အိန္ဒိယနိုင်ငံ၌ ၂၀၂၃ ခုနှစ် မိုးသီးနှံရာသီတွင် ၈-၉-၂၀၂၃ နေ့အထိ စပါးစိုက်ပျိုးပြီးစီးမှု ဧရိယာသည် ဟက်တာ ၄၀၃.၄၁ သိန်းရှိပြီး ယခင်နှစ် ကာလတူစိုက်ပျိုးမှုထက် ဟက်တာ ၁၀.၆၀ သိန်း ပိုမိုတိုးချဲ့ စိုက်ပျိုးထားနိုင်ကြောင်း၊ သို့ရာတွင် ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၁၁၉.၉၁ သိန်းရှိပြီး ယခင်နှစ် ကာလတူစိုက်ပျိုးမှု ဧရိယာဟက်တာ ၁၃၁.၁၇ သိန်းနှင့် နှိုင်းယှဉ်ပါက ၉% လျော့နည်းလျက်ရှိကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရပါသည်။
ယခုနှစ်မိုးသီးနှံရာသီတွင် ၈-၉-၂၀၂၃ နေ့အထိ ပဲစင်းငုံ စိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၄၂.၉၂ သိန်းရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ၆% လျော့ကျမှုရှိကြောင်း၊ မတ်ပဲစိုက်ပျိုးမှုမှာလည်း ဟက်တာ ၃၁.၈၉ သိန်းသာ စိုက်ပျိုးပြီးစီးသဖြင့် ယခင်နှစ် ကာလတူအောက် ဟက်တာ ၁၄% လျော့ကျလျက်ကြောင်း၊ ပဲတီစိမ်းမှာ ဧရိယာဟက်တာ ၃၁.၁၁ သိန်း စိုက်ပျိုးပြီးစီးခဲ့ရာ ယခင်နှစ်ကာလတူအောက် ၈% လျော့နည်းလျက်ရှိကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးမှုမှာ ဟက်တာ ၁၉၁.၄၉ သိန်း ရှိပြီး ယခင်နှစ် စိုက်ပျိုးနိုင်မှုအောက် ၁% လျော့နည်းမှုရှိကြောင်း၊ အခြားနှံစား သီးနှံများအား ဟက်တာ ၁၈၂.၂၁ သိန်း စိုက်ပျိုးထားနိုင်ပြီး ယခင်နှစ်ကာလတူထက် ဟက်တာ ၀.၉၇ သန်း ပိုမိုမှုရှိကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံတစ်ဝန်း၌ ဩဂုတ်လတွင် မိုးရေချိန်ရရှိမှုမှာ ၃၆ ရာခိုင်နှုန်း လျော့နည်းခဲ့သော်လည်း စက်တင်ဘာလ ၁ ရက်မှ ၁၁ ရက်နေ့အထိ မိုးရွာသွန်းမှုသည် ပုံမှန်အောက် ၅ ရာခိုင်နှုန်းမျှသာ လျော့ကျခဲ့ကြောင်း၊ ၎င်းကာလအတွင်း ရာဂျပ်စတန် ပြည်နယ်မှအပ ကျန်ပြည်နယ်အများ အပြားတွင် မိုးရွာသွန်းမှု သင့်တင့်ကောင်းမွန်ခဲ့ကြောင်း၊ သို့ဖြစ်ရာ နောက်ကျပြီး စိုက်ပျိုးခဲ့သော သီးနှံများမှာ အခြေအနေကောင်းမွန်မှုရှိသည်ဟု အိန္ဒိယစိုက်ပျိုးရေးဌာန အရာရှိတစ်ဦးက ပြောဆိုကြောင်းဖြင့် Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
Source: The Hindu Business Line, 11 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)