Main menu

မြန်မာနှင့် ကမ္ဘောဒီးယားတို့မှ ဆန်တင်သွင်းရန် အင်ဒိုနီးရှား Bulog အဖွဲ့က စီစဉ်လျက်ရှိ

Powered by Drupal

အယ်လ်နီညိုရာသီဥတုကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ဆန်ထွက်ရှိမှုကို အဟန့်အတားဖြစ်လာစေနိုင်သည့်အတွက် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံပိုင်စားနပ်ရိက္ခာဝယ်ယူရေးကုမ္ပဏီ Bulog သည် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ဆန်တင်သွင်းသွားမည်ဖြစ်ပါသည်။ Bulog သည် ၂ဝ၂၃ ခုနှစ်အတွင်း ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့မှ ဆန်တန်ချိန် ၁.၆ သန်း တင်သွင်း ခဲ့ပြီး ပြည်တွင်းစားသုံးရန်အတွက် ဆန်တန်ချိန် ၇၈၆,၆၉၇ တန် ဝယ်ယူပြီးဖြစ်ကြောင်း သိရှိရပါသည်။ ယခုအခါ အယ်လ်နီညို၏ ဆိုးရွားသောအကျိုးသက်ရောက်မှုကြောင့် ကုမ္ပဏီအနေဖြင့် အရေးပေါ်အစီအစဉ်အရ ကမ္ဘောဒီးယားနှင့်မြန်မာနိုင်ငံတို့မှ ဆန်တင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားသည် ခြောက်သွေ့သောရာသီဥတုပုံစံကြောင့် အချို့သောကျွန်းစုနေရာများတွင် မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ၂၀၂၂ ခုနှစ်မှ လက်ကျန်ဆန်တန်ချိန် ခွဲတမ်း ၃ဝဝ,ဝဝဝ တန်နှင့်အတူ ၂၀၂၃ ခုနှစ်အတွက် ဆန်တန်ချိန် ၂ သန်း ကိုတင်သွင်းရန် ခွဲတမ်းအဖြစ် ထုတ်ပြန်ခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းသည် ပြည်တွင်းစားသုံးမှုလိုအပ်ချက်များ ပြည့်မီစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

Bulog သည် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ ဆန်တင်သွင်းသည့် စာချုပ်များကို အပြီး သတ်ချုပ်ဆိုခြင်း မပြုလုပ်ရသေးသော်လည်း မကြာမီအချိန်ကာလတွင် ချုပ်ဆိုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအရ အင်ဒိုနီးရှား နိုင်ငံ၏ နှစ်စဉ်ဆန်ထွက်ရှိမှုသည် တန်ချိန် ၃၁.၅၆ သန်းရှိပြီး စားသုံးမှုမှာ တန်ချိန် ၃၀.၈၄ သန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဆန်တင်သွင်းမှုတိုးမြင့်လာရခြင်းသည် ဈေးနှုန်းအပေါ် ကျရောက်နေသည့် ဖိအားအချို့လျော့ပါးစေရန် မျှော်လင့်ကြောင်းနှင့် လက်ရှိကာလတွင် အင်ဒိုနီးရှားနိုင်ငံရှိ အလယ်အလတ်တန်းဆန် တစ်ကီလိုလျှင် ပျမ်းမျှ ၁၃, ၆ဝဝ ရူပီး (ဒေါ်လာ ဝ.၈၈၇၁) ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၄.၇၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဆန်ဈေးနှုန်းများ မြင့်တက်လာရ ခြင်း၏ အဓိကအကြောင်းရင်းမှာ လက်ရှိဖြစ်ပေါ်နေသော အယ်လ်နီညိုဖြစ်စဉ်အတွင်း စပါးအထွက်နှုန်း ကျဆင်းလာသဖြင့် ဆန်ထုတ်လုပ်မှုများ လျော့နည်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားဆန်စက်များအသင်း၏ဥက္ကဋ္ဌဖြစ်သူ Nellys Soekidi က စပါးအထွက်နှုန်း လျော့နည်းကျဆင်းမှုကြောင့် ၂ဝ၂၃ ခုနှစ် ဇူလိုင်လတွင် ဒေသခံတောင်သူများမှ နိုင်ငံ၏အဓိက အချက်အချာကျသောဆန်ဈေးကွက်သို့ နေ့စဉ်ပျှမ်းမျှဆန်ရောင်းချမှုမှာ ၂ဝ ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်းနှင့် ယင်းကဲ့သို့ ဆန်ထုတ်လုပ်မှုလျော့နည်းကျဆင်းမှုကြောင့် စပါးခွံမပါသော ဆန်များအတွက် ဈေးကွက်တွင် ယှဉ်ပြိုင်မှုများ များပြားလာစေခဲ့ပြီး ဈေးကွက်မတည်ငြိမ်မှုများ ကို ဖြစ်ပေါ်စေခဲ့ပါသည်။

ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သည့်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှုအပေါ် တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် နိုင်ငံတကာဆန်ဈေးနှုန်းများမှာ သိသာစွာ အတက်အကျများပြားလာမှုနှင့်အတူ ကမ္ဘာ့ဆန်ရောင်းလိုအားအပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြပါသည်။ ထိုကဲ့သို့ တားမြစ်ပိတ်ပင်မှုများကြောင့် ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့သူများသည် ဆန်ရောင်းချရန်အတွက် မသေချာမရေရာမှုများဖြစ်ပေါ်နေသဖြင့် ဆန်တန်ချိန် ၅ဝဝ,ဝဝဝ ကို မြင့်မားသော ဈေးနှုန်းများဖြင့် ပြန်လည်ညှိနှိုင်းဆွေးနွေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြပါသည်။ ကမ္ဘာ့နိုင်ငံများသည် နိုင်ငံတကာဆန်ရောင်းလိုအားကို စောင့်ကြည့်လျက်ရှိကြပြီး အင်ဒိုနီးရှားနိုင်ငံသည် အစားအသောက်ဖူလုံမှုအတွက် ရာသီဥတုနှင့်ဆက်နွယ်သည့် စိန်ခေါ်မှုများ လျော့နည်းသက်သာစေရန် ကြိုတင်စီမံဆောင်ရွက်လျက်ရှိပါသည်။

Source: Khmer Times, 22 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)