အိန္ဒိယနိုင်ငံ၌ ဂျုံဈေးနှုန်းများ မြင့်တက်လာသဖြင့် ကုန်သည်များ၊ လက်ကားရောင်းချသူ များနှင့် အကြီးစားလက်လီရောင်းချသူများ၏ လက်ဝယ်တွင် သိုလှောင်ထားရှိနိုင်မည့် ဂျုံပမာဏ ကန့်သတ်ချက်အား တန်ချိန် ၃၀၀၀ မှ တန်ချိန် ၂၀၀၀ သို့ လျှော့ချရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် အဆိုပါ ဆုံးဖြတ်ချက်ကို ချက်ချင်းလိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်းဖြင့် အိန္ဒိယစားနပ်ရိက္ခာအတွင်းဝန် Sanjeev Chopra က ၁၄-၉-၂၀၂၃ ရက်၊ ကြာသပတေးနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ဇွန်လအစောပိုင်းတွင် ကုန်သည်လုပ်ငန်းရှင်များ၏ ဂျုံသိုလှောင်မှုအပေါ် ၂၀၂၄ ခုနှစ်၊ မတ်လအထိ တိုင်အောင် တန်ချိန် ၃၀၀၀ အထိသာ ထားရှိနိုင်ကြောင်း အိန္ဒိယအစိုးရက ကန့်သတ်ထားခဲ့သည်။ စားနပ်ရိက္ခာကုန်စည်များ ရောင်းဝယ်သည့် NCDEX စတော့ဈေးကွက်တွင် လွန်ခဲ့သောတစ်လအတွင်း ဂျုံဈေးနှုန်းသည် ၄ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်လျက် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၂၅၅၀ နှုန်းသို့ ရောက်ရှိခဲ့ရာ အစိုးရအနေဖြင့် သိုလှောင်မှုကန့်သတ်ချက်ကို တန်ချိန် ၂၀၀၀ အထိ လျှော့ချလျက် ဈေးကွက်အတွင်း ကုန်စည်ရရှိရန် လွယ်ကူရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေး လုပ်ဆောင်ခဲ့ကြောင်းဖြင့် သိရသည်။
နိုင်ငံအတွင်း ဂျုံအလုံအလောက်ရရှိနိုင်သော်လည်း ဂျုံရှားပါးကြောင်း မဟုတ်မမှန်ဖန်တီးကြိုးစားနေသည့် အရိပ်အယောင်တချို့ရှိနေကြောင်း အတွင်းဝန် Chopra က သတင်းထောက်များသို့ ပြောကြားခဲ့သည်။
Source: Economic Times, 14 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)