Languages

Main menu

အိန္ဒိယဈေးကွက်၌ ပဲမျိုးစုံ ရောင်းလိုအားနည်းပါးမှု ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိ

Powered by Drupal

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံအား လွယ်လင့်တကူဝယ်ယူရရှိစေရေး အစိုးရ၏ စီမံဆောင်ရွက်မှု များသည် ဈေးနှုန်းမြင့်တက်မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်သော်လည်း ရောင်းလိုအားနည်းပါးမှုမှာ နိုဝင်ဘာလ၌ကျရောက်မည့် ဒီပါဝလီပွဲတော် ကာလတိုင်အောင် ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိကြောင်း သိရှိရပါသည်။

အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) က မိုးသီးနှံစိုက်ပျိုးထွက်ရှိနိုင်မည့် အခြေ အနေ ခန့်မှန်းချက်ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ၃၀-၉-၂၀၂၃ နေ့၌ ပြုလုပ်ခဲ့ရာတွင် အိန္ဒိယနိုင်ငံ အနေဖြင့် ဒီပါဝလီပွဲတော် ပထမပတ်အထိ ပဲမျိုးစုံ ရောင်းလိုအား ပြတ်လပ်မှုနှင့် ကြုံတွေ့ရဖွယ်ရှိ ကြောင်း၊ ရှေ့လာမည့် ဒီဇင်ဘာ-ဇန်နဝါရီ လများ၌ ရိတ်သိမ်းထွက်ရှိမှုမှ သီးနှံအသစ်များ ဈေးကွက်သို့ ဝင်ရောက်ချိန်အထိ ပဲစင်းငုံရောင်းလိုအား ပြတ်လပ်မှုမှာ တန်ချိန် ၁ သန်းခန့်ရှိနိုင်ကြောင်း၊ မိုးပဲတီစိမ်းထွက်ရှိမှုမှာ ၁၂ ရာခိုင်နှုန်းခန့် လျော့ကျဖွယ်ရှိပြီး စက်တင်ဘာလအတွင်း မိုးရွာသွန်းမှု များကြောင့် ရိတ်သိမ်းထွက်ရှိလာသည့် မတ်ပဲများသည်လည်း အရည်အသွေးပိုင်း ထိခိုက်ပျက်စီးမှု များရှိကြောင်း ကျွမ်းကျင်သူများက ပြောဆိုခဲ့ကြပါသည်။

ရောင်းလိုအားအပိုင်း၌ ကျပ်တည်းမှုများ ဖြစ်ပေါ်နေသော်လည်း အစိုးရ၏ ဈေးနှုန်းထိန်း ချုပ်မှုအစီအမံများအရ ပဲမျိုးစုံဈေးနှုန်းများသည် ရက်သတ္တနှစ်ပတ်အတွင်း အကျဘက်သို့ ဦးတည်နေခဲ့သည်။ စက်တင်ဘာလ ၂၅ ရက်နေ့တွင် လက်ကားကုန်သည်များ၏ လက်ဝယ်၌ သိုလှောင်ထားရှိနိုင်မည့် ပဲစင်းငုံနှင့် မတ်ပဲ ပမာဏကန့်သတ်ချက်ကို ၇၅ ရာခိုင်နှုန်း လျော့ချကြောင်း အိန္ဒိယအစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့အပြီးတွင် ပဲလက်ကားဈေးနှုန်းများမှာ ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ သို့ရာတွင် Reliance Retail ကဲ့သို့သော ကွန်ရက်ဖြန့်ကျက်၍ လက်လီရောင်းချသည့် လုပ်ငန်းများအတွက်မှာမူ ၎င်းတို့၏ ကုန်လက်ကျန်ထားရှိမှုကို စီမံခန့်ခွဲရန်အတွက် ခက်ခဲမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။

အိန္ဒိယ IPGA ပဲကုန်သည်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Bimal Kothari က ပဲမျိုးစုံ ဈေးနှုန်းများ သည် တည်ငြိမ်လျက်ရှိနေခဲ့ရာ ကုန်သည်များလက်ဝယ်၌ သိုလှောင်ထားရှိနိုင်သည့် ပဲမျိုးစုံပမာဏ ကန့်သတ်ချက်ကို ထပ်မံလျော့ချမှုအား လုပ်ဆောင်ရန် လိုအပ်ခြင်းမရှိကြောင်း ပြောဆိုပါသည်။

စားသောက်ကုန် လက်လီဖြန့်ဖြူးရောင်းချသည့် Reliance Retail မှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Dilip Mohanty က ၎င်းတို့အနေဖြင့် အိန္ဒိယနိုင်ငံတစ်ဝန်း၌ လက်လီစတိုးဆိုင်ပေါင်း ၄၀၀၀ ကို ဖွင့်လှစ်ထားရှိရာ နေ့စဉ် ပဲမျိုးစုံရောင်းချပေးရန် လိုအပ်ချက်သည် သိုလှောင်ရုံအဆင့် တွင် အများဆုံး တန်ချိန် ၅၀ သာထားရှိရန် လျော့ချသတ်မှတ်မှုထက် များစွာမြင့်မားကြောင်း၊ သို့ဖြစ်၍ အစိုးရထံ တင်ပြလျှောက်ထားမှုကို လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြား ခဲ့သည်။

လက်ကားကုန်သည်များအနေဖြင့် တူညီသော ပဲအမျိုးအစားတစ်ခု တည်းအတွက်ကိုပင် ကွဲပြားခြားနားသည့် အရည်အသွေး ၃ - ၄ မျိုးကို ဝယ်ယူရန် လိုအပ်ကြောင်း၊ ကုန်တင်ယာဉ် အများစုသည် ကုန်ချိန် ၂၅ တန်မှ တန် ၃၀ အတွင်း လက်ခံသယ်ဆောင်လေ့ရှိရာ လက်ကားကုန်သည် လက်ဝယ်၌ ပဲတန်ချိန် အများဆုံး တန် ၅၀ သာ ထားရှိရန် သတ်မှတ်ချက်မှာ အဆင်ပြေမှုမရှိပဲ လက်ရှိကာလတွင် အရောင်းအဝယ် ဖြစ်မြောက်မှုမရှိကြောင်းဖြင့် အစိုးရ၏ကန့်သတ်ချက်အရ ပဲမျိုးစုံ ပြုပြင်ထုတ်လုပ်သည့်ဒေသများမှ ပြည်နယ်အချို့သို့ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်ကို မဟာရဋ္ဌပြည်နယ် Latur ဒေသမှ ပဲမျိုးစုံ ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းရှင် Nitin Kalantry က ပြောဆိုခဲ့ပါသည်။

Source: Economic Times, 30 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)