တရုတ်နိုင်ငံ၌ နိုင်ငံတော်ကောင်စီသည် ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပသော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးသို့ အမျိုးသား စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အစီရင်ခံစာကို ပြန်လည်သုံးသပ်ရန်အတွက် တင်ပြခဲ့ပါသည်။
အဆိုပါ အစီရင်ခံစာတွင် အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအတွက် လုပ်ငန်းတာဝန် ၈ ရပ် ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၄င်းတို့မှာ စားနပ်ရိက္ခာဖူလုံရေး အာမခံသည့်စနစ်ကို ခိုင်မာစေရန် ဆောင်ရွက်ခြင်း၊ သီးနှံသိုလှောင်ရုံ တည်ဆောက်မှုလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ သီးနှံသိုလှောင်သည့်နည်းပညာကို တိုးတက်စေရန် ဆောင်ရွက်ခြင်း၊ လယ်ယာလုပ်ငန်းအကာအကွယ်ပေးမည့် ထောက်ပံ့မှုများဆောင်ရွက်ခြင်း၊ စားနပ်ရိက္ခာစည်းမျဉ်းများကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်း၊ ခေတ်မီ စားသောက်ကုန်လုပ်ငန်းများနှင့် ဖြန့်ဖြူးမှုစနစ်များ တည်ဆောက်ခြင်း၊ စားသောက်ကုန်ရောင်းချမှုကွင်းဆက်ကို စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်စေခြင်းနှင့် စားသောက်ကုန်ထိန်းသိမ်းရေးနှင့် လျှော့ချရေးလုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အစီရင်ခံစာတွင် လတ်တလောနှစ်ကာလများ၌ တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံ ထုတ်လုပ်မှုမှာ ပုံမှန်ဖွံ့ဖြိုး တိုးတက်လာပြီး ဈေးကွက်အတွင်း လုံလောက်စွာရောင်းချနိုင်ကာ လုပ်ငန်းများကို တည်ငြိမ်စွာ ဆောင်ရွက်နိုင်ကြောင်း၊ အဓိကကျသောစိန်ခေါ်မှုများနှင့် စွန့်စားမှု အန္တရာယ်များကို ကာကွယ်တားဆီးနိုင်သည့်စွမ်းရည်မှာလည်း အဆက်မပြတ်တိုးတက်လာပြီး စားနပ်ရိက္ခာဖူလုံမှု အဆင့်အတန်းမှာ သိသာစွာတိုးတက်လာပါကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသည် ၈ နှစ်ဆက်တိုက် ကောက်ပဲသီးနှံ ၁.၃ ထရီလီယံကီလိုဂရမ်ကျော်ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၂ဝ၂၂ ခုနှစ်တွင် ကောက်ပဲသီးနှံစိုက်ပျိုးမှုသည် ဧရိယာ ၁ မူ (ဝ.၁၆၅ ဧက) လျှင် ၃၈၆.၈ ကီလိုဂရမ်နှုန်းဖြင့် အထွက်ပမာဏ ၁.၃၇၃၁ ထရီလီယံကီလိုဂရမ် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ လွန်ခဲ့သော ၅ နှစ်နှင့် နှိုင်းယှဉ်ပါက သီးနှံကီလိုဂရမ်ပေါင်း ၄၉.၈ ဘီလီယံနှင့် အထွက်နှုန်း ၁ မူလျှင် ၁၃ ကီလိုဂရမ်တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံတွင် လူတစ်ဦးကျ သီးနှံ စားသုံးနိုင်မှု ၄၈၆.၁ ကီလိုဂရမ်ရှိသဖြင့် နိုင်ငံတကာအသိအမှတ်ပြု စံနှုန်းဖြစ်သော စားနပ်ရိက္ခာ ဖူလုံမှု အဆင့်သတ်မှတ်ချက် ၄ဝဝ ကီလိုဂရမ်ထက် ပိုမိုမြင့်မားနေကြောင်း သိရှိရပါသည်။
Source: Outlook New Era, 29 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)