Languages

Main menu

ထိုင်းအစိုးရက အယ်လ်နီညို အကဲဖြတ်စောင့်ကြည့်ရေးစင်တာကို တည်ထောင်ရန်စီစဉ်လျက်ရှိ

Powered by Drupal

ထိုင်းအစိုးရသည် အယ်လ်နီညိုရာသီဖြစ်စဉ်၏ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် နေ့စဉ် စောင့်ကြည့်ရေးစင်တာတစ်ခုကို တည်ထောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Bangkok Post တွင် ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ သောကြာနေ့တွင် ကျင်းပခဲ့သည့် အယ်လ်နီညို ရာသီဖြစ်စဉ် စောင့်ကြည့်ရေးတာဝန်ပေးသည့်ကော်မတီ အစည်းအဝေးအပြီး ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai ၏ ပြောကြားမှုအရ   မိုးခေါင်ရေရှား အကျပ်အတည်းကို အရေးပေါ် ဖြေရှင်းရန်အတွက် ဆောင်ရွက်ဆဲဖြစ်သည့် ကြီးမားသောရင်းနှီးမြှုပ်နှံမှုစီမံကိန်းများမှာ အချိန်တို ကာလအတွင်း ရလဒ်မတွေ့ရှိရသေးသောကြောင့် အစိုးရအနေဖြင့် အဆိုပါစီမံကိန်းများ၏ ရန်ပုံငွေ များကို ပြန်လည်ခွဲဝေချထားရေးအတွက် ထည့်သွင်းစဉ်းစားနေကြောင်းဖြင့် သိရပါသည်။

အယ်လ်နီညိုနှင့် လာနီညာ ရာသီဥတုဖြစ်စဉ်များသည် သုံးနှစ်ကာလတိုင်တိုင် ဆက်လက် ဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားရာ လူဦးရေနှင့် စက်မှုကဏ္ဍအားလုံးအပေါ် ပြင်းထန်စွာ သက် ရောက်မှုဖြစ်ပေါ်စေနိုင်ကြောင်း၊ အစည်းအဝေး၌ မိုးလေဝသဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်သော နေ့စဉ် အယ်လ်နီညို အခြေအနေ အကဲဖြတ်စောင့်ကြည့်ရေး လုပ်ငန်းအဖွဲ့ တစ်ခု ကို ဖွဲ့စည်းရန်နှင့်  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီအဖြစ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့အပြင် သက်ရောက်မှုများကို လျော့ပါး စေရေးအတွက် အရေးပေါ်အစီအစဉ်များကို ရေးဆွဲလျက် အများပြည်သူအသိပေးနိုင်အောင် ဘေးအန္တရာယ်သတိပေးစနစ်ကို တည်ထောင်ရန် စီစဉ်လျက်ရှိကြောင်းဖြင့်  Mr Phumtham က ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် သက်ရောက်မှုခံရသည့်ဒေသများနှင့် ကဏ္ဍများကို ကူညီထောက်ပံ့နိုင်ရေး အတွက် ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ဖန်တီးလိုကြောင်း၊ မိုးလေဝသဦးစီးဌာနသည် အခြေအနေများကို နေ့စဉ်စောင့်ကြည့်လျက် အများပြည်သူများအား သဘာဝဘေးအန္တရာယ်သတိ ပေးချက်များကို အချိန်နှင့်တစ်ပြေးညီ အသိပေး ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း၊ မိုးခေါင် ရေရှားမှု၏ သက်ရောက်မှုများ လျော့နည်းစေရေးအစီအစဉ်များအတွက် ဘတ်ဂျက်များကို ခွဲဝေ သတ်မှတ်ရေးနှင့်စပ်လျဉ်း၍ ရေအရင်းအမြစ်ငယ်များနှင့် ရေရရှိနိုင်သည့်နေရာများ တည်ဆောက် ခြင်းကဲ့သို့ ရလဒ်များ မတွေ့ရှိရသေးသော စီမံကိန်းကြီးများကို ဆိုင်းငံ့ထားနိုင်ကြောင်းဖြင့် Mr Phumtham က ပြောကြားခဲ့ပါသည်။

ဆပ်ကော်မတီလေးခုကိုစီစဉ်ထားရှိရာ ပထမဆပ်ကော်မတီသည် မိုးလေဝသဖြစ်စဉ်များ ကို စောင့်ကြည့်အကဲဖြတ်မည့် ဘာသာရပ်ဆိုင်ရာ ကော်မတီတစ်ခုဖြစ်ပြီး ဒုတိယဆပ်ကော်မတီ သည် ဘေးအန္တရာယ်လျော့ပါး သက်သာစေရေး အစီအမံများနှင့်အတူ အယ်လ်နီညိုနှင့် လာနီညာ တို့၏ ရေတို၊ ကာလလတ်နှင့်ရေရှည်အကျိုးသက်ရောက်မှုများကို အကဲဖြတ်မည်ဖြစ်ပါသည်။ ထို့ အပြင် တတိယဆပ်ကော်မတီသည် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားအသိပေးရေးဆပ်ကော်မတီ ဖြစ်ပြီး ရာသီဥတုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များ ဖြန့်ဝေနိုင်ရေးအတွက် ထိ ရောက်သောနည်းပညာနှင့် ဆက်သွယ်ရေးစနစ်များ အသုံးပြုမည့် တာဝန်ရှိမည်ဖြစ်ပါသည်။

စတုတ္ထဆပ်ကော်မတီမှာ ဒေသအသီးသီးသို့ ကွင်းဆင်းလျက် အမှန်တကယ်သက်ရောက်မှု များကို စုံစမ်းစစ်ဆေးမည့် ဆပ်ကော်မတီဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ ပါးစေရေးဦးစီးဌာန၊ ဒေသအာဏာပိုင်များဖြင့် ပူးပေါင်းလျက် အများပြည်သူ၏ ပစ္စည်းဥစ္စာများနှင့် စီးပွားရေးကို အကာအကွယ်ပေးနိုင်ရေးအတွက် အရေးပေါ်အစီအမံများ အဆိုပြုပေးရန် တာဝန် ရှိပါကြောင်း Mr Phumtham က ပြောကြားခဲ့ပါသည်။

Source: Bangkok Post, 30 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)