Main menu

ပို့ကုန်ဈေးနှုန်းကို လျှော့ချအပြီး အိန္ဒိယဘာစမာတီဆန်အပေါ် တူရကီ၏ဝယ်လိုအားမြင့်တက်

Powered by Drupal

    အိန္ဒိယနိုင်ငံ၌ ဘာစမာတီဆန်တင်ပို့မှုအပေါ် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ၁ တန်လျှင် ဒေါ်လာ ၁၂၀၀ သတ်မှတ်ထားရာမှ အောက်တိုဘာလ စတုတ္ထပတ်၌ ဒေါ်လာ ၉၅၀ နှုန်းသို့ အစိုးရက ပြန်လည်လျှော့ချပေးခဲ့အပြီး တူရကီနိုင်ငံမှ ဝယ်လက်အများအပြား၏ ဝယ်လိုအားမှာ မြင့်တက်လာခဲ့ရာ ပို့ကုန်ဈေးကွက်အတွင်း ဘာစမာတီဆန် ၁ တန်လျှင် ဒေါ်လာ ၉၇၅ မှ ၁၀၀၀ အကြားသို့ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

    ဟာရီယာနာပြည်နယ်၊ ပန်ဂျပ်ပြည်နယ်နှင့် ဥတ္တာပရာ‌ဒေ့ရှ်ပြည်နယ် အနောက်ပိုင်းဒေသ တို့ရှိ လယ်သမားများအနေဖြင့် အမှတ် ၁၅၀၉ အမျိုးအစား ဘာစမာတီစပါးများ ရောင်းချရာတွင် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၃၉၀၀ ရရှိနေကြောင်း၊ ကမ္ဘာ့ဈေးကွက်၌ ဘာစမာတီ ဆန် ဝယ်လိုအား များပြားလာခြင်းက ရက်သတ္တတစ်ပတ်အတွင်း ၁ ကွင်တယ်လျှင် ရူပီး ၇၀၀ ခန့် ပိုမိုလာခြင်းဖြစ်ကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

   အိန္ဒိယ ဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း၌ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင် Vijay Setia က ၁ တန်လျှင် ဒေါ်လာ ၁၂၀၀ အောက် ဈေးနှုန်းရှိသောဆန်များ အား လက်ရှိကာလတွင် တင်ပို့လျက်ရှိရာ စာချုပ်အဟောင်းများကို ဆက်လက်ဆောင်ရွက်မှုမရှိကြောင်း၊ အိန္ဒိယသို့ လာရောက်သည့် တူရကီကုန်သည်များစွာထံမှ အမှာစာအသစ်များကို လက်ခံ ရရှိနေပြီး ဘာစမာဆီဆန် အရောင်းအဝယ်ပမာဏသည်လည်း များပြားလာကြောင်း ပြောကြားခဲ့သည်။

    ဘာစမာတီမဟုတ်သောဆန်များအား အရည်အသွေးမြင့် ဘာစမာတီဆန်အဖြစ် အတန်း အစားပြောင်းလွှဲပြီး တရားမဝင်တင်ပို့ခြင်းကို တားဆီးရန်အတွက် အိန္ဒိယအစိုးရသည် ဩဂုတ်လ ၂၇ ရက်နေ့တွင် ဘာစမာတီဆန်အပေါ် အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်း ၁ တန်လျှင် ဒေါ်လာ ၁၂၀၀ နှုန်း သတ်မှတ်ခဲ့သည်။ ထို့အပြင် ဘာစမာတီဆန် ၁ တန်လျှင် ဒေါ်လာ ၁၂၀၀ အောက်ဈေးနှုန်းဖြင့် တင်ပို့ရန်ချုပ်ဆိုသော အရောင်းအဝယ်စာချုပ်များအား မှတ်ပုံတင်ဆောင်ရွက်ခြင်းမပြုရန် အိန္ဒိယ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန် ပြည်ပတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင် အဖွဲ့ (APEDA) သို့ ညွှန်ကြားထားခဲ့သည်။ အဆိုပါ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း သတ်မှတ်ချက်ကို လျော့ချပေးရန် အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်းက အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီးမှသာ ၁ တန်လျှင် ဒေါ်လာ ၉၅၀ နှုန်းသို့ လျော့ချရန် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal က အောက်တိုဘာလ နောက်ဆုံးရက်သတ္တပတ်၌ သဘောတူညီခဲ့ခြင်းဖြစ်သည်။

   အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကို လျှော့ချခဲ့ပြီးနောက် ပြည်ပပို့ကုန်ဈေးကွက်၌ ဘာစမာတီဆန် ဝယ်လိုအား များပြားလာသဖြင့် ပြည်တွင်းဈေးကွက်၌ လွန်ခဲ့သော ၅ ရက်အတွင်း ဘာစမာတီဆန် ဈေးနှုန်းသည် ၉% မြင့်တက်ခဲ့ကြောင်း၊ ပို့ကုန်စာချုပ်များအရ တင်ပို့မှုစတင်ချိန်၌ ထပ်မံမြင့်တက် မှုရှိနိုင်ကြောင်း၊ ရှေ့လာမည့် ၁ လတာအတွင်း ဘာစမာတီဆန်ဈေးနှုန်းသည် ၁၀% အထိ ပိုမိုမြင့် တက်မည်ဟု ခန့်မှန်းရကြောင်းဖြင့် ဆန်တင်ပို့မှုလုပ်ကိုင်သည့် RiceVilla ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် Suraj Agarwal က ပြောကြားခဲ့သည်။

   အိန္ဒိယနိုင်ငံ၌ ဘာစမာတီစပါးစိုက်ပျိုးမှု ဧရိယာစုစုပေါင်း ဟက်တာ ၁.၇ သန်းခန့်ရှိရာတွင် ၄၀% ခန့်သည် အမှတ် ၁၅၀၉ စပါးအမျိုးအစားကို စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ၂၀၂၂-၂၃ ခုနှစ်တွင် တန်ဖိုးအားဖြင့် ရူပီးငွေ ၃၈၅၂၄.၁၁ ကုဋေရှိသော ဘာစမာတီဆန် တန်ချိန် ၄.၅ သန်းကို ပြည်ပသို့ တင်ပို့ခဲ့ကြောင်း၊ ပင်လယ်ကွေ့ဒေသနိုင်ငံများသည် အဓိကဝယ်လက်များဖြစ်ပြီး ဘာစမာတီဆန် တင်ပို့မှု စုစုပေါင်း၏ ၈၀% ခန့်ကို တင်ပို့လျက်ရှိကြောင်း Economic Times သတင်းဌာနက ဖော်ပြထားသည်။