Languages

Main menu

စားအုန်းဆီဈေးသည် လာမည့် ၄ လမှ ၆ လအတွင်း မြင့်တက်လာနိုင်

Powered by Drupal

စားအုန်းဆီကြမ်း (CPO) စျေးနှုန်းများသည် လာမည့် ၄ လမှ ၆ လအတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀ အထိ မြင့်တက်လာဖွယ်ရှိကြောင်း ISTA Mielke GmbH (Oil World) ၏ အမှုဆောင်ဒါရိုက်တာ Thomas Mielke က ပြောကြားခဲ့သည်။

Mielke ၏ ပြောကြားမှုအရ ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်မှုကို ထိခိုက်စေပြီး စားအုန်းဆီ ဝယ်လိုအားကို မြင့်တက်လာစေနိုင်သည့် အကြောင်းအရင်းများဖြစ်သော အိန္ဒိယ၏ ကောက်ပဲသီးနှံထုတ်လုပ်မှု၊ ပင်လယ်နက် (Black Sea) တင်ပို့မှုနှင့် တောင်အမေရိက၏ ရာသီဥတုအခြေအနေများနှင့်စပ်လျဉ်းသော ဖြစ်စဉ်များ စုပုံပေါင်းစည်းလာမှုကြောင့် CPO ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်းဖြင့် သိရသည်။

အယ်လ်နီညိုဖြစ်စဉ်၏ ခြိမ်းခြောက်မှုသည် အရှေ့တောင်အာရှတွင် စားအုန်းဆီအပင်များကို ခြောက်သွေ့စေနိုင်ကြောင်း၊ အကယ်၍ အယ်လ်နီညိုသည် ပြင်းထန်လာပါက စားအုန်းဆီ ထုတ်လုပ်မှု ခန့်မှန်းချက်မှာ လျော့နည်းနိုင်ချေရှိသဖြင့် ပိုမို၍ ဈေးကြီးမြင့်စေလိမ့်မည်ဖြစ်ကြောင်း၊  သို့သော် ဈေးနှုန်းခန့်မှန်းချက်ကို ရှုပ်ထွေးစေမည့် မသေချာမရေရာမှုများ များစွာရှိကြောင်း၊ ယခုအခါ တစ်တန်လျှင် ဒေါ်လာ ၈၆၀ ခန့်ဖြင့် ဈေးချထားကြောင်း၊ စားအုန်းဆီထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်မှစ၍ နှစ်စဉ်ကျဆင်းလျက်ရှိပြီး ပျမ်းမျှအထွက်နှုန်းမှာ ကြောက်ခမန်းလိလိ ကျဆင်းသွားကြောင်းဖြင့် UOB Kay Hian နှင့်  မလေးရှားဘာဆာကုန်စည်ဒိုင် (Bursa Malaysia Derivatives) တို့၏ ပူးတွဲကျင်းပသည့်အစည်းအဝေး၌ Mielke က ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် သက်တမ်း ၁၉ နှစ်နှင့် အထက်ရှိသော  ဆီအုန်းပင်မှာ ၃၀ ရာခိုင်နှုန်းခန့်ရှိရာ ၎င်းတို့ကို ပြန်လည်စိုက်ပျိုးပြုပြင်မှု မပြုလုပ်တော့ခြင်း၊ အပင်သစ် စိုက်ပျိုးမှုများ နှေးကွေးလာခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါး ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာပြဿနာများ ကဲ့သို့သော စိန်ခေါ်မှုများကြောင့် ထုတ်လုပ်မှုများ ကျဆင်းလာခြင်းဖြစ်သည်။

စားအုန်းဆီ ထုတ်လုပ်မှုကိုကြည့်လျှင် နှစ်စဉ် ပျမ်းမျှတိုးတက်မှုနှုန်းမှာ ၂၀၃၀ ခုနှစ်အထိ ၁၀ နှစ်အတွင်း တန်ချိန်မှာ၁.၈ သန်းသာ သို့မဟုတ် ၎င်းအောက်လျော့နည်းသွားနိုင်ဖွယ်ရှိကြောင်း၊ ၂၀၂၀ ခုနှစ်အထိ လွန်ခဲ့သော ၁၀ နှစ်အတွင်း နှစ်စဉ် ပျမ်းမျှတန်ချိန်မှာ ၂.၉ သန်းဖြင့် ထုတ်လုပ်နိုင်မှုကို နှိုင်းယှဉ်ပါက တန်ချိန် ၁.၁ သန်း လျော့နည်းဆုံးရှုံးသွားနိုင်ကြောင်း သိရသည်။

ထုတ်လုပ်မှုတိုးတက်နှုန်းမှာနှေးကွေးသွားသော်လည်း စားအုန်းဆီသည် ကမ္ဘာ့ဆီဈေးကွက်ကို ထုတ်လုပ်မှုဝေစု ၃၂ ရာခိုင်နှုန်းဖြင့် လွှမ်းမိုးထားဆဲဖြစ်ကြောင်း၊ စားအုန်းဆီလုပ်ငန်းနယ်ပယ်မှ ၆ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နေသော်လည်း ကမ္ဘာ့ပို့ကုန် တွင် ၅၃ ရာခိုင်နှုန်းအထိ ပါဝင်လျက်ရှိ ကြောင်း  Mielke က ဆက်လက်ပြောကြားခဲ့သည်။

Source: The Edge Malaysia, Sep 12, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)