အောက်တိုဘာလ ၃၁ ရက်တွင် ကုန်ဆုံးမည့် ၂၀၂၂- ၂၀၂၃ ရောင်းဝယ်ရေးရာသီကာလအတွင်း စားသုံးမှုပြန်လည်အားကောင်းလာပြီး ဈေးနှုန်းများ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာ ခြင်းတို့ကြောင့် အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှုသည် ၂၆ ရာခိုင်နှုန်း အထိ စံချိန်တင်မြင့်တက်နိုင်ကြောင်းနှင့် စားအုန်းဆီကို သန့်စင်ချက်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူမှုများ တိုးတက်လာနိုင်ကြောင်း ထိပ်တန်း စားအုန်းဆီဝယ်ယူသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ပြောကြားခဲ့ပါသည်။
ကမ္ဘာ့အကြီးဆုံး စားအုန်းဆီတင်သွင်းသည့် အိန္ဒိယနိုင်ငံအနေဖြင့် ဝယ်ယူမှုမြင့်မားလာ မည်ဆိုပါက ထိပ်တန်းစားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် စားအုန်းဆီ ကုန်လက်ကျန်များကို လျော့နည်းစေမည်ဖြစ်ပါသည်။
စားအုန်းဆီသန့်စင်ချက်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် မကြာမီကျင်းပပြုလုပ်မည့်ပွဲတော်များအတွက် ဝယ်ယူမှုကို တိုးမြှင့်လျက်ရှိကြောင်း၊ လာမည့်နှစ်လအတွင်းတွင် မက်ထရစ်တန်ချိန် ၁.၈ သန်းခန့် တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ တင်သွင်းမည်ဆိုပါက ၂၀၂၂-၂၀၂၃ ရောင်းဝယ်ရေးရာသီအတွက် စုစုပေါင်းတင်သွင်းမှုမှာ တန်ချိန် ၁၀ သန်းရှိမည်ဖြစ်သဖြင့် ၂၀၁၄-၂၀၁၅ တွင် အမြင့်ဆုံးတင်သွင်းခဲ့မှု တန်ချိန် ၉.၅ သန်းကို ကျော်လွန်သွားမည်ဖြစ်ကြောင်း Patanjali Foods Ltd. ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Sanjeev Asthana က ပြောကြားခဲ့ပါသည်။
၂၀၂၂-၂၀၂၃ ခုနှစ်၏ ပထမ ၁၀ လ တွင် အိန္ဒိယသည် စားသုံးဆီတန်ချိန် ၁၄ သန်း တင်သွင်းခဲ့ရာ ပဲပုပ်ဆီ တန်ချိန် ၃.၂သန်းနှင့် နေကြာဆီ တန်ချိန် ၂.၅သန်း၊ စားအုန်းဆီတန်ချိန် ၈.၂ သန်း တင်သွင်းခဲ့ကြောင်း ကုန်သည်များက ခန့်မှန်းထားပါသည်။ Sanjeev Asthana ၏ ပြောကြားမှုအရ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့မှုကြောင့်လည်းကောင်း ၂၀၂၂ ခုနှစ်တွင် ဈေးနှုန်းများ အဆမတန်ကြီးမြင့်ခဲ့ခြင်းကြောင့်လည်းကောင်း၊ အဆိုပါ ၃နှစ်တာကာလအတွင်း နိုင်ငံ၏ စားသုံးဆီစားသုံးမှုများမှာ ကျဆင်းခဲ့ကြောင်း၊ ယခုနှစ်တွင်မူ စားသုံးမှုအနေဖြင့် ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအတွင်း တိုးတက်နိုင်ချေရှိသည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံသည် စားသုံးဆီလိုအပ်ချက် သုံးပုံနှစ်ပုံကျော်ကျော်ကို ပြည်ပမှ တင်သွင်းခြင်းဖြင့် ဖြည့်တင်းလျက်ရှိကြောင်း၊ စားသုံးမှု ပြန်လည်တိုးတက်လာမှုကြောင့် ယခုနှစ်တွင် နေကြာဆီ တင်သွင်းမှုမှာ စားသုံးဆီ စုစုပေါင်းတင်သွင်းမှု တန်ချိန် ၁၆.၅ သန်းအနက် ၁၈ ရာခိုင်နှုန်းပါဝင်မည် ဖြစ်ကြောင်း၊ ပဲပုပ်ဆီထက် ဈေးနှုန်းချိုသာသဖြင့် ၂ဝ၂၂ ခုနှစ်တင်သွင်းမှုထက် ၄၄ ရာခိုင်နှုန်းကျော် လွန်ပြီး တန်ချိန် ၂.၈ သန်းသို့ ရောက်ရှိနိုင်ကြောင်း၊ ပဲပုပ်ဆီတင်သွင်းမှုမှာ ၂ဝ၂၃ ခုနှစ်တွင် တန်ချိန် ၃.၇ သန်းတင်သွင်းနိုင်မည်ဖြစ်၍ ၂၀၂၂ ခုနှစ်တွင် စံချိန်တင် တင်သွင်းနိုင်ခဲ့သော တန်ချိန် ၄.၁ သန်း ထက် ၁၁ ရာခိုင်နှုန်း လျော့နည်းသွားနိုင်ကြောင်း စားသုံးဆီကုန်သည်နှင့် ပွဲစားလုပ်ငန်းဆောင်ရွက်သည့် GGN Research ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Rajesh Patel က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံအနေဖြင့် စားအုန်ဆီကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အဓိက ဝယ်ယူတင်သွင်းနေပြီး ပဲပုပ်ဆီနှင့် နေကြာဆီတို့ကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်း နိုင်ငံတို့မှ ဝယ်ယူတင်သွင်းလျက်ရှိပါသည်။
Source: Reuters, 06 Sep 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)