Main menu

ထိုင်းနိုင်ငံသည် သကြားဈေးနှုန်းများအပေါ် ထိန်းကျောင်းဆောင်ရွက်

Powered by Drupal

   ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Phumtham Wechayachai ဦးဆောင်သော ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းများဆိုင်ရာ ဗဟိုကော်မတီသည် စားသုံးသူများအပေါ် အကျိုးသက်ရောက်မှုကို လျော့နည်းစေရန်အတွက် သကြားစျေးနှုန်းများအား ထိန်းကျောင်းသွားမည်ဟု ၂၀၂၃ခုနှစ် အောက်တိုဘာလ ၃၀ရက်၊  တနင်္လာနေ့တွင် သဘောတူညီခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။

   ကော်မတီအနေဖြင့် သကြားတင်ပို့မှုအပေါ် တင်းကျပ်လျက် စက်ရုံထွက် မူလရောင်းဈေး များအတိုင်း သကြားဖြူ (Granulated Sugar)  အား တစ်ကီလိုဂရမ်လျှင် ၁၉ ဘတ်နှင့် သန့်စင်ပြီး သကြား (Refined Sugar) အား တစ်ကီလိုဂရမ်လျှင် ၂၀ ဘတ်စသည့် စျေးနှုန်းများဖြင့် သတ်မှတ်မည့် အစီအမံများကို ထုတ်ပြန်နိုင်ရေး သဘောတူညီခဲ့သည်။ ပြည်ပသို့ သကြားတစ်တန်နှင့် အထက် တင်ပို့သူများသည် ဝန်ကြီးဌာနထံမှ ကြိုတင်ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ အဆိုပါ အစီအမံများကို အင်္ဂါနေ့တွင် ကျင်းပမည့် အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူ သွားမည်ဖြစ်ကြောင်း Mr Phumtham က ပြောကြားခဲ့ပါသည်။

   သကြားထုတ်လုပ်သူလုပ်ငန်းရှင်များထံမှ မိုးခေါင်မှုကြောင့် ကြံဈေးနှုန်းများ မြင့်တက် လာသဖြင့် ထုတ်လုပ်မှုစရိတ် ပိုမိုမြင့်မားလာခြင်းဖြစ်ကြောင်း ပြောကြားမှုကို ကိုးကားလျက် အောက်တိုဘာ ၂၈ ရက်နေ့မှ စတင်၍ စက်ရုံ၏ မူလသကြားဈေးနှုန်းအပေါ် တစ်ကီလိုဂရမ်လျှင် ၄ ဘတ်နှုန်းမြှင့်တင်မည်ဟု ကြံနှင့်သကြားဘုတ်အဖွဲ့က ၂၇-၁၀-၂၀၂၃ ရက်၊ သောကြာနေ့တွင် ကြေညာခဲ့ပြီးနောက် ကော်မတီအနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

   လက်ရှိ စက်ရုံပေါက်ဈေးအရ သကြားဖြူမှာ တစ်ကီလိုဂရမ်လျှင် ၁၉ ဘတ်၊ သန့်စင်ပြီး သကြားမှာ တစ်ကီလိုဂရမ်လျှင် ၂၀ ဘတ် ဖြစ်ကြောင်း၊ လက်လီဈေးနှုန်းများအရ သကြားဖြူမှာ တစ်ကီလို ဂရမ်လျှင် ၂၄ ဘတ်၊ သန့်စင်ပြီးသကြားမှာ တစ်ကီလိုဂရမ်လျှင် ၂၅ ဘတ်ဖြင့် သတ်မှတ်ထားကြောင်း သိရပါသည်။ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားခြင်းအတွက် ၂ ဘတ်နှုန်းနှင့် ဘုတ်အဖွဲ့၏ ရန်ပုံငွေအတွက် ၂ ဘတ်နှုန်းဖြင့် သကြား ၁ ကီလိုဂရမ်အပေါ် စုစုပေါင်း ၄ ဘတ်နှုန်း တိုးမြှင့်ခြင်းက လက်လီရောင်းစျေးနှုန်းများ ပိုမိုမြင့်တက်လာစေရန် တွန်းအားဖြစ်စေခဲ့သည်။

  ကြံနှင့် သကြားဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရ စက်ရုံပေါက်ဈေးနှုန်းထက် မြင့်တက်ပြီး သကြားဖြူမှာ တစ်ကီလိုလျှင် ၂၃ ဘတ်အထိ၊ သန့်စင်ပြီးသကြားဖြူမှာ တစ်ကီလိုလျှင် ၂၄ ဘတ်အထိ တိုးလာခြင်းဖြစ်ကြောင်း၊ လက်လီဈေးနှုန်းများမှာလည်း သကြားဖြူမှာ တစ်ကီလိုဂရမ်လျှင် ၂၈ ဘတ်၊ သန့်စင်ပြီးသကြားမှာ တစ်ကီလိုဂရမ်လျှင် ၂၄ ဘတ်ဖြင့် လိုက်ပါမြင့်တက်လာကြောင်း သိရသည်။

  သကြားဈေးနှုန်း မြှင့်တက်သဖြင့် သကြား ပါဝင်အသုံးပြုထားသည့် ထုတ်ကုန်များအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း၊ အထူးသဖြင့် သောက်သုံးဖွယ်ရာများဖြစ်သည့် အချိုရည်များ၊ သစ်သီး ဖျော်ရည်များ၊ အားဖြည့်အချိုရည်များနှင့် နို့ထွက်ထုတ်ကုန်များအပြင် မုန့်မျိုးစုံနှင့် ဖုတ်ထားသော ကုန်ပစ္စည်းများ စသည့်ထုတ်ကုန်များအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ကြောင်းဖြင့် သိရသည်။

 ထိုင်းနိုင်ငံ ကြံစိုက်ပျိုးသူများအသင်း၏ အစီရင်ခံစာအရ အဓိကကြံစိုက်ပျိုးသည့်ဒေသများတွင် ရေပြတ်လပ်မှုရှိနိုင်၍ ၂၀၂၃ - ၂၀၂၄ ရာသီအတွက် ကြံအထွက်ပမာဏမှာ တန်ချိန် ၈၀ သန်းအထိ ကျဆင်းနိုင်ကြောင်း၊ ယခင်ရာသီတွင် တန်ချိန် ၉၄ သန်းရှိမည်ဟု ခန့်မှန်းခဲ့သဖြင့် ယခုနှစ်၌ ၁၀% ခန့် ကျဆင်းသွားကြောင်း၊ ထိုင်းနိုင်ငံ၏ နှစ်စဉ်ပြည်တွင်း သကြားသုံးစွဲမှုမှာ တန်ချိန် ၂.၅ သန်းခန့် ရှိပြီး ယခုနှစ်အတွင်း သကြားတန်ချိန် ၈ သန်းခန့် ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း၊ သကြားတင်ပို့မှုသည် ယခုနှစ်တွင် တန်ချိန် ၈ သန်းရှိသော်လည်း ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၆ သန်းသို့ လျော့ကျသွားဖွယ်ရှိကြောင်း သိရပါသည်။

Source: Bangkok Post, 31 Oct 2023