အိန္ဒိယနိုင်ငံ၌ ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် စတင်အကျိုးသက်ရောက်ခဲ့သော ပြည်ပတင်ပို့မည့် ပေါင်းဆန်ကွန်တိန်နာ ၁ဝဝလုံးအပေါ် ပို့ကုန်ခွန်ကောက်ခံခဲ့ခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံအစိုးရ သည် ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်၍ ပေါင်းဆန်တင်ပို့မှုအပေါ် ပို့ကုန်ခွန် ၂ဝ ရာခိုင်နှုန်းကောက်ခံခဲ့ပါသည်။ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အခွန်ဦးစီးဌာနက ဩဂုတ်လ ၂၅ ရက်နေ့ ည (၁ဝး၄၉) မတိုင်မီ Chennai မြို့ရှိ ဆိပ်ကမ်း သို့မဟုတ် ကွန်တိန်နာကုန်တင်ကုန်ချစခန်းသို့ ဝင်ရောက်သည့်ကုန်စည်များအပေါ် ပို့ကုန်ခွန်များသည် အကျိုးသက်ရောက်မှုမရှိကြောင်း ရှင်းလင်းပြောကြားခဲ့သော်လည်း အဆိုပါပို့ကုန်ခွန်ကောက်ခံခြင်းအပေါ် အငြင်း ပွားမှုများမှာ ဆက်လက် ဖြစ်ပေါ်လျက်ရှိပါသည်။
တရားဝင်ထုတ်ပြန် ကြေညာချက်အရ ပို့ကုန်ခွန်ကောက်ခံခြင်းသည် ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း၊ ပို့ကုန်တင်ပို့မည့် ပေါင်းဆန်များသည် ငွေပေးချေမှုအကြောင်းကြားစာ (letter of credits - LCs) များနှင့်တကွ အကောက်ခွန်စခန်းသို့ ဩဂုတ်လ ၂၅ ရက်နေ့ ဖော်ပြပါကာလအတွင်း ရောက်ရှိပြီး အဆိုပါ LCs များအား ဩဂုတ်လ ၂၅ ရက်နေ့မတိုင်မီ ဖွင့်လှစ်ထားကြောင်း အထောက်အထားများပါရှိပါက တင်ပို့ခွန်ကောက်ခံ သွားမည်မဟုတ်ကြောင်း သိရှိရပါသည်။
စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောအမိန့်ကြော်ငြာစာအရ ပေါင်းဆန်များသည် ဆိပ်ကမ်းများသို့ ဩဂုတ်လ ၂၅ ရက်နေ့နောက်ဆုံးထား၍ ရောက်ရှိရမည်သာမက “တင်ပို့ ခွင့်ပြုသည်” ဟူသောအမိန့်များပါရှိမှသာ ဖြတ်ကျော် သယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ ပို့ကုန်ခွန် ပေးဆောင်ရမည့် အကောက်ခွန်ရှင်းလင်းမည့်ကုန်စည်များအတွက် သင်္ဘောပို့ခများကို ပြင်ဆင် သတ်မှတ်သွားရမည်ဖြစ်ကြောင်းနှင့် ပို့ကုန်တင်ပို့သူများကို အောက်တိုဘာလ ၁၅ ရက်နေ့အထိ LCs များ ရှိပါက အခွန်ကင်းလွတ်ခွင့်ပေးအပ်ထားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံအစိုးရသည် Chennai မြို့တွင် ပြည်တွင်းဈေးကွက်တွင် ဆန်ရောင်းချမှုပေါများ စေရန်နှင့် ဆန်တင်ပို့မှုကို ထိန်းချုပ်နိုင်ရန် ဇူလိုင်လ ၂ဝ ရက်နေ့တွင် ဆန်ဖြူတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် ဆန်ပို့ကုန်အပေါ် ပို့ကုန်ခွန် ၂ဝ ရာခိုင်နှုန်းကောက်ခံခဲ့ပါသည်။ ၂ဝ၂၂ ခုနှစ်စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံသည် ဆန်ကွဲတင်ပို့မှုအပေါ် တားမြစ်ပိတ်ပင်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံအစိုးရသည် ပေါင်းဆန်တင်ပို့ခွန်အပေါ် ၂ဝ ရာခိုင်နှုန်းကောက်ခံခဲ့ပြီးနောက်ပိုင်း မကြာမီကာလအတွင်း ဘာစမာတီးဆန်တင်ပို့မှုအပေါ် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းတစ်တန်လျှင် ဒေါ်လာ ၁,၂ဝဝ သတ်မှတ်ကောက်ခံခဲ့ပါသည်။
စားနပ်ရိက္ခာနှင့်လယ်ယာစိုက်ပျိုးရေးအဖွဲ့အစည်းက အိန္ဒိယနိုင်ငံ၏ဆန်တင်ပို့မှုမှာ ၄ နှစ်တာကာလအတွင်း လျော့နည်းကျဆင်းနိုင်ကြောင်းနှင့် အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုအပေါ် ထိန်း ချုပ်လိုက်ခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်း များမှာ ၁၅ နှစ်တာကာလအတွင်း မြင့်တက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
Source: The Hindu Business Line, September 11, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)