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

Source: Ecns.cn, 23 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)