အိန္ဒိယနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်း (Solvent Extractors' Association of India -SEA)သည် ထိုင်းနိုင်ငံ၏ စားအုန်းဆီကြိတ်ခွဲစက်ရုံများအသင်း (Thai Palm Oil Crushing Mills Association)နှင့် နားလည်မှုစာချွန်လွှာ (MOU)ကို လာမည့်လတွင် လက်မှတ်ရေးထိုးသွားမည်ဖြစ် ကြောင်း၊ အဆိုပါ ပူးပေါင်းမှုမှတစ်ဆင့် အိန္ဒိယမှ စားအုန်းဆီကြမ်း (CPO) တင်သွင်းသူများ၊ သန့်စင်ထုတ်လုပ်သူများနှင့် ထိုင်းနိုင်ငံ၏ CPO ထုတ်လုပ်သူများ၊ တင်ပို့သူများအကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းသော ကုန်သွယ်မှုအခွင့်အလမ်းများကို တိုးမြှင့်ရန်ရည်ရွယ်ကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။
SEA ၏ အမှုဆောင်ဒါရိုက်တာ BV Mehta ၏ ပြောကြားမှုအရ SEA ၏ ဥက္ကဋ္ဌဖြစ်သူ Ajay Jhunjhunwala ဦးဆောင်သော စားအုန်းဆီတင်သွင်းသူများနှင့် သန့်စင်ရေးလုပ်ငန်းရှင်များပါဝင် သော ကိုယ်စားလှယ်(၁၉)ဦးအဖွဲ့သည် ထိုင်းနိုင်ငံ၏ အဓိက ဆီအုန်းစိုက်ပျိုးရာ ဒေသဖြစ်သည့် Surat Thani မြို့ ၌ ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ လေ့လာရေးခရီး ရောက်ရှိခဲ့ကြောင်း၊ Surat Thani မြို့ရှိ ထင်ရှားသော ထိုင်းနိုင်ငံ၏ ဆီအုန်းကြိတ်ခွဲသူများ၊ သန့်စင်သူများနှင့် တင်ပို့ ရောင်းချသူများနှင့် အကျိုးအမြတ်ရရှိစေမည့် B2B အစည်းအဝေးများကို အဆက်မပြတ် ဆောင် ရွက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ထုတ်လုပ်သူများနှင့် တင်ပို့သူများ၏ လုပ်ငန်းစွမ်းရည်များကို ပိုမိုနား လည်သဘောပေါက်စေခဲ့ကြောင်း၊ အဆိုပါခရီးစဉ်တွင် အိန္ဒိယသို့ စားအုန်းဆီကြမ်း တင်သွင်းမှုအတွက် ထောက်ပံ့ပို့ဆောင်လျက်ရှိသည့် ခရာဘီမြို့ဆိပ်ကမ်းသို့ သွားရောက်လေ့လာခဲ့ခြင်းသည် အသိအမြင်ပိုမိုကျယ်ပြန်လာခဲ့ကြောင်းဖြင့် ဖော်ပြထားသည်။
ထို့အပြင် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံရေးရေးရာ ၀န်ကြီးချုပ်ရုံး၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Tamasak Wicharaya၊ စားအုန်းဆီမူဝါဒချမှတ်ခြင်းဆိုင်ရာ ကော်မတီအဖွဲ့ဝင် Burin Sukphisal၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး Supatra Sawaengsri အပါအဝင် ထိုင်းအစိုးရ၏ အဆင့်မြှင့်အရာရှိကြီးများနှင့် စားအုန်းဆီဆိုင်ရာကိစ္စရပ်များကို အလေးနက်ထားဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါ အပြန်အလှန်ဆွေးနွေးဖလှယ်မှုများတွင် ထိုင်းအစိုးရ၏ ဆီအုန်းအပေါ် ရေရှည်ဖွံ့ ဖြိုးတိုးတက်ခြင်းဆိုင်ရာ မူဝါဒများကိုလည်းကောင်း၊ အိန္ဒိယသို့ စားအုန်းဆီကြမ်း တိုးမြှင့်တင်ပို့ ခြင်းမှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုကို တိုးချဲ့နိုင်မည့် အလားအလာများကို လည်းကောင်း၊ အဓိက ထားဆွေးနွေးခဲ့ကြောင်း၊ SEA အနေဖြင့် ၎င်း၏ တွဲဖက် Solidaridad အဖွဲ့နှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံ၏ ဒေသတွင်းအခြေအနေများနှင့် အံဝင်ခွင်ကျဖြစ်စေမည့် ရေရှည်တည်တံ့သော စားအုန်းဆီ ဆိုင်ရာ မူဘောင်တစ်ခုကို ထူထောင်ရာတွင် ထိုင်းစားအုန်းဆီကြိတ်ခွဲခြင်းဆိုင်ရာလုပ်ငန်းအဖွဲ့ကို အကူအညီပေးရန် ကမ်းလှမ်းခဲ့သည့် အဆိုပြုချက်အပေါ် ထိုင်းနိုင်ငံအနေဖြင့် အပြုသဘောဆောင်လျက် ကြိုဆိုခဲ့ကြောင်းဖြင့် Mehta က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ ဆီအုန်းလုပ်ငန်းများအကြား ခိုင်မာသောဆက်ဆံရေးကောင်း ရှိခြင်း၏ သက်သေအနေဖြင့် အဆိုပါ နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်နေ့တွင် မွန်ဘိုင်းမြို့၌ ကျင်းပမည့် SEA ၏ နှစ် ၆၀ ပြည့် အခမ်းအနားတွင် ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါအခမ်းအနားသို့ ထိုင်းစားအုန်းဆီ လုပ်ငန်း နယ်ပယ်မှ ထင်ရှားသောကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း Mehta က ဆက်လက် ပြောကြားခဲ့သည်။
အိန္ဒိယအနေဖြင့် နှစ်စဉ် ဟင်းသီးဟင်းရွက်ဆီ မက်ထရစ်တန်ချိန်ပေါင်း ၁၄ သန်း တင်သွင်း မှုတွင် စားအုန်းဆီထုတ်ကုန်များ၏ ဝေစုမှာ များပြားစွာ ပါဝင်ကြောင်း၊ ၎င်းပမာဏအနက် မက် ထရစ်တန်ချိန် ၈ မှ ၈.၅ သန်းခန့်ကို အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း၊ ထိုင်းနိုင်ငံသည် နှစ်စဉ် စားအုန်းဆီကြမ်းထွက်ရှိမှုဖြင့် မက်ထရစ်တန်ချိန် ၃.၂ - ၃.၅ သန်းခန့် ရှိ၍ အိန္ဒိယသို့ မက်ထရစ်တန်ချိန် ၁ သန်းခန့်တင်သွင်းခြင်းဖြင့် အိန္ဒိယဆီအုန်းဈေးကွက်တွင် အဓိက ကျသော ဆီအုန်းတင်သွင်းသူအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ အိန္ဒိယ၏ တင်သွင်းမှုစုစုပေါင်းတွင် ထိုင်းနိုင်ငံမှ တင်သွင်းမှုမှာ ၁၅ ရာခိုင်နှုန်းရှိကြောင်းဖြင့် သိရသည်။
Source: The Hindu Business Line, 28 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)