အိန္ဒိယနိုင်ငံတွင် မိုးရွာသွန်းမှု ပြတ်တောက်ခဲ့ခြင်းက ကြံစိုက်ပျိုးထွက်ရှိမှုကို လျော့ကျစေခဲ့သဖြင့် အောက်တိုဘာလ၌ စတင်မည့်ရာသီကာလအတွင်း ကြံကြိတ်စက်များမှ သကြားတင်ပို့မှုကို ၇ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တားမြစ်ပိတ်ပင်သွားနိုင်ဖွယ်ရှိကြောင်း အစိုးရဌာန သတင်းအရင်းအမြစ် ၃ ခုမှ ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့သကြား ဈေးကွက်တွင် ပါဝင်မှုမရှိခြင်းသည် နှစ်ပေါင်းများစွာ အမြင့်ဈေးနှုန်းဖြင့် ကုန်သွယ်နေကြသော နယူးယောက်နှင့် လန်ဒန်ဈေးကွက်များရှိ သကြားစံပြဈေးနှုန်းများကို ထပ်မံမြင့်တက်စေဖွယ်ရှိသဖြင့် ကမ္ဘာ့ အစားအစာဈေးကွက်တွင် ဈေးနှုန်းများဖောင်းပွမှုဖြစ်ပေါ်မည်ကို စိုးရိမ်လျက်ရှိကြပါသည်။
အိန္ဒိယနိုင်ငံသည် ပြည်တွင်းသကြားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် ပိုလျှံသောကြံ များမှ အီသနောထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လာမည့်ရာသီတွင် ပို့ကုန်ကိုတာဝေစုများ ခွဲဝေသတ်မှတ်နိုင်ရန် သကြားလုံလောက်မှုမရှိကြောင်း သိရှိရပါသည်။ အိန္ဒိယအစိုးရသည် လက်ရှိရာသီကာလအတွင်း စက်တင်ဘာလ ၃ဝ ရက်နေ့အထိ သကြားတန်ချိန် ၆.၁ သန်းတင်ပို့ရန်ခွင့်ပြုထားခဲ့ပြီး ယခင်နှစ် ရောင်းဝယ်ရေးရာသီကာလတွင် သကြားတန်ချိန် ၁၁.၁ သန်းကို စံချိန်တင်ရောင်းချနိုင်ခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံသည် ၂ဝ၁၆ ခုနှစ်၌ ပြည်ပသို့ သကြားရောင်းချမှုကို ထိန်းချုပ်နိုင်ရန် သကြားတင်ပို့မှုအပေါ် အခွန် ၂ဝ% ကောက်ခံ ခဲ့ပါသည်။
အိန္ဒိယမိုးလေဝသဌာန၏ ကိန်းဂဏန်းများအရ ပြည်တွင်းသကြားထုတ်လုပ်မှု စုစုပေါင်း၏ တစ်ဝက်ကျော်ကို စိုက်ပျိုးထုတ်လုပ်သောဒေသများဖြစ်သည့် မဟာရဋ္ဌပြည်နယ်အနောက်ပိုင်း နှင့် ကာနာတာကာပြည်နယ်တောင်ပိုင်းဒေသများတွင် ၂ဝ၂၃ ခုနှစ်အတွင်း ပျှမ်းမျှအားဖြင့် ၅ဝ% အောက်သာ ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ မိုးရွာသွန်းမှု ပုံမှန်သဏ္ဌာန် မမှန်ခြင်းကြောင့် သကြားထွက်ရှိမှုမှာ ၂ဝ၂၃-၂၄ ရာသီကာလတွင် လျော့နည်းနိုင်သကဲ့သို့ ၂ဝ၂၄-၂၅ ရာသီကာလတွင်လည်း စိုက်ပျိုးမှုကို လျော့ကျစေနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။
ယခုသီတင်းပတ်တွင် ပြည်တွင်းဈေးကွက်၌ သကြားဈေးနှုန်းများမှာ ၂ နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သဖြင့် သကြားစက်များအနေဖြင့် ဩဂုတ်လအတွင်း သကြားတန်ချိန် ၂ သိန်းကို ပိုမိုရောင်းချရန် အစိုးရကခွင့်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံတွင် အစားအစာ ဈေးနှုန်းဖောင်းပွမှုမှာ စိုးရိမ်ဖွယ်ဖြစ်လျက်ရှိကြောင်း၊ လတ်တလောကာလ၌ သကြားဈေးနှုန်းများ မြင့်တက်နေမှုကြောင့် သကြားတင်ပို့မှုကို ရပ်တန့်ဖွယ်ရှိကြောင်း၊ ဇူလိုင်လအတွင်း လက်လီဈေးနှုန်းဖောင်းပွမှုမှာ ၇.၄၄% ရှိပြီး ၁၅ လအတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ စားသောက်ကုန် ဈေးနှုန်း ဖောင်းပွမှုမှာ ၁၁.၅% ရှိပြီး ၃ နှစ်အတွင်း အမြင့်မားဆုံးဖြစ်ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် ၂ဝ၂၃-၂၄ ရာသီကာလ၌ ၃.၃% လျော့ကျလျက် တန်ချိန် ၃၁.၇ သန်းခန့် ရှိမည်ဖြစ်သည်။ မွန်ဘိုင်းအခြေစိုက် ကုန်သည်တစ်ဦးက ထိုင်းနိုင်ငံတွင် သကြားအထွက်နှုန်းနိမ့်ကျမှုကြောင့် တင်ပို့မှုလျော့နည်းနိုင်မည်ဟု ခန့်မှန်းထားပြီး သကြားအဓိက စိုက်ပျိုးထုတ်လုပ်သည့် ဘရာဇီးနိုင်ငံ တစ်နိုင်ငံတည်းအနေဖြင့် ဈေးကွက်၌ ဖြစ်ပေါ်လာမည့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
Source: Economic Times, 23 August 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)